ထဝ်

ယခုနှစ်အတွင်း အဆိုးရွားဆုံးနိုင်ငံရေးစိတ်ပျက်မှုဖြစ်ပြီးနောက်မှာ နောက်ထပ် စိတ်ပျက်စရာ တစ်ခုကို ထပ်ပြီး ခန့်မှန်းပြောဆို လာကြပါတယ်။ အဲ့ဒါကတော့ “တရုတ်နိုင်ငံအနေနဲ့ အမေရိကန်နဲ့ ဆက်ဆံရေးမှာ ရွှေခေတ်ကိုရောက်ပြီလို့ ထင်မြင်ယူဆနေလိမ့်မယ်” ဆိုတဲ့ ခန့်မှန်းပြောဆိုမှုဖြစ်ပါ တယ်။ ဒီခန့်မှန်းပြောဆိုချက်

ဟာ မကြာသေးမှီကမှ မှန်ကန်ခဲ့တဲ့ ခန့်မှန်းချက်တွေထက် ထူးဆန်းတာ တော့လဲ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုခန့်မှန်းတာ ရူးနေလို့လား။ ရွေးကောက်ပွဲမဲဆွယ်ကာလတုန်းက ဒေါ်နယ်ထရမ့်ဟာ တရုတ်နိုင်ငံဟာ ကလေး တွေဆီကနေ သကြားလုံးလိမ်စားသလိုမျိုးပဲ အမေရိကန် ကအလုပ်အကိုင်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို လိမ်ပြီးယူသွားနေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ဟာ တရုတ်ကို ကုန်သွယ်ရေးစစ်ဆင်နွှဲဖို့ ခြိမ်းခြောက်ခဲ့ပါတယ်။ သမ္မတဖြစ်တဲ့ ပထမဦးဆုံးနေ့မှာပဲ တရုတ်ဟာ ငွေကြေးအမြတ်ထုတ်နေသူလို့ သတ်မှတ်ဖို့ ကတိစကားပေးခဲ့ပါ တယ်။ တရုတ်သွင်းကုန်တွေကို ၄၅% အထိ သွင်းကုန်ခွန်သတ်မှတ်ခြင်းဖြင့် အပြစ်ပေးမယ်လို့လဲ ပြောခဲ့ပါတယ်။ ဘားရက်အိုဘားမားနဲ့ ရှီးဂျင်ပင်းတို့ စက်တင်ဘာလတုန်းက လက်မှတ်ထိုးခဲ့ကြတဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ သဘောတူညီမှုကိုလဲ ဆွဲဖြဲပစ်မယ်လို့ ကတိပေးခဲ့ပါတယ်။

ဒီကြားထဲမှာပဲ တရုတ်နဲ့ဆက်ဆံရဖွယ်ရှိသူတွေအဖြစ် ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ထဲပါလာ မယ့်သူတွေအမည်စာရင်းကလဲ စိတ်မသက်သာစရာပါပဲ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာနိုင် ချေများနေသူကတော့ တရုတ်နဲ့ပတ်သက်လာရင် စိတ်မရှည်တတ်တဲ့ နယူးယောက်မြို့ တော်ဝန် ဟောင်း ရူဒီဂူလီယာနီနဲ့ တရုတ်နဲ့ပတ်သက်လာရင် ဆန့်ကျင်မှုရှိသူ ဂျွန်ဘိုတန် တို့ဖြစ်ကြပါတယ်။

ဒါပေမယ့်လဲ တရုတ်ကတော့ တောက်ပတဲ့အခြားတစ်ဖက်ခြမ်းကို မြင်အောင်ကြိုးစားကြည့်နိုင်ဖို့ စတင်နေပါတယ်။ ကြီးထွားလာနေတဲ့ တရုတ်ရဲ့အကောင်းမြင်ဝါဒကတော့ တကယ်လို့သာ ဒေါ်နယ် ထရမ့်ဟာ အလုပ်အကိုင်ကိစ္စနဲ့ အမေရိကန်ပြည်တွင်းဖွံ့ဖြိုးရေးဆိုရင်တော့ သူဟာ ထိတွေ့ဆက်ဆံ ရေးနဲ့ကုန်သွယ်ရေးကို ပြန်ပြီးဦးတိုက်ရမှာပဲ ဆိုတဲ့အမြင်ပဲဖြစ်ပါတယ်။ ရှင်းရှင်းပြောရရင် ကာကွယ်ခုခံ ရေး အယူအဆဟာ အမေရိကန်ကို တစ်ဖန်ပြည်လည်ပြီး မဟာအင်အားကြီးဖြစ်စေမယ် ဆိုတဲ့ ကြွေး ကြော်မှုနဲ့ သဟဇာတဖြစ်လို့ပါပဲ လို့ဆိုပါတယ်။ ရွေးကောက်ပွဲကာလတုန်းက ဒေါ်နယ်ထရမ့် ကြွေး ကြော်ခြိမ်းခြောက်ခဲ့တာတွေဟာ လေပြင်းတိုက်ခတ်ရုံသက်သက်သာဖြစ် တယ်လို့ ဒီတွက်ချက်မှု ကနေတစ်ဆင့် တရုတ်အရာရှိကြီးတွေ မေ ျှာ်လင့်တာထားကြပါတယ်။ ဒေါ်နယ်ထရမ့်အနေနဲ့ တရုတ် နိုင်ငံဟာ ငွေကြေးအမြတ်ထုတ်နေသူလို့ သတ်မှတ်ကောင်းသတ်မှတ်ပါလိမ့်မယ်။ ဒါပေမယ့် ဒီလိုသာ ပြောဆိုသတ်မှတ်မယ်ဆိုရင် စုံစမ်းစစ်ဆေးမှုတွေလုပ်ရဦးမှာဖြစ်ပြီး တစ်နှစ်အတွင်း တရားဝင်စာထုတ်၊ ပုံနှိပ်ဖော်ပြနိုင်မှာမဟုတ်ပါဘူး။ အဲ့ဒီလိုလုပ်ပြီးရင်တောင်မှ နောက်ဆက်တွဲ အနေနဲ့ လက်တွေ့ကျတဲ့ လုပ်ဆောင်ချက်တွေ နဲနဲပဲ လုပ်နိုင်စရာရှိပါတယ်။

ယခုတစ်ပတ်အစောပိုင်းတုန်းက ဒေါ်နယ်ထရမ့်နဲ့ တရုတ်ခေါင်းဆောင် ရှီတို့ ဖုန်းဆက်စကား ပြောခဲ့ကြပြီး ပေကျင်းသတင်းစာ တစ်စောင်ဖြစ်တဲ့ ဂလိုဘယ်တိုင်းမ်က ဒီအကြောင်းကို စကားကြွယ် ကြွယ်နဲ့ သတင်းတင်ဆက်ခဲ့ပါတယ်။ မာစတာ ရှီက ပူးပေါင်းဆောင် ရွက်ရေးကို တောင်းဆိုခဲ့ပြီး ဒေါ်နယ်ထရမ့်က ယခုဖုန်းခေါ်ဆိုမှုကို သံတမန်ရေးအရ အပြစ်ဆိုဖွယ်ရာမရှိ စင်းလုံးချောပါပဲ” လို့ ပြောဆိုခဲ့ကြောင်း၊ အကောင်းမြင်မှုကို ပိုမိုဖြစ်ထွန်းစေခဲ့ကြောင်း၊ နောက်လေးနှစ်တာအတွင်း မဟာ အင်အားကြီးနှစ်နိုင်ငံကို အကျိုးဖြစ်ထွန်းစေမည်ဖြစ်ကြောင်းဖြင့် သတင်းစာက ဖော်ပြခဲ့ပါတယ်။ အမှန်တကယ်ကတော့ မာစတာထရမ့်ဟာ အဓိကအင်အားကြီးနိုင်ငံအကြားဆက်ဆံရေးမှာ လက်တွေ့ ကျတဲ့ နည်းလမ်းနဲ့ ပြန်လည်ပုံဖော်သွားရာမှာ ရန်စွယ်တငေါငေါနဲ့ ဆောင်ရွက်သွားမယ့် အမေရိကန် ခေါင်းဆောင်တစ်ဦးဖြစ်ပြီး ဝါရှင်တန်က နိုင်ငံရေးသမားတွေက သူ့ကို ပြန်ပေးဆွဲ သိမ်းပိုက်မသွားတာ ရယ်၊ သူဟာ စီးပွားရေးသမားဖြစ်ပြီး အခြေခံကျတဲ့ ရှုထောင့်ကနေရှုမြင်တတ်သူဖြစ်တာကို ကျေးဇူး တင်ရမှာဖြစ်ကြောင်း စသည်ဖြင့် ဂလိုဘယ်တိုင်းမ်သတင်းစာက ရေးသားခဲ့ပါတယ်။

ပိုပြီး တင်းမာတဲ့သဘောထားရှိတဲ့ တရုတ်အသိုင်းအဝိုင်းရဲ့ အကောင်းမြင်ဝါဒကတော့ မစ္စတာထရမ့်အစိုးရဟာ ဗရမ်းဗတာနဲ့ စီမံအုပ်ချုပ်နိုင်စွမ်းမရှိပဲ ရေရှည်မှာ ဖွံ့ဖြိုးနေတဲ့တရုတ်နဲ့ယှဉ်ပြီး ကျဆုံးနေတဲ့အမေရိကန်က ယှဉ်ပြိုင်ရမှာဖြစ်တဲ့အတွက် အမေရိကန်ကို သာ အရင်ဆုံးအထိနာစေ မယ်ဆိုတဲ့ အတွေးအပေါ်အခြေခံတွက်ချက်ကြတာဖြစ်ပါတယ်။ ဂလိုဘယ်တိုင်းမ်သတင်းစာကတော့ “ဘယ်လို ဗရမ်းဗတာကိစ္စမျိုးသူဖန်တီးလိမ့်မလဲဆိုတာ ကျနော်တို့ မြင်တွေ့ရပါလိမ့်မယ်” လို့ ပြီးခဲ့တဲ့ တစ်ပတ်ကပဲ ရေးသားဖော်ပြခဲ့ပါသေးတယ်။ ပြီးတော့ ဘားရက်အိုဘားမားရဲ့အစီအစဉ်ကို နောက် ကျောခိုင်းလိုက်တာကိုတွေ့လိုက်ရတဲ့အတွက်လဲ တရုတ်ခေါင်းဆောင်တွေ ကျေနပ်နေပါတယ်။ တရုတ်တွေက ဘားရက်အိုဘားမားရဲ့ အာရှဝင်ရိုး အယူအဆကို အရမ်းမုန်းတီးပါတယ်။ မစ္စတာရှီက ၂၀၁၃ ခုနှစ်တုန်းက တင်ပြခဲ့တဲ့ မဟာအင်အားကြီးနိုင်ငံအကြားဆက်ဆံရေး ဆိုတဲ့ နှစ်ဖက်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးအစီအစဉ်ကို လက်မခံခဲ့တဲ့ ဘားရက်အိုဘားမားရဲ့ နှစ်ဖက်လုံးရှုံးစေတဲ့ စိတ်ဓါတ်မျိုးကို ခါးသီးနေခဲ့ပါတယ်။

ဒါ့ကြောင့် ဒေါ်နယ်ထရမ့်အနေနဲ့ ကျမ်းကျိန်မိန့်ခွန်းပြောပြီးတာနဲ့ နှစ်နိုင်ငံခေါင်းဆောင်အကြား ပထမဦးဆုံး တွေ့ဆုံပွဲမှာ ဘာတွေ များဆွေးနွေးကြမလဲဆိုတာ ခုကတည်းက ခန့်မှန်းလို့ရပါတယ်။ ရွေးကောက်ပွဲအနိုင်ရမိန့်ခွန်းပြောတုန်းက ဒေါ်နယ်ထရမ့်ဟာ အဝေးပြေး လမ်းမကြီးတွေ၊ တံတား တွေ၊ တူးမြောင်းတွေ၊ လေဆိပ်တွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ ဆောက်လုပ်ပေးဖို့ဆိုပြီး ကွန်ကရိ လောင်းတဲ့ ကတိတွေပေးခဲ့ပါတယ်။ မာစတာရှီကလည်း သူတို့ဟာ ဆောက်လုပ်ရေးလုပ်ငန်းမှာ ကျွမ်းကျင်ကြောင်း ဆွေးနွေးပါလိမ့်မယ်။ တရုတ်ဟာ အမေရိကန်မှာမရှိတဲ့ မိုင် ပေါင်း ၁၂၀၀၀ ရှိတဲ့ ကျည်ဆံရထားလမ်းတွေကို ဆောက်လုပ်ပိုင်ဆိုင်ထားတဲ့အတွေ့အကြုံရှိကြောင်း ဟိုးဗား ရေကာတာ လောက်မြင့်ပြီး ခြောက်ဆလောက်ပိုရှည်တဲ့ ယန်စီမြစ်ထဲက သရီးဂျော့ရေကာတာကို ဆောက်လုပ်ခဲ့ တဲ့အတွေ့အကြုံရှိ ကြောင်း ပြောပါလိမ့်မယ်။ မစ္စတာရှီအနေနဲ့ ငွေကြေးထောက်ပံ့မှု ပေးနိုင်ကြောင်း ကိုလည်း ပြောဆိုမှာဖြစ်ပြီး သမ္မတသစ်ရဲ့ဆောက်လုပ်ရေး လုပ်ငန်းတွေကိုအားဖြည့်ပေးဖို့ တရုတ်မှာ ကျွမ်းကျင်မှုတွေရှိကြောင်းကိုလဲ ပြောဆိုမှာဖြစ်ပါတယ်။ ပြီးတော့ ဒီလိုကူညီတာဟာ အမေရိကန်မှာ အလုပ်အကိုင်တွေဖန်တီးပေးလိုလို့ဖြစ်ကြောင်းကိုလဲ အထူးအလေးပေးပြောဆိုမှာဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် အမေရိကန်အနေနဲ့ စိတ်ကောင်းစေတနာရောင်ပြန်ဟပ်ကြောင်း ဖော်ပြတဲ့အနေ နဲ့ သမ္မတအိုဘားမားက ငြင်းဆိုခဲ့တဲ့ တရုတ်ဦးဆောင်နေတဲ့ အာရှအခြေခံအဆောက်အဦးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုဘဏ်ကို အမေရိကန်အနေနဲ့ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ပေးစေလိုကြောင်း ပြောပါမယ်။ ပြီးတော့ အာရှနဲ့ဥရောပကိုဆက်တဲ့ လမ်းနဲ့ အခြေခံအဆောက်အဦးတွေတောက်လုပ်မယ့် “ခါးပတ် လမ်းကြောင်းနဲ့လမ်းများ” ဆိုတဲ့ မစ္စတာရှီရဲ့ အစီအစဉ်ကိုလဲ ထောက်ခံပေးဖို့ ပြောပါဦးမယ်။ မစ္စတာ ထရမ့်ရဲ့အကြံပေးကတော့ ဒါတွေဟာ လုပ်ဆောင်ရမယ့်လုပ်ငန်းထဲ ပါပြီးသားပါပဲလို့ ပြောပါ လိမ့် မယ်။
international-article-photo
တစ်ဖက်မှာလဲ လူပြောသူပြောနည်းတဲ့ ပျားရည်ဆမ်းကိစ္စတစ်ခုရှိနေပါတယ်။ တရုတ်ကတော့ ဒါကို ဆန္ဒရှိနေပါတယ်။ အဲ့ဒီ အတွက် တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတကာဆက်ဆံရေးရှိဖို့ဟာ မစ္စတာရှီ အတွက် အရေးတကြီးလိုအပ်နေပါတယ်။ မစ္စတာရှီဟာ နောက်နှစ်မှာ ပါတီခေါင်းဆောင်အပြောင်း အလဲလုပ်ဖို့ စီစဉ်နေပါတယ်။ သူ့ရည်ရွယ်ချက်က သူ့အာဏာကို ပါတီတွင်းမှာ ပိုမိုခိုင်မာအောင် လုပ်ဆောင်ဖို့ပဲ။ ဒါမှသာ သူ့ကိုဆက်ခံမယ့်သူကို သူ့စိတ်ကြိုက်ရွေးချယ်နိုင်တဲ့ အခြေအနေရမှာ မို့လို့ဖြစ်ပါတယ်။ ဒါကို အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်ဖို့ သူ အာရုံစိုက်ရပါလိမ့်မယ်။

ဒါပေမယ့် ပျားရည်ဆမ်းကာလကို ထာဝရတည်တံ့ဖို့တော့ မမျှော်လင့်သင့်ပါဘူး။ တရုတ်အနေနဲ့ မစ္စတာထရမ့်ရဲ့ ကုန်သည်ဆန်တဲ့ အခြေခံသိစိတ်ရဲ့ အားသာချက်ကို လျော့မတွက်သင့်ပါဘူး။ အမေရိကန်ဒေါ်လာကို ရေရှည်တည်တံဖို့အတွက် ကိုယ့်ငွေကြေးကိုပဲ ပြန်လည်စီမံခန့်ခွဲဖို့ ဆိုတဲ့ ဒုတိယစိတ်ကူးမျိုးလဲ ရှိကောင်းရှိနေနိုင်ပါတယ်။ အရှေ့အာရှမှာ အမေရိကန်အာဏာကို တည် ဆောက်ထားဖို့ အတွေးကလဲ ပြန်လည်ခေါင်းထောင်လာနိုင်ပါတယ်။ ဒီဆောင်းပါးကို ပုံနှိပ်နေစဉ်မှာပဲ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်ဟာ သူ့ ကိုယ်သူကာကွယ်နိုင်ဖို့အတွက် ရှေ့ဆက်ဆောင်ရွက် သွားမယ်လို့ အမေရိကန်ခေါင်းဆောင်လောင်း ဒေါ်နယ်ထရမ့်ကို ဖုန်းဆက်ပြောဆိုခဲ့ပါတယ်။

မဟာအင်အားကြီးနှစ်နိုင်ငံအကြားဆက်ဆံရေးကို ဘယ်အကြောင်းတရားတွေက ဆိုးရွာစေမ လဲဆိုတာကိုလဲ ဘယ်သူမှ မသိနိုင်ပါဘူး။ ၂၀၀၁ ခုနှစ်တုန်းက အမေရိကန်ထောက်လှမ်းရေး လေယာဉ်နဲ့ တရုတ်တိုက်လေယာဉ်တို့ ဝေဟင်မှာ တိုက်ခိုက်မိကြတဲ့ကိစ္စလိုမျိုး နှစ်နိုင်ငံခေါင်းဆောင် တွေအကြား စိတ်ဆိုးဒေါသဖြစ်စရာအကြောင်း ကြီးကြီးမားမားတော့ ဒီတစ်လောမှာ မရှိနေပါဘူး။ သို့သော်ငြားလည်း အဲ့လိုမျိုးမတော်တဆကိစ္စတွေက တောင်တရုတ်ပင်လယ်နဲ့ အရှေ့ပိုင်း ပင်လယ် ထဲမှာ ဖြစ်နိုင်ချေများများစားစားရှိနေတယ်လို့လဲ တွေးစရာရှိပါတယ်။ နိုင်ငံတကာဆက်ဆံ ရေးမှာ မစ္စတာထရမ့်တစ်ယောက်တည်းသာ ရင်ဆိုင်ဖြတ်ကျော်ရမှာမဟုတ်ပဲ မစ္စတာရှီလဲ ဖြတ်ကျော်ရင်ဆိုင် ရမှာပဲ ဖြစ်ပါတယ်ဆိုတာ မမေ့ဖို့လိုပါတယ်။

ရင်းမြစ် – အီကော်နောမစ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.