မော်လမြိုင်၊ နိုဝင်ဘာ ၉

မွန်ပြည်နယ်တွင် တိုင်းရင်းသားများနှင့် ဆိုင်သည့် ဦးစီးဌာန ရုံးနှစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မွန်ပြည်နယ် အစိုးရရုံးမှ သတင်းရရှိသည်။

ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာနမှ အကြောင်းပြန်စာ ကျရောက်သည့်နေ့တွင် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာနရုံးနှင့် တိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု ဦးစီးဌာနရုံး နှစ်ရုံးကို ဖွင့်လှစ်သွားမည်ဖြစ်သည်။

“ရုံးဖွင့်ခဲ့ရင် ဘတ်ဂျက်ဘယ်လောက်သုံးမယ်။ ဝန်ထမ်းအင်အား ဘယ်လောက်သုံးမယ်ဆိုတာ အန်တီတို့ အတိအကျ မပြောနိုင်သေးဘူး။ ရုံးဖွင့်မယ့် နေရာကို ရထားပြီးပြီ။ ပြည်ထောင်စုက အမိန့်စာ ရောက်တာနဲ့ ဖွင့်သွားမယ်။ မြို့နယ်ရုံးတွေတော့ မထားတော့ဘူး။ ပြည်နယ်ရုံး နှစ်ခုပဲ ထားမယ်“ ဟု မွန်ပြည်နယ် ပအိုဝ့် တိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီး ဒေါ်နန်းစံဝင့်ခိုင်က ပြောသည်။

ထို့ဦးစီးဌာနရုံးများ ဖွင့်လှစ်ပြီးပါက တိုင်းရင်းသားများ ကြုံတွေ့နေရသည့် ပြသာနာများ၊ တိုင်းရင်းသားအများစု နေထိုင်သည့် နေရာဒေသများတွင် ဖွံဖြိုးတိုးတက်လာစေရန် ဒေသခံများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒေါ်နန်းစံဝင့်ခိုင်က ဆိုသည်။

ထို့ရုံးနှစ်ခု ဖွင့်လှစ်သွားမည့် ကုန်ကျစရိတ်သည် တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနများအတွက် သီခြားဘတ်ဂျက် မရှိသောကြောင့် အခြားဝန်ကြီးဌာနများမှ ပိုလျှံ ဘတ်ဂျက်ကို အသုံးပြုသွားမည်ဖြစ်ကြောင်း၊ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှ တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနအတွက် သီးသန့် ဘတ်ဂျက် ရရှိမည်ဟု ဒေါ်နန်းစံဝင့်ခိုင်က ထပ်မံပြောသည်။

“ဒီလိုရုံး ဖွင့်သွားပေးမယ်ဆိုတော့ တိုင်းရင်းသားတွေအတွက် ကောင်းသွားတယ်။ နောက်မဟုတ်ရင် ပြသာနာတစ်ခုဖြစ်တိုင်း ဝန်ကြီးရုံးခန်းကို သွားပြီ တိုင်နေရတယ်။ ဝန်ကြီးရုံးခန်းကို ခဏ ခဏ မသွားချင်ဘူး“ ဟု မွန်ပြည်နယ်ရှိ တိုင်းရင်းသား ကိစ္စများ ကူညီဖြေရှင်းပေးသူ တစ်ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ကရင်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန၊ ပအိုဝ့်တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာနနှင့် ဗမာတိုင်းရင်းသား လူမျိုးရေး ဝန်ကြီးဌာန စုစုပေါင်း တိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဌာန သုံးခုရှိသည်။

သတင်း – နဒီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.