မော်လမြိုင်၊ နိုဝင်ဘာ ၁၀

မွန်ပြည်နယ်တွင် ၂၀၁၆ခုနှစ် ၁၀ လအတွင်း လောင်းကစားမှုများ တစ်ရာကျော် ဖမ်းဆီးရမိသည်ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

ချဲထီများ၊ ဖဲဝိုင်းများ၊ ဘောလုံးလောင်းကစားများ၊ ကြက်ဝိုင်းများ စသော လောင်းကစားမှုများကို သက်ဆိုင်ရာ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းဖမ်းဆီးခဲ့ရာ ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလ ထိ မော်လမြိုင်မြို့နယ်တွင် ၂၁ မှု၊ မုဒုံမြို့နယ်တွင် ၂ မှု၊ ကျိုက်မရောမြို့နယ်တွင် ၃ မှု၊ ချောင်းဆုံမြို့နယ်တွင် ၂ မှု၊ သထုံ မြို့နယ်တွင် ၂၇ မှု၊ ပေါင်မြို့နယ်တွင် ၁၉ မှု၊ ရေးမြို့နယ်တွင် ၇ မှု၊ သံဖြူဇရပ်မြို့နယ်တွင် ၅ မှု၊ ဘီးလင်းမြို့နယ်တွင် ၁၃ မှု၊ ကျိုက်ထိုမြို့နယ်တွင် ၁၈ မှု စုစုပေါင်း ၁၁၇ မှု ဖမ်းဆီရမိခဲ့သည်။

“အရင်နှစ်ထက် လောင်ကစားမှုတွေ ကျွန်တော်တို့ ပြည်နယ်မှာ ပိုဖမ်းမိလာတာ ပြည်သူ လူထုတွေ ပူးပေါင်း ပါဝင်လာလို့ပါ။ ကျွန်တော်တို့ပြည်နယ်မှာ လောင်ကစားဝိုင်း တွေကို ခွင့်ပြုပြင်ထားခြင်း မရှိသေးပါဘူး။ လောင်ကစား လုပ်တာတွေ့ရင် သက်ဆိုင်ရာ ရဲစခန်းမှာ တိုင်လို့ရတယ်။ သက်ဆိုင်ရာ ရဲစခန်းက အရေးယူခြင်း မရှိရင် ပြည်နယ်အဆင့်ထိ ဖုန်းဆက်ပြီး တိုင်ကြားလို့ ရတယ်“ဟု မွန်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြည်နယ်ဦးစီးမှူး ရဲမှူးလှမြင့် ကပြောသည်။

အစိုးရသစ်လက်ထက်တွင် မူးယစ်ဆေးဝါးများနှင့် လောင်းကစားမှုများ ဦးစားပေး ဖမ်းဆီး ဆောင်ရွက်လျက်ရှိကြောင်း ပြည်နယ်အတွင်းရှိ လောင်းကစားမှုများ ပပျောက်ရန်အတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များသာမက ပြည်သူများမှာပါ တာဝန်ရှိကြောင်း ရဲမှူးလှမြင့် ကဆိုထားသည်။

“လောင်းကစားဝိုင်းတွေကို ဖမ်းတယ်လို့တာပြောတယ်။ ဘုရားပွဲတွေမှာဆို လောင်းကစားဝိုင်းတွေက တွေ့နေရတယ်။ ဥပမာ ပြောရရင် ရေးမြို့မှာ လုပ်တဲ့ ဘုရားပွဲတွေဆို လောင်းကစားဝိုင်းတွေက စည်ကားနေရော။ ရဲစခန်းကို ဖုန်းဆက်ပြီး အကြောင်းကြားလဲ ဘာမှ မထူးဘူး“ ဟု ရေးမြို့မှ ဒေသခံ တစ်ဦးကပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလထိ လောင်ကစားမှုနှင့်ဆိုင်သည့် ပြစ်မှု ၉၅ မှု ရှိသည်ဟု ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

သတင်း – နဒီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.