နိုင်စံဝင်း

မလော့ချောင်ရွာ ဦးထွန်းအောင်၏ သမီးများပြောပြသည့်စကားတွင် မှတ်သားစရာတစ်ခုမှာ ‘ကုလား ပုတီး’ ဟူသည့်အခေါ်အဝေါ်နှင့် ရွှေကျင်သည့်အခါ ‘ကုလားပုတီးတွေ့လျင် ရွှေရသည်’ ဟူသော စကားပင် ဖြစ်၏။ ရွှေကျင်ရန် ဗျုံးမြေကို ဘယ်ကရသလဲဆို ၎င်းတို့အိမ်ရှေ့ မီးရထားလမ်းအရှေ့ဘက် ဘုရားတစ်ထောင်

ကုန်းမှ တူးယူရသည်ဆို၏။ သို့နှင့်ဘုရားတစ်ထောင်ကုန်းသို့ဆက်၍ သွားကြပြန်၏။ ဦးထွန်းအောင်အိမ်ရှေ့မှ စ၍ မီးရထားလမ်းသည် လူတို့ထွင်းဖောက်ထားသော တောင်ကြားလမ်းကိုစတင်ဝင်ပြီး ရှေ့ဆက်သွားသည်။

တောင်ကြားလမ်း၏အောက်ဘက်မှာ မလော့ချောင်ရွာရှိသည်။ တောင်ကြား၏ အရှေ့ဘက်ကို ဘုရား တစ်ထောင်ကုန်းဟုခေါ်ပေသည်။ စေတီငယ် အရေအတွက် တစ်ထောင် ရှိသည်ဆို၏။ အနော်ရထာမင်း လက် ထက်တည်သည်။ အသားကုမ်မာ မင်းသားလက်ထက်တည်သည် စသဖြင့် အမှတ် နှစ်မျိုးရှိ၏။ ယခု စေတီငယ် တစ်ရာခန့် တစ်စုကို စုဝေးလျက်တွေ့နိုင်သေးသည်။ အရှေ့မြောက်ဘက်သို့ဆက်သွားသော တောင်ကုန်းမှာ ခတ္တာရိုး၊ ကုလားမကုန်း၊ ဝက်လှကုန်း ဘိုက်ကြီးမကုန်း တို့မှစ၍ နတ်ကြီးဆိပ်တောင်ကုန်းအထိ ကျယ်ပြန့် ပါသည်။ အချို့က ဘုရားတစ်ထောင်တောသည် မုပ္ပလင် အထိရောက်သည်ဟုလည်းဆို၏။ ယခု တောဖုံးလျက် တွေ့ရသည်။

ကုန်း၏အမြင့်ပိုင်းတွင် စေတီကြီးသုံးဆူ ရှိ၏။ အောက်ခံ ဂဝံကျောက်အုတ်ဘိနပ်တော်နှင့် ပစ္စယာဆင့် များအထိဂဝံစီလျက်ရှိ၏။ အထွတ်မှာနှောင်းခေတ်စေတီပေါက်ထားသည်။စေတီကြီးမျာပတ်လည်တောထဲတွင် ပေါက်ဖက်နွယ်ခြုံတောများအကြား၌ဂဝံကျောက်ဆင်းတုတော် ထိုင်တော်မူဉာဏ်တော် ၅ပေခန့် အမြင့်တစ်ဆူ ကိုဖူးရပြီးခြေဆင်းထိုင်တော်မူ ထက်ဝယ်ဖွဲ့ခွေထိုင်တော်မူခြင်သေ့ရုပ် ဒေါင်းရုပ် ဂဠုံရုပ် ဦးခေါင်းသုံးလုံးရှိ ဧရာ ဝဏ် ဆင်ရုပ်စသည်များ ဂဝံထီးတော်အစိပ်အပိုင်းများ ထီးအဆင့်များဆင့်ထပ်ရန် အလယ်ခေါင်အပေါက်ပါ သော ဂဝံအစိပ်အပိုင်းများ နစ်မြုပ်နေလျက်တွေ့ရ၏။ စေတီငယ်တစ်စုမှာ အနောက်ဘက် ကုန်းစောင်းမြေပြန့်၌ နေရာယူ တည်ရှိနေ၏။ အရှေ့နှင့်အနောက်နှစ်တန်းရှိ၏။ တစ်တန်းလျင် ၄၂ ဆူစီ အားလုံး ၈၄ ဆူတွေ့နိုင်ပါ သည်။ တစ်ဆူ၏ အရွယ်မှာ ဖိနပ်တော် အခြေ ၁၅ ပေခန့် ရှစ်မြှောက်၊ ပန္နက်တော်ဖြင့် အမြင့် ၈ပေကျော်ခန့်စီ ရှိမည်။ ဂဝံအုတ်နှင့် မြေမီးဖုတ်အုတ်တို့ကို ရောပြီးတွေ့ရပါသည်။ မြေအုတ်မှာလက်ရေးစင်းအမှတ်များပါရှိ၏။

ကုန်းပေါ်မှ မြေပြန့်သို့ တန်းစီလျက် စေတီတစ်တန်းကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ချင်၏။ ဒါပေမယ့် သစ်ပင်များဖုံးနေ၍ ရှင်းရှင်းမပေါ်လွင်ဖြစ်နေလို့ အခက်တွေ့ရ၏။ ထိုစဉ် ရွာသားတစ်စု မိန်းမများနှင့်လူငယ်များ ထင်းခွေရန် ရောက်လာ၏။ ၎င်းတို့နှင့် တွေ့ဆုံ စကားပြောဆိုကာ လူတစ်ယောက်လျှင် ဘုရားတစ်ဆူစီ မတ် တပ်ရပ်ပြစေပြီး စေတီရောလူပါ အတန်းလိုက် မှတ်တမ်းတင်ပါသည်။ ဒီနေရာဘာခေါ်လဲဟုမေးတော့ အမျိုး သမီးနှစ်ဦးက ဘုရားတစ်ထောင်တောဟုဖြေကြားပါသည်။ ၎င်းတို့လိုက်ပြ၍ မြေအောက်တွင် နစ်မြုပ်နေသော ဂဝံကျောက်ထွင်းလိုဏ်ဂူကိုလည်းတွေ့ရ၏။ အတွင်းသို့ဆင်းကြည့်သောအခါ အခန်းငယ်တစ်ခုနှင့် ကျောက် ကုတင်တစ်လုံးရှိသည်။ ဂူအဝကို ပိတ်ရန် တံခါးဘောင်မှာ မြှောဝန်းကြောင်းဖော်ပြီး ပျဉ်ချပ်များထပ်ဆင့်လျက် ပိတ်နိုင်ဖွင့်နိုင်အောင်စီမံထားပါသည်။ ထိုနေ့ညနေစောင်းသည်အထိ ဘုရားတစ်ထောင်တောမှာပင် အချိန် ကုန်ပါသည်။ မနက်ဖန် ဆက်ဆက်လာရပေဦးမည်။

မလော့ချောင်သည် ကျိုက်ကသာတောင်ဘက်လယ်ကွင်းလေးခြားလျက်နေ၏။ ကျိုက်က္ကသာအရှေ့ ဘက် ဥပစာမြေအားလုံးမှာ မလော့ချောင်ပိုင်နက်ဖြစ်သည်။ ဤသစ်တောမြေတွင်ကိုလိုနီခေတ်က ရာဘာခြံကြီး များ တည်ထောင်စိုက်ပျိုးခဲ့ကြပြီး ဘိုရားကြီးရာဘာ အက်စတိတ် နယ်မြေဟု မြေပုံမှာပြ၏။ ယခုရာဘာများမရှိ တော့ တောဖြုန်းတွေထလာပြီး ၎င်းတို့ကို ခုတ်ထွင်၍ ဥယျာဉ်ခြံစိုက်ကြပြန်သည်။ ဥယျာဉ်မတည်နိုင်သေးလျှင် မိုးမြေပဲစိုက်ကြ၏။ ဥယျာဉ်မှာ ကွမ်းခြံကို အဓိကစိုက်ကြသည်။ ဘာပင်ပဲစိုက်စိုက် မြေကို ထွန်ယက်ခြင်း ပေါက်ဆွဲခြင်းပြုရမည်မှာမလွဲ ဧကံဖြစ်၏။

ဤမြေသည်ပင်လျင် ရှေးနှစ်ပေါင်းများစွာက လူတို့မြို့ရွာတည်ထောင်ခဲ့ကြပြီးနောက် ယိုယွင်း ပျက်စီး ခြင်းသို့ရောက်ခဲ့ရာနေရာလည်းဖြစ်သည်။ သို့ဖြစ်၍ ရှေးလူတို့ ခြွင်းချန်ထားသော အကြွင်းအကျန်များ စုဝေး တည်ရှိသောနေရာလည်းဖြစ်သည်။ နှစ်စဉ်နှစ်တိုင်းထွန်ယက်ပေါက်ဆွနေရာ၌ ရှေးခေတ်က လက်နက် အသုံး အဆောင်အဆင်တန်ဆာ စသည့်ပစ္စည်းများကို တူးမိ ပေါက်မိ ထွန်ယက်မိကြမည်မှာမလွဲပေ။ ထိုအခါ အဖိုး တန်ပစ္စည်း၊ ရွှေငွေ လက်ဝတ်ရတနာစသည့် ပစ္စည်းဆိုလျှင် သက်ဆိုင်ရာဋ္ဌာနများသို့ အပ်နှံပြီး ကာလတန်ဖိုး ထက်ပိုမို၍ ချီးမြင့်ဂုဏ်ပြုခြင်းခံရမည်ဖြစ်၏။ သို့သော် အဖိုးတန်မဟုတ်သော ကျောက်ခဲ အုတ်ခဲ သစ်သားစ အရိုးစများဆိုလျင် တန်ဖိုးမရှိသဖြင့် အရေးယူမှုမရှိကြပေ။ ဟိုပစ်သည်ပစ် အမှုမဲ့ အမှတ်မဲ့ စွန့်ပစ်ကြလေ့ရှိ၏။ ထိုပစ္စည်း၏ သမိုင်းတန်ဖိုး ယုတ် လျှော့သွားမည်ကိုလည်း ဂရုမစိုက် ဒီအတိုင်းနေလိုက်ကြတော့၏။
logo-f
မနေ့က မလော့ချောင် ဘုရားတစ်ထောင်ကုန်းမှာ တစ်မိုးချုပ်ခဲ့သည်။ ဒီနေ့(၂၇ မေ ၁၉၈၆ ) နံနက် ၈ နာရီတွင် ဦးတင်ဖေလေးနှင့် ကိုဘမြစ်တို့ကို အဖော်ပြုလျက် မလော့ချောင်သို့တစ်ခေါက်ထပ်သွားရပြန်၏။ ကျေးရွာဥက္ကဌနှင့်တွေ့ဆုံရန်နှင့် ရွာထဲလေ့လာရေးကိစ္စ အသိပေးပြီး အကူအညီများတောင်းရန်ဖြစ်ပါသည်။ ဥက္ကဌနှင့် ချက်ခြင်းမတွေ့ရပါ။ ဘုန်းကြီးကျောင်းမှာ စည်းဝေးပွဲရှိသည်ဆို၍ ဘုန်းကြီးကျောင်းအထိ လိုက်သွား တော့ ဥက္ကဋ္ဌနှင့်တော့ တွေ့ရပါသည်။ စည်းဝေးပွဲက တော်ရုံနှင့်မပြီးနိုင်၍ ထိုင်စောင့်ပြီးနေရပြန်၏။ နေ့လည် ပိုင်းရောက်မှ ဥက္ကဋ္ဌကိုတွေ့ရ၏။ ဥက္ကဋ္ဌ ဦးချစ်တီးနှင့်တွေ့မှ အစစ အဆင်ပြေတော့သည်။ ဦးတင်ဖေလေးနှင့် ကိုဘမြစ်တို့ မျက်နှာကြောင့်ဖြစ်မည်ထင်၏။ သူ့အိမ်ကိုခေါ်သွားပြီး ထမင်းအရင်ကျွေးပါသည်။ ပြီးလျှင် ဝါး ခမောက်ကိုဆောင်း၊ ဒါးတစ်လက်ကိုဆွဲပြီး ရှေ့ကထွက်ပါတော့သည်။ ကျွန်တော်တို့ သုံးယောက်က သူ့နောက် ကလိုက်ရ၏။ မနေ့ကသွားခဲ့သော ဘုရားတစ်ထောင်တောသို့ ရောက်ကြပြန်၏။

ဦးချစ်တီးသည် သူပိုင်နက် ဘုရားတစ်ထောင်တောကို အပ်ကျတာတောင်သိသူကဲ့သို့ နေရာအနှံ့လိုက် ပြပါသည်။ ခြုံကြိုခြုံကြားမှ ငုတ်လျှိုးနေသော ဘုရားငုတ်တိုများကို တွေ့ရ၏။ ခြုံနွယ်ပိတ်ပေါင်းများကို ဒါးဖြင့် ခုတ်ထွင်ရှင်းလင်း၍ ဖော်ထုတ်ပြသ၏။ တောခြုံများအလယ်တွင် ရေကန်ကြီးတစ်ကန် တူးဖောက်ထားသည်ကို ပြ၏။ အလျားအနံပေ (၄၀၀)ခန့်ရှိမည်။ အနက်လည်းပေ(၃၀)ခန့် ရှိမည့် ဤရေကန်မှာ ဂဝံကျောက်အုတ်များ

တူးယူထားခဲ့သော ကျောက်ကျင်းဟုယူဆရ၏။ ဘုရားတည်ရန်အုတ်များထုတ်ယူသည့် ကျင်းကြီးပင်ဖြစ်၏။ ကန်အတွင်း၌ စိမ်းလဲ့လဲ့ရေပြင်ကိုမြင်ရပြီး အလွန်နက်မည်ကိုသိနိုင်၏။ ရှေ့ဆက်သွားရာ တောင်ယာပျက် တစ်ခုသို့ရောက်၏။ ထိုတောင်ယာတွင် မလောချောင်ရွာသားကိုပေါက်စီဆိုသူသည် ကြံစိုက်ရန် လယ်ထွန်စက် ဖြင့်ထယ်ထိုးသည်ဆို၏။ အုတ်ကုန်းတစ်ကုန်းကိုတွေ့ရသဖြင့် ထယ်ထိုးခြင်းကိုရပ်ပြီး တူးကြသည်ဆို၏။ အတော်လေးနက်နက်တူးပြီးသည့်အခါ ရွှေပြားတစ်ချပ်ကိုတွေ့ရ၏။ ရွှေပြားပေါ်တွင် ဘာစာမှန်းမသိသော အရေးအသားများပါ၏။ ထိုရွှေပြားကို ကျိုက်ထိုမြို့ရှိ ပန်းတိမ်ဆိုင်သို့သွား၍ရောင်းသည့်အခါ စာပါနေသဖြင့် မဝယ်ဘဲ ပြန်ပေးလိုက်သည်ဆို၏။ ကိုပေါက်ဆီလည်းအိမ်သို့ပြန်လာပြီး ရွှေပြားကို တူနှင့်ထုခါ အလုံးပြု၍ သွားပြသည့်အခါ ပန်းတိမ်က ဝယ်လိုက်၏။ ကိုပေါက်ဆီ နေ့ချင်းညချင်းချမ်းသာသွားတော့၏။ ရွာတွင်မနေရဲ တော့သဖြင့် ကျိုက်ထိုမြို့သို့ပြောင်းကာ တိုက်တစ်လုံးဝယ်ပြီးနေလိုက်သည်။ နှစ်များများမကြာလိုက်ပါ။ ကို ပေါက်စီ ပြန်၍ဆင်းရဲသွားပြီး ရွာပြန်လာပြီး ယခုမြင်းလှည်းမောင်းနေသည်ဆို၏

ဦးချစ်တီးပြောပြတဲ့ ကျိုက်က္ကသာအကြောင်းမှာ ရွှေအိုးရတဲ့ အကြောင်းလဲပါ၏။ လွန်ခဲ့တဲ့ဗြိတိသျှ ကိုလိုနီခေတ်တုန်းကအကြောင်းဖြစ်၏။ အစိုးရက ပဲခူးနဲ့ ကျိုက်ထိုကို မီးရထားလမ်းစတင်ဖောက်လုပ်သည်။ ပဲခူးနယ် စစ်တောင်းမြစ်ဝှမ်းမှာမြေနိမ့်မြေပြန့်ဖြစ်၍ ရထားလမ်းကို တာရိုးကြီးလုပ်ပြီး မြေဖို့ကာ သံလမ်းတင် သည်။ စစ်တောင်းလွန်လျှင် မြေပြန့်နည်းလာပြီး တောင်ကုန်းများလာသည်။ ထိုအခါ တောင်ကုန်းကို မီးရထား တစ်လမ်းစာမြောင်းကြီးတူးရသည်။ ထိုသို့မြောင်းတူးသည့်အလုပ်ကို အိန္ဒိယတိုင်းသား ကူလီအလုပ်သမားများ ကလုပ်ကြသည်။ ဒေသခံ ရွာသားများလည်းပါ၏။

ကျိုက်ကသာအနီးတွင် မလော့ချောင်ဘုရားတစ်ထောင်ကုန်းကို တူးသည့်အခါ စောက်နက်နက် တောင်ကြားလမ်းကြီးဖြစ်လျက်ရှိ၏။ မလော့ချောင်အလွန် မုက္ခမူမှာလည်း အလားတူတောင်ကြားတစ်ခုဖြစ်ရှိ၏။ မုက္ခမူတောင်ကြားကိုတူးစဉ် ကုလားကူလီအုပ်စုက အလုပ်သမားတစ်ဦးသည် ရွှေမန်ကျည်းတောက်များအပြည့် ပါသော အိုးတစ်လုံးကိုတူးရသည်ဆို၏။ ထိုသတင်းမှာ အလုပ်သမားများအကြား တောမီးပမာ ပျံ့နှံ့သွားပြီး ညအချိန်ရောက်လျင်ရိုက်ပြီးလုမည်ဟုကြံစည်ကြသည်ဆို၏။ ရွှေအိုးရသည့်ကုလားလည်း ညရောက်သည်အထိ မနေတော့ပဲ အထုပ်ပိုက်ကာချက်ခြင်းပင်ပြန်ပြေး၍လွတ်မြောက်သွားသည်ဆို၏။ (ကုလားရွှေအိုးရသည့်နေရာ ယခုတိုင်အမှတ်အသားကျန်နေပါသေးသည်။ မုက္ခမူရွာမီးရထားတောင်ကြား အနောက်ဘက်ကမ်းပါးယံ၌ရှိ၏။) မလော့ချောင်ဥက္ကဋ္ဌ ဦးချစ်တီးလည်း ဘုရားတစ်ထောင်ကုန်းအနီးတစ်ဝိုက်ကို နှံ့စပ်အောင်လိုက်လံပြသပြီး နောက် လှည့်ပြန်သွား၏။ ကျွန်တော်တို့သုံးဦးမှာ ဦးတင်ဖေလေးက တောလမ်းကိုကျွမ်းကျင်သူဖြစ်၍ ရှေ့ဆုံးမှ ဦးဆောင်သွားရာ မကြာမီ ခတ္တာရိုးအိမ်ကြီးကုန်းသို့ရောက်လာပါသည်။ ထိုနေရာမှ ကုလားမကုန်း ဝက်လှကုန်း နေရာများကိုလှည့်၍ ကျိုက်က္ကသာသို့ပြန်လာကြ၏။

ဤနေ့ခရီးစဉ်မှာ ကျိုက်က္ကသာတွင် နောက်ဆုံးနေ့ဟုသတ်မှတ်ထားသည်။ သို့သော်ဤအတိုင်း မဖြစ်ခဲ့ပေ။ ကျွန်တော်၏စိတ်တွင် ကျိုက်က္ကသာ၏ ခမ်းနားမှု၊ ကြီးကျယ်မှုကိုခံစားမိလာသည်။ ကျိုက်က္ကသာဆို သည်မှာ မြို့ရိုးကြီးပတ်လည်ဝိုင်းထားသော နေရာကွက်ကွက်လေးမျှသာ မဟုတ်တော့ပဲ အပြင်မှာလည်း ထူးဆန်းတာတွေရှိနေပါလားဟု အတွေးပေါက်လာသည်။ ဤမြို့ကြီး၏ ရေကျုံးစနစ်မည်သို့ရှိမည်။ ကာကွယ် ရေးစနစ်အစီအမံများ၊ ပင်လယ်ဆိပ်ကမ်းထားရှိမှု မြေအောက်ဥမင်လိုဏ်ခေါင်းစနစ်များ မည်သို့ရှိမည်ကို သိချင်စိတ်များဖြစ်ပေါ်လာသည်။ ဤသို့တွေးရင်းနောက်ရက်များစွာ ကျိုက်က္ကသာမှာ သောင်တင်နေတော့ သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.