နိုင်စံဝင်း
မေ (၃၁ )ရက်နေ့တွင် ကိုတင်ရီနှင့်တွေ့ရန် ကျိုက်ထိုမြို့သို့ ဦးတင်ဖေကြီး(သမဝါယမ)နှင့်
အတူ လော်ကယ်ရထားဖြင့်လိုက်သွားရ၏။ ကိုတင်ရီကို ၎င်း၏ရုံးမှာပင်တွေ့ရ၏။ မြို့ဟောင်း
အတွေ့အကြုံများဆွေးနွေးကြရန် တစ်ညအိပ်ပါဦးဟုပြော၏။ ယနေ့ညနေတွင် ၎င်းတို့လူကြီးနှင့် တွေ့ပေးမည်။ ပြောချင်တာ တင်ပြနိုင်သည်ဟုဆိုကာ ရုံးအနီး အခန်းတစ်ခုတွင် တည်းခိုရန် စီစဉ် ပေးပါသည်။ ဦးတင်ဖေကြီးလည်း မော်လမြိုင်လော်ကယ်ဖြင့် ရွာသို့ပြန်၏။
ညနေ ၆ နာရီခန့်၌ ကိုတင်ရီနှင့်အတူ မြို့နယ်တာဝန်ရှိသူ တစ်ဦးရောက်လာပါသည်။
ကျွန်တော်က ကျိုက်က္ကသာမြို့ဟောင်းကြီး မည်မျှ ကြီးကျယ် ခမ်းနားကြောင်းကို အကျယ်တဝင့် အားရပါးရ ပြောပြနေ၏။ ထိုပုဂ္ဂိုလ်မှာ ဖင်တကြွကြွနှင့် သည်းခံ၍ နားထောင်လျက်ရှိသည်ကို ကျွန်တော်သတိမထားမိပါ။ သိပ်မကြာပါ။ ချိန်းထားတာရှိသည် ဆို၍ နှုတ်ဆက်ပြီး ထပြန်သွားပါသည်။ ထိုအခါ ကိုတင်ရီက လူကြီးဆိုတာ အလုပ်များသည် တစ်နေရာမှာအချိန်များများမပေးနိုင်ကြောင်း။ လူကြီးနှင့်တွေ့လျှင် ပြောချင်တာကို အတိုချုပ် (short to the point)သာပြောသင့်ကြောင်း သတိပေး စကားဆိုပါသည်။
ကျွန်တော်လည်း စိတ်ထဲတွင်အားမလို အားမရဖြစ်ပြီးကျန်နေခဲ့၏။ အပင်ပန်းခံပြီး ရှာဖွေ တွေ့ရှိချက်များကို အားရပါးရပြောချင်ပေမယ့် နားထောင်သူမရှိပါလားဟု ယူကြုံးမရ ဝမ်းနည်းစိတ်ဝင် လာ၏။ ထိုနေ့ညက တွေ့သမျှမြင်သမျှ ကျိုက်က္ကသာအကြောင်းကို စာရွက်ပေါ်တင်၍ ရေးသားရန် သာရှိသည်ဟုမှတ်ယူပြီး စာရေးခြင်းဖြင့် အချိန်ကုန်ပါသည်။ နောက်တစ်နေ့ ဇွန် ၁ ရက်နေ့တွင် ကျိုက်က္ကသာသို့အပြန်မှာ ကိုတင်ရီက သူ့မော်တော်ဆိုင်ကယ်ဖြင့် လိုက်ပို့ပါသည်။
ကျွန်တော်က ရန်ကုန်ကိုဖုံးဆက်ချင်သည်ဆို၍ မုပ္ပလင်ရွာ ဆက်သွယ်ရေး တာဝါတိုင်သို့ သွားရန် ကျိုက်ထိုမှ ကားလမ်းအတိုင်း မုပ္ပလင်သို့သွားကြ၏။ လမ်းခရီးတွင် ဒေါင်းတောင်သို့ရောက်လျှင် ဆိုင်ကယ်ကို ရပ်ထားပြီး တောင်ကုန်းထိပ်မှ အနောက်ဘက်သို့ ကြည့်ရ၏။ ဒေါင်းတောင်ကုန်းသည် အမြင့်ဆုံးဖြစ်၍ ကျိုက်က္ကသာလွင်ပြင်တစ်ခုလုံးကို အပေါ်စီးမြင်နိုင်ပါသည်။ မြင်ကွင်းတွင် နတ်ကြီးဆိပ်တောင်ကုန်း
သည် တံတိုင်းတစ်ခုအသွင်ရှိ၏။ ဘယ်ဘက်တွင် ရေဝေကုန်းတန်းတစ်ခုသည် မုက္ခမူရွာနှင့် မလော့ ချောင်ရွာဆီသို့ သွယ်တန်းလျှက် ထိုးဆင်းသွား၏။ မြေနိမ့်ပိုင်းတွင် ရေပြည့်နေသော အင်းအိုင်များ ရှိကြ၏။ လက်ယာဘက်မှာ ခလွန်ရွာရေဝေကုန်းတန်းကာဆီးထားပြီး ခလွန်ချောင်းစီးဆင်းနေ၏။
မြင်ကွင်း၏အနောက်ဘက် တူရူတွင် ကျိုက်က္ကသာရွာကျိုက်ခနုံစေတီနှင့် မလော့ချောင် ဘုရား တစ်ထောင်ကုန်း စေတီသုံးဆူတို့ကို ထုံးဖွေးဖွေးနှင့် လှမ်းမြင်ရပါသည်။ ဤမြင်ကွင်းနောက်ခံမှာ မိုးကုပ်စက်ဝိုင်းကြီးအောက်ရှိ စစ်တောင်းမြစ်ဝနှင့် ဘင်္ဂလား ပင်လယ်ပြင်သာရှိ၏။ သည်မြင်ကွင်းကို လက်ညှိုုးညွှန်လျက် ကျိုက်က္ကသာမြို့ဟောင်းကြီးကျယ်ပုံ၊ ခမ်းနားပုံ၊ မြို့တည်သူ၏ မြေပြင်အနေ အထား၊ မြို့ကွက်နေရာရွေးခြယ်ခြင်း အတတ်ပညာနှင့် အတွေ့အကြုံ ရင့်ကျက်မှုရှိပုံ။ ယခုခေတ်
မြို့ပြအင်ဂျင်နီယာ ပညာရှင်တို့လောက် အတွေးအမြင်ရှိကြောင်းသိနိုင်ပုံများကို ကိုတင်ရီအား ရှင်းပြရ ၏။ ကိုတင်ရီလည်း စိတ်ဝင်တစား ကြည့်ရှုနားထောင်ပြီးလျှင် အရှေ့သို့တိုး၍ ကြည့်ချင်သည်ဆိုကာ ဆိုင်ကယ်ဖြင့် ကုန်းအဆင်း လှည်းလမ်းကိုလိုက်၍ အင်းဂပိုရွာ ဆီအုန်းခြံ နဘေးလမ်းအတိုင်း ဆင်း သွားကြရာ နတ်ကြီးဆိပ်တောင်ကုန်းသို့ရောက်သွားကြ၏။ အတန်ကြာကြည့်ရှုပြီးသော် လာရာလမ်း
အတိုင်းပြန်ထွက်ပြီး မုပ္ပလင်သို့ ဆက်သွာကြ၏။
မုပ္ပလင်ရွာဘူတာရုံအနီးရှိ ဆက်သွယ်ရေး တာဝါတိုင်သို့ရောက်လျှင် ရန်ကုန်သို့ဖုံးဆက်ရ၏။
ဆရာကြီးဦးမောင်မောင်တင် (မဟာဝိဇ္ဇာ)က ဝမ်းမြောက်ကြောင်းပြော၏။ သစ်တောမင်းကြီး
ဦးအောင်မြင့်က ကျန်းမာရေးဂရုစိုက်ရန်မှာ၏။ ပါမောက္ခ ဆရာကြီးထံ ဆက်သောအခါ ခွင့်ရက်
စေ့လျှင်ပြန်လာပါဟု မှာကြား၏။ ကျွန်တော်က မော်လမြိုင်ရှိမိသားစုထံ ခေတ္တ ပြန်လိုကြောင်း ခွင့် တောင်းရာ သွားပါဟု ခွင့်ပေး၏။
ကျွန်တော်တို့နှစ်ယောက် မုပ္ပလင်ဘူတာတွင် နေ့လည်စာ စားသောက်ပြီး ကျိုက်ထိုသို့ပြန်လာ
ကြပါသည်။ ကိုတင်ရီက ကျိုက်ထိုမှာ ဖလင်လိပ်များ ဝယ်ပေးပြီး ပြန်ပို့ပေး၏။ အပြန်လမ်းတွင် ကော့ ထင်း၊ ဘိုရားကြီး၊ မုက္ခမူ၊ မလော့ချောင်ရွာများကို ဖြတ်သန်းကာ ကျိုက်က္ကသာသို့ ညနေစောင်းအချိန် ပြန်ရောက်၏။ ကိုတင်ရီလည်း ဦးစီမောင်မိသားစုနှင့် စကားအနည်းငယ် ပြောဆိုပြီး ကျွန်တော့ကို ထားခဲ့ကာ ကျိုကိထိုမြို့သို့ ပြန်၏။
ဇွန်လ ၂ ရက်နေ့(၁၉၈၆)ရက်နေ့တွင် မြောက်ဘက်သို့ ထပ်မံ၍ စွပ္ပနူးရွာအလွန် တောကုန်း တောင်ကုန်း ရွာများသို့ ရောက်၏။ ထိုနေ့က အဖော်အဖြစ် ဉာဏ်ရွှေကိုပင် ခေါ်လိုက်ရပါသည်။ ဉာဏ်ရွှေလည်း လုပ်လက်စ အလုပ်ကို ရပ်ထားပြီး ကျွန်တော့နောက်သို့ လိုက်ရ၏။ သူ့စက်ဘီးကို ပြင်ဆင်ပြီးထွက်သည်။ နှစ်ယောက်သား ထမင်းထုပ်ပင်မပါ။ စားစရာဗလာဖြင့်သွားကြ၏။ ဆာလျှင် ဦးကျားအိမ်မှာဝင်စားကြမည်ဟူ၍လည်းစိတ်ကူး၏။ လမ်းတွင်ဦးခင်မြင့်ဆိုသူနှင့်တွေ့ပြီး အဖော်လုပ် သွားကြပါသည်။ ရွာလမ်းမှထွက်လျှင် လှည်းလမ်းကိုမလိုက်ဘဲ မီးရထားသံလမ်းနံဘေးမှ လူလျှောက် သော ခြေသွားလမ်းကလေးမှ စက်ဘီးကိုနင်းသွား၏။ ဦးခင်မြင့်စက်ဘီးကရှေ့မှ ဉာဏ်ရွှေက အနောက်မှ ခပ်ခွါခွါသွားကြရာ ခြေသွားလမ်းကလေးပေါ်တွင် ကပ်သီးကပ်သပ် နင်းသွားပုံမှာ အသည်းယားစရာကောင်း၏။ နောက်မှလိုက်စီးရသော ကျွန်တော်မှာ မီးရထားလမ်းဖို့ မြေတာရိုးကြီး ပေါ်မှ လိမ့်ကျသွားလျှင် ဘယ်လိုရှိမလဲဟု ခပ်လန့်လန့်နှင့် မဝံ့မရဲ လိုက်လာရ၏။ ခလွန်ချောင်းကူး တံတားရောက်သော် စက်ဘီးကို တွန်းပြီးသွားရပြန်၏။ သို့နှင့် စွပ်ပနူးရွာသို့ရောက်၏။ ရွာထဲသို့ မဝင် တော့ပဲ ရှေ့သို့ဆက်၍ သုဿန်ကုန်းမှ မြို့ဝင်ပေါက်နှင့် မြို့ရိုး တစ်ပိုင်းကို ထပ်မံစစ်ဆေးပါသည်။ ပြီးလျှင် ဉာဏ်ရွှေကိုခေါ်၍ စစ်တောင်းမြစ်ကမ်းနားသို့ဆင်းကာ လမ်းလျေှက်ပြီးကြည့်ကြပါသည်။
စစ်တောင်းမြစ်မှာရေကျချိန်ဖြစ်၍ ကမ်းနားတွင်ရေမရှိပါ။ ကမ်းနဖူးပေါ်တွင် ဂဝံကျောက်ဖျာ အချို့ကျိုးပဲ့ပြီး လဲပြိုလျက်တွေ့ရ၏။ ရေစပ်တွင်လည်း တစ်ချို့မြုပ်လျက် နွံထဲမှာလည်း တစ်ချို့ ပြန့် ကြဲလျက်နေပါသည်။ မူလက ဂဝံကျောက်တံတိုင်းတစ်ခု ဤနေရာ၌ ရှိခဲ့ပြီး ကမ်းပြို၍ ရေထဲပါ သွားလေသလားဟု တွေးရပါသည်။ ကျွန်တော်တွေ့ခဲ့သော သုဿန်ကုန်းမြို့ရိုးနှင့် ဆက်စပ်ပြီး ထိုသို့စဉ်းစားရခြင်းဖြစ်၏။ ထိုသို့ဆိုပါလျှင် ကျိုက်က္ကသာမြောက်ဘက်မှာ အပြင်မြို့ရိုး တစ်ထပ်ရှိခဲ့ဦး မည်ဟု ထင်ရ၏။
ရှေ့သို့ဆက်သွားသော် မြစ်ထဲတွင် ကျောက်တိုင်လိုလို တိုင်တစ်ခုကိုလှမ်းမြင်ရ၏။ အနီးကပ် ကြည့်မှအုတ်တိုင်ဟုသိရ၏။ ဉာဏ်ရွှေက ရေတံခါးတိုင်ဖြစ်ကြောင်းပြောသည်။ ဤတွင် ပဲခူးခရိုင် ဂေဇက်တီးယားမှစစ်တောင်း ကျိုကိထိုတူးမြောင်းအကြောင်းကိုအမှတ်ရလာ၏။ ထိုတူးမြောင်း အကြောင်းမှာ ဤသို့ဖြစ်၏။ အင်္ဂလိပ်တို့ အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးနောက် လယ်ယာ စိုက်ပျိုးရေးအတွက် တာတမံများ မီးရထားလမ်း ကားလမ်းစသောဆက်သွယ်ရေးလမ်းများကို
ဖောက်လုပ်ခဲ့သည်။ ရေလမ်းခရီးမှာလည်း တွံတေးတူးမြောင်း၊ ပဲခူးစစ်တောင်းတူးမြောင်းများ
ဖောက်လုပ်သည်။ ပဲခူးစစ်တောင်းတူးမြောင်းမှာ စစ်တောင်းမြစ်ဖျားမှကျွန်းသစ်များကို ရန်ကုန်သို့ သစ်ဖေါင်ဖွဲ့၍ မျှောချရန်ဖြစ်၏။ ပဲခူးစစ်တောင်းတူးမြောင်းကို ၁၈၇၃ ခုနှစ်တွင် ဖေါက်လုပ်ခဲ့၏။ မြန်မာ သက္ကရာဇ်မှာ ၁၂၃၅ခုနှစ်ဖြစ်၏။ ဤရက်စွဲကို မြန်မာတို့က “အောက်ကစပါး ရေသွားတူးမြောင်း ပဲခူး တာဝချောင်း”ဟူ၍ လင်္ကာစပ်ပြီးမှတ်သားခဲ့ကြပါသည်။ နေ့နံ အရ အောက်=၁ က =၂ စ =၃ ပါး =၅
ဖြစ်၏။ ထိုအချိန်နှင့် မရှေးမနှောင်းမှာပင် ဗြိတိသျှ အောက်မြန်မာနိုင်ငံအစိုးရသည် ရန်ကုန်မှ ကျိုက်ထီးရိုး ဘုရားဖူးသွားသော ခရီးသည်များအတွက် ရည်ရွယ်၍ ရန်ကုန်ကျိုက်ထိုသွားပြည်တွင်း မီးသင်္ဘောလမ်းခရီးကို ဖွင့်လှစ်လိုက်သည်။ ထိုခရီးစဉ်အတွက် စစ်တောင်းမြစ်ဝ အရှေ့ဘက်ကမ်းရှိ ဝင်းပဒေါရွာမှ ကျိုက်ထိုအထိ ဆယ်မိုင်ခန့် အရှည်တူးမြောင်းကို ဖောက်လုပ်ရ၏။ တူးမြောင်းအတွင်း
ဒီရေ အတက်အကျ မရှိစေရန်လည်း ရေထိန်းတံခါးများကို အဆင့်ဆင့် စီမံကာပြုလုပ်ထား၏။ ထို တူးမြောင်းကို ဝင်းပဒေါတူးမြောင်း ကျိုက်ထိုတူးမြောင်း စသည်ဖြင့်ခေါ်၏။ ဤတူးမြောင်းနှင့် စစ် တောင်းမြစ်ကြောင်းတို့ ဆက်သွယ်ပြီး မီးသင်္ဘောခရီးစဉ် ပြေးဆွဲပါသည်။ ဤတူးမြောင်းသည် အနှစ် ၃၀ ခန့်သာ တာရှည်ခဲ့ပြီး ၁၉၁၀ ခုနှစ် စစ်တောင်းမြစ်ကြောင်း ပြောင်းလဲသွားသည့်အခါ ပျက်စီးသွား ခဲ့ပါသည်။
စစ်တောင်းမြစ်ဝရေစီးေကြောင်းသည် အရှေ့ဘက်သို့ ပြောင်းလဲတိုက်စားခြင်းကြောင့် မြေနိမ့် ရာ ဝင်းပဒေါချောင်းထဲသို့ စီးဝင်ပြီး တူးမြောင်းနှင့်တကွ ရှိသမျှ ကုန်းစိုင်မြေသားများပါ ရေတိုက်စား ဖြိုဖျက်ခြင်းကိုခံရ၏။ ထို့ကြောင့်ပင် ပဲခူးမှ ကျိုက်ထိုသို့ မီးရထားလမ်းကားလမ်းများကို ဖောက်ခဲ့ရ ပြန် ၏။ ရေတံခါးတိုင်များကိုကြည့်ပြီးနောက် ကုန်းပေါ်သို့ပြန်တက်ခါ စက်ဘီးလမ်းကိုဆက်ရပြန်၏။ ဤ တွင် ရထားလမ်းဘေးကလှည်းလမ်းအတိုင်း ခပ်ကျယ်ကျယ် နင်းသွား၍ ခရီးတွင်ပါသည်။ နေပူလာပြီ ဖြစ်၍ လမ်းဘေးတွင်တွေ့ရသော တောကုန်းရွာဂူကုန်းဘုန်းကြီးကျောင်းသို့ ဝင်လိုက်ကြ၏။