မင်းဥဒါန်း
Xxx မြိုင်မြိုင်၊ဆိုင်ဆိုင်လ တန်ဆောင်တိုင် xxx ထိုသီချင်းသံနှင့်အတူရပ်ကွက်အတွင်း လူငယ်များလမ်း တစ်လျှောက်မီးထွန်းညှိရန်၊ လမ်းဆုံတွင်မဲဇလီပြုတ်ကျွေးရန်အတွက် အလှူငွေကောက်ခံလှည့်လည်သည့် မြင်ကွင်းက မကြာမှီ၊တန်ဆောင်မုန်းလပြည့်တော့မည်ဆိုတာကို
နှိုးဆော်အသိပေး၊ တပ်လှန့်လိုက်သလိုပင်ဖြစ်စေ သည်။
မြန်မာတို့၏တစ်ဆယ့်နှစ်လရာသီတွင်တန်ဆောင်မုန်းလဟူသည်ကား (၈)ခုမြောက်ဖြစ်ပြီး ဆောင်း ရာသီအဦးအစကာလလည်းဖြစ်သည်။ တန်ဆောင်မုန်းလသည်ရာသီအားဖြင့်ဗြိစ္ဆာရာသီဖြစ်သည်။ တန်ဆောင်မုန်းလပြည့်ညသည် အခြားသောလပြည့်ညများထက် လ၏အလင်းရောင်သည် မိုးသားလည်း ကင်းစင်၊ တိမ်ဝဠာလည်း အစင်သဆုံးမို့ အထွန်းပဆုံး၊အကြည်လင်ဆုံးလည်းဖြစ်သည်။
တန်ဆောင်မုန်းလတွင် ထူးခြားခြင်းက အမြတ်ဆုံးအလှူ(၃)မျိုးထဲတွင်တစ်ခုအပါအဝင် ဖြစ်သော ကထိန်သင်္ကန်းကပ်လှူခြင်း(ဝါ)ကထိန်ပွဲတော်ကျင်းပခြင်းပင်ဖြစ်သည်။ ထို့အတူပဲ မသိုသင်္ကန်းကပ်လှူပွဲနှင့် မီးထွန်းပွဲတော်ကိုလည်း ကျင်းပကြသည်။ အဲဇလီဖူးသုပ်၊ မဲဇလီရွက်ပြုတ်များချက်ပြုတ်ကာ လိုက်လံပို့ဆောင်ခြင်း၊ ကျွေးမွေးဧည့်ခံခြင်းများလည်း ဤတန်ဆောင်မုန်းလပြည့်ညတွင် ရှေးအစဉ်အလာတစ်ရပ်အဖြစ် ယနေ့ ထက်တိုင်အောင်ပြုလုပ်လျှက်လည်းရှိကြသည်။
တန်ဆောင်မုန်းလအခေါ်အဝေါ်ဖြစ်ပေါ်လာပုံ
တန်ဆောင်မုန်းလအခေါ်အဝေါ်ဖြစ်လာရခြင်းမှာ တန်ဆောင်တိုင်ပွဲတော်ကျင်းပရာမှ စတင်ဆင်းသက်လာခြင်းဖြစ်ပေသည်။ ဘုရားမပွင့်မီ အရိဌပူရပြည့်ရှင်သိဝိမင်းကြီးလက်ထက်မှအစပြု၍ ဂေါတမမြတ်စွာဘုရား ရှင်ပွင့်ပြီးသည့်တိုင်အောင် နက္ခတ်သဘင်ပွဲတော်အဖြစ်လည်းကောင်း၊ ဘာသာ၊သာသနာပွဲတော်အဖြစ်လည်းကောင်း တန်ဆောင်တိုင်ပွဲတော်အဖြစ်လည်းကောင်း ကျင်းပခဲ့ကြသည်။ တန်ဆောင်းပြသာဒ်၊ကျောင်းဇရပ်နှင့် မြို့၊ရပ်၊ရွာ၊ကျေးလက်တောရပ်များပါ မကျန် ဆီမီးများ၊ ထိန်ထိန်ညီးညီးထွန်းညှိပူဇော်သည့်မြင်ကွင်းက မြင်ရသူ အဖို့ တန်ဆောင်အား လှပအောင်ခြယ်မှုန်းသည့် ပမာတင်စာခြင်းကြောင့် (တန်ဆောင်မှုန်းလ) မှ (တန်ဆောင်မုန်းလ)အဖြစ်လည်ကောင်း၊ အချို့က ယခင်လူတို့ ဆီမီးများအား တန်ဆောင်းများတွင်အလျှံအပယ်ထွန်းညှိခြင်းကြောင့် တန်ဆောင်းက မုန်းရသည်အထိဖြစ်သည်ဟု ဆိုစမှတ်ပြုရာမှ(တန်ဆောင်မုန်းလ)ဟု ယူဆကြပေ သည်။
ကထိန်ခင်းပွဲတော်
ကထိန်ခင်းပွဲတော်ကို အချို့ အချို့သော မြို့၊ရပ်ရွာများတွင် ညှပ်ကြီးခင်းပွဲတော်၊ ဆွမ်းလောင်းပွဲတော်၊ ဆွမ်းကြီးလောင်းပွဲတော်၊ နှစ်ကျိပ်ရှစ်ဆူဒေသစာရီလှည့်လည်ပွဲတော်၊ ဗုဒ္ဓပူဇနိယပွဲတော်များအဖြစ် အမည်အမျိုးမျိုးဖြင့် ကျင်းပလျှက်ရှိကြသည်။ ကထိန်သင်္ကန်းဟူသည် တရားနှင့်အညီခံယူရရှိသောသင်္ကန်းဟူ၍ အဓိပ္ပာယ်ရှိပြီး သီတင်းကျွတ်လပြည့်ကျော်(၁)ရက်မှ တန်ဆောင်တိုင်လပြည့်နေ့အထိ ဘုန်းတော်ကြီးကျောင်း အသီးသီး၌ ထိုကာလအတွင်းသတ်မှတ်ကာကျင်းပကြသည်။
သာဝတ္ထိပြည်၌ သီတင်းသုံးတော်မူသော ဂေါတမမြတ်စွာဘုရားရှင်အား ဖူးမျှော်လိုသော ဇောဖြင့် ဘဒ္ဒ ရဟန်းညီနောင်သုံးကျိပ်တို့သည် ကုန်းတစ်တန်၊ ရေတစ်တန်၊ ခရီးကြမ်းအမျိုးမျိုးဒဏ်ကို တွေ့ကြုံခံစားရင်း တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားရှင်ထံတော်မြောက်ရောက်ရှိလာကြသည်။ ထိုသို့ဘုရားရှင်အား ဖူးတွေ့ ရန် ရောက်ရှိလာကြသည့် ဘဒ္ဒရဟန်းညီနောင်တို့ဝတ်ရုံထားသည့် သင်္ကန်းတို့သည် ရွံ့ညွံအထပ်ထပ်၊ပေကျံ လျှက် အစုတ်စုတ်အပြတ်ပြတ်ဖြစ်လျှက်ရှိကြသည်။ ထိုအချင်းအရာကိုမြင်တော့ ဘုရားရှင်သည်ကြီးစွာသော ကရုဏာစိတ်ယိုဖိတ်ကာ အနုဇာနာမိဘိက္ခေဝေအစရှိသော ဂါထာအားကျူးရင့်ကာ ဤကထိန်ကပ်လှူပွဲအားခွင့် ပြုပညတ်တော်မူခဲ့လေသည်။ ထိုအခါဘုရားရှင်ထံတရားတော်နာလာရောက်ကြသော ပရိတ်သတ်အပေါင်းတို့ သည် ဘဒ္ဒညီနောင်ရဟန်းသုံးကျိပ်အား သဒ္ဓါတရားပွားများထက်သန်လာကာ ဝါကောက်ခြင်းမှအစ သင်္ကန်း အဖြစ်ဖြတ်ခြင်း၊ ညှပ်ခြင်း၊ စပ်ခြင်း၊ ချုပ်ခြင်းများအစရှိသော ပုဗ္ဗကရဏကိစ္စအဝဝဆောင်ရွက်၍ နွမ်းပါးလာသော ဘဒ္ဒဝဂ္ဂီများအား သင်္ကန်းများကပ်လှူကြကုန်သည်။ ဤသည်မှစ၍ ကထိန်ခင်းပွဲတော်၊ ကထိန်သင်္ကန်း ကပ်လှူပွဲများဖြစ်ပေါ်လာရခြင်းလည်း ဖြစ်ပေသည်။
တန်ဆောင်မုန်းနှင့်မသိုးသင်္ကန်း
မသိုးသင်္ကန်းဟူသည် ကထိန်သင်္ကန်းနှင့်ဆက်နွယ်နေပြီး ဘဒ္ဒဝဂ္ဂီရဟန်းသုံးကျိပ်အတွက် လိုအပ်သော သင်္ကန်းများအား နေ့ချင်းပြီးယက်လုပ်ပူဇော်ခဲ့ခြင်းကို အစွဲပြု၍ဖြစ်ပေါ်လာခဲ့ပေသည်။ မသိုးသင်္ကန်းဟုခေါ်ဆို သည်မှာ သင်္ကန်းများဖြစ်တည်ရန်အတွက် တစ်နေဝင်မှ တစ်နေထွက်၊ တစ်ညတွင်းချင်းအပြီးယက်လုပ်ရသောကြောင့်ပင်ဖြစ်သည်။ ယခုကာလများတွင် မြို့ကြီးအချို့၌မသိုးသင်္ကန်းယက်ခတ်ခြင်းအား ပြိုင်ပွဲများအဖြစ်ပြု လုပ်ကာ စေတီတော်မြတ်ကြးီများတွင် မသိုးသင်္ကန်းတော်မြတ်များအား အခမ်းအနားဖြင့်စည်ကားသိုက်မြိုက်စွာပြုလုပ်ကျင်းပလျှက်ရှိကြပေသည်။
ဆီမီးမြိုင်မြိုင်၊တန်ဆောင်တိုင်
ဗုဒ္ဓဘာသာဝင်တို့သည် တန်ဆောင်မုန်းလတွင် မီးထွန်းပွဲတော်အား ယခုခေတ်ကာလမှကျင်းပကြခြင်း မဟုတ်ချေ။ ဥမ္မာဒန္တီပျို့၊ အရာမဒူသကဇာတ်၊ ပုပ္ပရတ္တဇာတ်၊ အင်းဝမြို့ဘွဲ့ဆည့်နှစ်လရာသီလူးတားတို့တွင်ကြည့်ခြင်း၊ ဖတ်ရှုရခြင်းအားဖြင့် ရှေးအတီတေ၊ပ ဝေသဏီကာလကပင် ဆီမီးထွန်းညှိပူဇော်ခြင်းများပြုလုပ်ခဲ့ကြောင်းမှတ်ယူရပေမည်။ အချို့က တန်ဆောင်မုန်းလသည် မိုးဥတုကုန်ဆုံးပြီးပွင့်လင်းခြောက်သွေ့လာသည့် ကာလဆောင်းဦးနွေပေါက်အချိန်အခါသို့ ကျရောက်လာသည့်အတွက် မီးလောင်မှုအလွယ်တကူဖြစ်ပွားနိုင်သည့် ရာသီဖြစ်သည်။ မီးနတ်မင်းသည် လူ့ပြည်ကိုဆင်းသက်လာသည်ဟု မှတ်ယူကာမကောင်းသည့်နိမိတ်လက္ခဏာမီးလောင်မှု ဘေးဒုက္ခမှ ကင်းဝေး၊ ကျိန်းကျေရန်အတွက် ယတြာချေသည့် သဘောသက်ရောက်စေ ကာ မီးများကိုထွန်းညှိပြီး ပွဲတော်ကျင်းပခြင်းဖြစ်ကြောင်းလည်း မှတ်ယူကြသည်။
သို့သော်လည်း “အယူမှားသော ဒေဝဒတ်ကို ဆရာတင်မှားသော အဇာတသတ်ဘုရင်သည့်် တန်ဆောင်မုန်းလပြည့်နေ့တွင် ရာဇဂြိုလ်ပြည်၊ အမ္ဗဝနတော၌ သီတင်းသုံးတော်မူသော မြတ်စွာဘုရားရှင်အား ဇီဝက ဆရာ၏ အကူအညီဖြင့်ဦးစွာ ပထမရောက်ရှိဖူးမျှော်ခဲ့ရသည်။ ထိုအခါ (သာမညဖလသုတ်အားဘုရားရှင်ကဟောကြားတော်မူရာတွင် ရှေးကတိတ္ထိဂိုဏ်းဝင်အရည်းကြီးများအား ကိုးကွယ်ခဲ့သည့် အဖသတ်ဘုရင်အဇာ သသတ်သည် အယူမှားကိုဖယ်ရှားကာ ဗုဒ္ဓသာသနာတော်ကိုသက်ဝင်ယုံကြည်ကိုးကွယ်လာသည်။ ဤသည်ကို အကြောင်းပြု၍ တိုင်းသူပြည်သားများက ဗုဒ္ဓဘုရားရှင်အား ဆီမီးထွန်းညှိပူဇော်ကြကုန်လေသည်”ဟူ၍ သီလက္ခန် အဌကထာတွင် ဖော်ပြထားသည်။ မည်သို့ပင်ဆိုစေ ယနေ့မျက်မှောက်ခတ်ကာလတွင် မြို့၊ရပ်၊ရွာ၊ဒေသအသီးသီးတွင် သာမကပဲ လယ်ထဲ၊တောတောင်ထဲတွင်ပါမကျန် လူနေအိမ်များ၊ ဘုန်တော်ကြီးကျောင်း များ၊ စေတီ၊ တန်ဆောင်း၊ ပြသာဒ်၊ နေအိမ်၊ လမ်းများတွင် ရောင်စုံမီးပုံးများ၊ လျှပ်စစ်မီးလုံးအစုံ၊ ဖယောင်းတိုင်မီးများ၊ ဆီမီးခွက်များထွန်းညှိကာပျော်ရွှင်လျှက်ရှိကြသည်။
တန်ဆောင်တိုင်နှင့် မဲဇလီပြုတ်၊သုပ်ဝေငုလှူဒါန်း ကုသိုလ်
တန်ဆောင်မုန်းလပြည့်ည၊ ညနေခင်းတွင် နေရာဒေသအနှံ့အပြားတွင် ဇလီဖူးသုပ်၊ မဲဇလီရွက်ပြုတ်များအား နေအိမ်အချို့တို့တွင် ချက်ပြုတ်ပြီး အသိမိတ်ဆွေများ၊ ဆွေမျိုးမောင်နှမများနှင့် အိမ်နီးချင်းများအား တစ်အိမ်တစ်ခွက်လိုက်လံပေးပို့ကြသလို လမ်းဆုံလမ်းခွများ၌ လူငယ်များစုပေါင်း၍ မဲဇလီရွက်၊ အပွင့်၊ အဖူး တို့နှင့်အတူ ကြာဇံ၊ခရမ်းသီး၊ခရမ်းကစော့သီး၊ငါး၊ပုဇွန်ခြောက်များရောစပ်ကာ မဲဇလီပြုတ်များအား တိုက်ကျွေး ကုသိုလ်ပြုကြသည်။ ထိုညနေတွင် အချို့က မဲဇလီရွက်အရှာခက်၍ ကြက်သားဆန်ပြုတ်၊ ဝက်သားဆန်ပြုတ်၊ခေါက်ဆွဲပြုတ်၊ ကြာဇံပြုတ်များအပြင်၊ ငွေကြေးတတ်နိင်သူများက မိမိတို့နေအိမ်ရှေ့များတွင် စားပွဲများခင်း ကျင်းကာ ခေါက်ဆွဲကြော်၊ ကြာဇံကြော်တို့လည်းကောင်း၊ အအေးများအားလည်းကောင်း၊ မုန့်ဆန်းမုန့်များလည်းကောင်း တန်ဆောင်တိုင်လှည့်လည်သွားလာကြသူများအား ကျွေးမွေးလှူဒါန်းနေကြသည်။
မဲဇလီသုပ်၊မဲဇလီပြုတ်များတန်ဆောင်မုန်းလတွင် စားသောက်ကြသည့်ဓလေ့သည် ရှေးအစဉ်အလာ တစ်ခုလည်း ဖြစ်ပေသည်။ ဆေးပေါင်းခသည့်ညဟုလည်းဆိုကြသည်။ အဘယ်ကြောင့်နည်း။ “ကြိတ္တိကာ နက္ခတ်ကို စောင့်သော ဒဟနီနတ်မင်းသည် လူ့ပြည်သို့ဆင်းကာ မဉ္စူရီပင်(မဲဇလီပင်)စောင့်သော နတ်မင်း ထံသို့ ထိုညအတွက် ညအိပ်တည်းခိုခြင်းပြုလေသည်။ ထိုအခါ၎င်းဧည့်သည်တော် နတ်မင်းအား လူ့ပြည်ရှိ ဘုံမစိုး ရုက္ခစိုးနတ်မင်းများနှင့်တကွ စတုမဟာရာဇ်နတ်ဘုံမှ အာကာသစိုးနတ်တို့ပါ စုရုံးရောက်ရှိလာကြသည်။ ထိုအခါ နတ်သဘင်ပွဲခြိမ့်ခြိမ့်သဲမျှကျင်းပကြသည်ဟု အဆိုရှိလေသည်။ ဤသို့နတ်အပေါင်းစုရုံးရောက်ရှိလာသော မဲဇလီပင်သည် ထိုအချိန်၌ထူးကဲသောဂုဏ်သတ္တိနှင့်ပြီးပြည့်စုံပြီးဆေးပေါင်းခသည်ဟုယူဆကြသည်။
သာရကောမုဒီ ဓာနွန္တရီဓာတုဒီပနီသြသဓရတနာကရစသောဆေးကျမ်းစုအပါအဝင်(ကဝေငါရဆေး ကျမ်း)တွင် တန်ဆောင်မုန်းလပြည့်နေ့ ဆေးအပေါင်းတို့ကို စောင့်သောနတ်တို့သည် မဲဇလီပင်စောင့် နတ်မင်း အား ခစားကြကြောင်း၊ ထိုအခါ မဲဇလီဖူးကို စားသုံးရပါက ဝေဒနာ(၉၆)ပါးကင်း၍ အန္တရာယ်ခပ်သိမ်းကင်းရှင်း ပြီး ဘုန်းကြီးသက်ရှည်ရှိကြောင်း”များကိုဆိုထားသည်။
တန်ဆောင်မုန်းလတွင်ရှေးအစဉ်အလာမပျက် ယနေ့ထက်တိုင် ကထိန်ပွဲခြိမ့်ခြိမ့်သဲသဲ၊ ဆွမ်းကြီးလောင်းပွဲ၊ ဆွမ်းခြောက်လောင်းပွဲများကလည်း ငွေပဒေသာပင်မျိုးစုံနှင့်လှူဖွယ်အစုံအလင်၊ မသိုးသင်္ကန်းယက်ခတ်ပြိုင်ပွဲက မြိုင်မြိုင်ဆိုင်ဆိုင်၊ မဲဇလီပြုတ်ကျွေးမွေးခြင်းကလည်း နေရာအနှံ့ စည်ကားခြင်းများကလည်း ကြက်ပျံမကျ၊ စည်စည်ကားကား၊ ပျော်ရွင်စရာများနှင့်ဓလေ့ထုံးတမ်း အငွေ့အသက်မပြယ်သရွေ့၊ အစဉ်အလာကောင်းများကို ထိန်းသိမ်းနေသရွေ့ တန်ဆောင်တိုင်ပွဲတော်ကြီးသည်လည်း အစဉ်အမြဲ လူတိုင်းရင်တွင်စွဲမြဲနေမည်ဖြစ်ပေသည်။
ကိုးကား ။ ။ လှမောင်မောင်၏ ကထိန်ပွဲတော်(၁၉၈၀)အား မှီငြမ်းသည်။