မော်လမြိုင်၊ နိုဝင်ဘာ ၉

မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ယခုနှစ် ငါးလုပ်ငန်း ရာသီအတွက် သောင်ဆွဲ ပိုက်ချက်များကို တင်ဒါစနစ်ဖြင့် ရောင်းချခဲ့ရာ ငွေကျပ် ၁၉၀၀ သိန်း ကျော်ရရှိသည်ဟု မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ သတင်းရှိသည်။

မွန်ပြည်နယ်ရှိ သောင်ဆွဲပိုက်ချက် ၁၇ ခုထဲမှ ငါးဖမ်းမိများသည့် သောင်ဆွဲပိုက်ချက် ၄ ခုကို မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက အိတ်ဖွင့် တင်ဒါရောင်းချခဲ့ခြင်းဖြစ်သည်။

“တင်ဒါပေးလိုက်ရင် နိုင်ငံတော်ဘဏ္ဍာလဲ တိုးပွားလာသလို အဲနေရာတွေကို ငါးထိကောင်းတဲ့ နေရာအဖြစ်လဲ ကာကွယ်ပေးနိုင်တယ်၊ ဒါပေမဲ့လည်း မရှိဆင်းရဲသားတွေ လုပ်ကိုင်နိုင်ဖို့အတွက် ကျန်တဲ့ ၁၃ ချက်ကို တင်ဒါစနစ်နဲ့ မလုပ်ခြင်းဖြစ်တယ်” မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပြည်နယ်မှူး ဦးသံချောင်းက ပြောသည်။

ကျန်ရှိသည့် သောင်ဆွဲပိုက်ချက် ၁၃ ခုကို လက်လုပ်လက်စားများ လုပ်ကိုင်နိုင်ရန် ချန်ထားခြင်းဖြစ်သည်ဟု ဦးသံချောင်းက ဆိုသည်။ တင်ဒါရောင်းချခဲ့သည့် သောင်ဆွဲ ပိုက်ချက် ၄ ခုမှာ မော်လမြိုင်မြို့ အထ္ထရံဟိုတယ်အနီးရှိ မီးလောင်ပြင်ပိုက်ချက်၊ မုတ္တမ ရွှေဒင်္ဂါးကျွန်းပိုက်ချက်၊ မော်လမြိုင် ညောင်ပင်ဆိပ်ပိုက်ချက်နှင့် ချောင်းဆုံ ကညှော် သောင်ပိုက်ချက်တို့ ဖြစ်သည်။

ကျန်ရှိသည့်ပိုက်ချက်(၁၃)ခုအား လုပ်ကိုင်လိုသူများအနေဖြင့် သက်ဆိုင်ရာငါးလုပ်ငန်းဦးစီးဌာနတွင် ကိရိယာ လိုင်စင်ခွန်လျှောက်ထားစေ၍ အလှည့်ကျ စနစ်ဖြင့် လုပ်ကိုင် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်နယ်တွင် သောင်ဆွဲပိုက်ကို နှစ်စဉ် ရေလုပ်သား ၄၀ ကျော်တို့က စက်တင်ဘာလမှ စတင်ကာ သက်ဆိုင်ရာ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနသို့ ကိရိယာ လိုင်စင်ခွန် ငွေကျပ် ၅၀၀၀ ပေး၍ သောင်ဆွဲပိုက်ချက် ၁၇ ခုကို အလှည့်ကျစနစ်ဖြင့် လုပ်ကိုင်လာခဲ့သည်။

“သောင်ဆွဲပိုက်တွေကို တင်ဒါပေးလိုက်တော့ ငါးများတဲ့နေရာကို ဝင်လာလို့ မရတော့ဘူး။ သောင်ဆွဲပိုက် လုပ်ကိုင်သူ အများစု ထိခိုက်နစ်နာသွားတယ်။ “ ဟု သောင်ဆွဲ ပိုက်လုပ်ကိုင်သူ တစ်ဦးက ပြောသည်။

မွန်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် တင်ဒါ ပိုက်ချက် ရောင်းရငွေ ကျပ်သိန်းပေါင်း ၆၀၀၀ ကျော် ရရှိထားကြောင်း ပြည်နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။

သတင်း – နဒီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.