ဓါတ်ပုံအညွှန်း - Green Bike အဖွဲ့နှင့် ရေးမြို့မှစက်ဘီးစီးနင်းသူများ တနင်္သာရီတိုင်းခရီးစဉ် Photo - Hpone Myat

ရေး ၊ နိုဝင်ဘာ ၁၈

စက်ဘီးများစီးနင်းကာ သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားမှုများဆောင်ရွက်လျက်ရှိသည့် Green Bike အဖွဲ့အပါအဝင် ရေးမြို့မှ ကိုဘုန်းမြတ်ဟန်နှင့် သံဖြူဇရပ်မြို့မှ ဒေါက်တာနေလင်းထက်တို့သည် လာမည့် ဒီဇင်ဘာလမှစတင်ကာ လောင်စာဆီသုံးစွဲမှုလျှော့ချရေးနှင့်

စက်ဘီးယဉ်ကျေးမှုပြန်လည်ထွန်းကားလာစေရေး ရည်ရွယ်ချက်ဖြင့် ပူတာအို-မြစ်ကြီးနား-ရန်ကုန်တို့သို့ စက်ဘီးစီးနင်းကြမည်ဖြစ်သည်ဟု သိရသည်။

လာမည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် ပူတာအိုမြို့က စတင်စီးနင်းမည်ဖြစ်ပြီး မြစ်ကြီးနား၊ ဗန်းမော်၊ ရွေကူ၊ ကသာ၊ ရွှေဘို၊ မန္တလေး၊ ပုဂံ၊ ရေနံချောင်း၊ မကွေး၊ ပြည် အစရှိသည့်မြို့များတွင် ခရီးတစ်ထောက် နားရန်စီစဉ်ထားရှိသည်ဟု ယင်းအဖွဲ့နှင့်အတူ စက်ဘီးစီးနင်းရာတွင်ပါဝင်မည့် ရေးမြို့နေ သဘာဝပတ်ဝန်း ကျင်အရေး တက်ကြွလှုပ်ရှားသူ ကိုဘုန်းမြတ်ဟန်က သံလွင်တိုင်းမ်သို့ ပြောသည်။

“ လမ်းတလျှောက်မှာရှိတဲ့ မြို့တွေက လူမှုအဖွဲ့အစည်းတွေနဲ့တွေ့ဆုံကြမယ်၊ သဘာဝပတ်ဝန်းကျင် အကြောင်း ပြောဆိုဆွေးနွေးကြဖို့ရှိပါတယ် ” ဟု ၎င်းက ပြောသည်။

“ စက်ဘီးကိုပြန်စီးဖို့အားပေးတယ်။ ခုက ကာဗွန်ထုတ်လုပ်မှုကများလာပြီလေ၊ စက်ဘီးက ကာဗွန် လျှော့ဖို့၊ ကျန်းမာရေးအတွက်ကောင်းဖို့ ဓါတ်ဆီဒီဇယ်သုံးတာကိုလျှော့ခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံရဲ့ ထွက်ငွေကိုလဲ လျှော့ပြီးသွားဖြစ်သွားတယ်။ ယဉ်ကျေးမှုအရဆိုရင်လည်း ကလေးတွေမှာဆိုရင်ဆိုင်ကယ်စီးတာ အဆင့်မြင့်တယ်။ စက်ဘီးစီးတာအဆင့်မရှိဘူးဆိုတဲ့အမြင်ရှိတယ် ” Green Bike အဖွဲ့မှ ကိုသက်နိုင်က ပြော သည်။

Green Bike အနေဖြင့် ၂၀၁၀ ခုနှစ်ကတည်းက စက်ဘီးစီးနင်းခဲ့သောအဖွဲ့ဖြစ်ပြီး အထူးသဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်နိုင်မည့် ဒေသများသို့သွားရောက်ကာ ပြည်သူများအား အားပေးစကားပြော ကြားခြင်းတို့ကို ပြုလုပ်ခြင်းနှင့် ယင်းအဖွဲ့တွင် ဝါသနာတူပြီး ပတ်ဝန်းကျင်အားထိန်းသိမ်းချင်သည့်စိတ်ရှိသူများ ပါဝင်ကြောင်းလည်းသိရသည်။

ဓါတ်ပုံအညွှန်း - Green Bike အဖွဲ့နှင့် ရေးမြို့မှစက်ဘီးစီးနင်းသူများ တနင်္သာရီတိုင်းခရီးစဉ် Photo - Hpone Myat
ဓါတ်ပုံအညွှန်း – Green Bike အဖွဲ့နှင့် ရေးမြို့မှစက်ဘီးစီးနင်းသူများ တနင်္သာရီတိုင်းခရီးစဉ် Photo – Hpone Myat

“Green Bike အဖွဲ့ဝင် ၇ ဦးက ပူတာအိုကနေ မြစ်ကြီးနားကို စက်ဘီးစီးမယ်၊ သင်တန်းတွေပေးမယ်၊ ကျွန်တော်နဲ့ သံဖြူဇရပ်က ကိုနေလင်းထက်တို့နှစ်ဦးက မြစ်ကြီးနားကနေ ရန်ကုန်ထိ ဆက်နင်းမယ် ” ဟု ကိုဘုန်းမြတ်ဟန်က ဆိုသည်။

၎င်းတို့အဖွဲ့အနေဖြင့် ပြည်၊ သရေခေတ္တရာမြို့ဟောင်း၊ ထားဝယ်၊ တောင်ကြီး၊ ပင်လောင်း၊ ပေါင်း လောင်း၊ ဖယ်ခုံ၊ ရန်ကုန်မှ မြစ်ဆုံသို့ စက်ဘီးစီးနင်းခဲ့ပြီးဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် သံဖြူဇရပ်မြို့နယ်မှ ရေးမြို့ နယ်၊ အံဒင်ကျေးရွာ၊ ယင်းမှတဆင့် တနင်္သာရီတိုင်း မရမ်းချောင်းဒေသအထိ စက်ဘီးစီးနင်းခဲ့သည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.