ကျွန်တော်တို့ငယ်ငယ်က ဘိုးဘွားမိဘတွေဟာ ကျွန်တော်တို့ကို ပုံပြင်တွေပြောပြကြပါတယ်။ အဲဒီ ပုံပြင် တွေနဲ့ကျွန်တော်တို့ကို မသိမသာ ဆုံးမပါတယ်။ စိတ်ဝင်စားစရာကောင်းတဲ့ပုံပြင်တွေကို နားထောင်ချင်စိတ်နဲ့ ပုံပြင် ပြောပြပါလို့ပူစာယင်း ကျွန်တော်တို့ဟာ ဘိုးဘွားများရဲ့အဆုံးအမတွေကို နာခံဖို့အဆင်သင့်ဖြစ်နေ<!--more-->

တတ်ပါတယ်။ ကျောင်းရောက်တဲ့အခါ ဆရာတွေကလည်းပုံပြင်တွေပြောယင်း၊ ကလေးကဗျာများကို ရွတ်ဆိုသင်ကြားယင်း ကျွန် တော်တို့ကို ဖြေဖျော်တင်ဆက်မှုတွေနဲ့ အသိပညာပေးဆုံးမပြန်ပါတယ်။ တကယ်တော့ ငယ်စဉ်ကသင်ကြား နားဆင် ခဲ့ရတဲ့ ကဗျာနဲ့ပုံပြင်တွေဟာ စကားပြောစာပေတွေပဲဖြစ်ပါတယ်။ ဒါကြောင့်လည်း ပုံပြင်များ၊ကလေးကဗျာများနဲ့ ကျွမ်းဝင်ရင်းနှီးယင်း ကျွန်တော်တို့ဟာ မိခင်ဘာသာ (Mother Tongue) ဖြစ်တဲ့စာကဗျာတွေကို ချစ်ခင် မြတ်နိုး စိတ်များ စတင်ဖြစ်ပေါ်ခဲ့ရပါတယ်။

ကလေးကဗျာနဲ့ပုံပြင်တွေဟာ ကလေးတွေကို ဆုံးမစရာစာပေအဖြစ် ဘာကြောင့်အသုံးဝင်သလဲဆိုတာ ကျွန်တော်စဉ်းစားပါတယ်။ ပုံပြင်ဆိုတာ စိတ်ဝင်စားစရာဇာတ်လမ်းတွေနဲ့ တန်ဆာဆင်ထားတဲ့အတွက် ကလေးတွေ သာမက လူကြီးတွေလည်းစိတ်ဝင်စားကြပါတယ်။ ကဗျာသီချင်းဆိုတာကလည်း ရွတ်ဆိုသီကျူးချင်စရာကောင်းပြီး သံသာနာပျော်ဘွယ်လည်းဖြစ်တာမို့ လူတိုင်းစိတ်ဝင်စားကြပါတယ်။ ကျွန်တော်တို့တွေဟာ မိမိတို့စိတ်ဝင်စားသမျှ အရာတွေကိုတစ်သက်လုံးမှတ်မိနေတတ်ပါတယ်။ ဒီတော့ကာ ကဗျာတွေပုံပြင်တွေကို အသည်းစွဲနေသမျှ အဲဒီထဲမှာ ပါဝင်နေတဲ့အဆုံးအမတွေကိုလည်း အမြဲမှတ်မိနေပါတယ်။ ဒါကြောင့်အမြဲမှတ်မိနေတဲ့ကဗျာတွေ ပုံပြင်တွေကို ရွတ် ဆိုမိ၊ပြန်လည်တွေးတောမိယင်း အဆုံးအမတွေဟာ ကလေးတွေသာမက လူကြီးတွေကိုပါ ကိုယ်ကျင့်တရားနဲ့ အတ္တ ပရနှစ်ဖြာအကျိုးကို ထိန်းကျောင်းစောင့်ရှောက်နေကြောင်း ကျွန်တော်နားလည်လိုက်ပါတယ်။ ဒါကြောင့် ပုံပြင်တွေ၊ ကလေးကဗျာတွေဟာ ကလေးတွေကိုဆိုဆုံးမတဲ့နေရာမှာ အစွမ်းထက်နေတာပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့သင်ယူခဲ့ရတဲ့ ဆရာကြီးမင်းသုဝဏ်နဲ့တကွကဗျာဆရာကြီးများရဲ့ကလေးကဗျာတွေဟာ စကား လုံးတွေ ရှင်းလင်းလွယ်ကူသလောက် အသံချိုသာပြီး ကာရံတွေလည်း ညီညွတ်ပြေချောနေတာမို့ အသက် အရွယ် ကြီးရင့်လာတဲ့တိုင်အောင် နားထဲစွဲငြိနေပြီး ကဗျာတော်တော်များများကိုကျွန်တော်တို့ မှတ်မိ ရွတ်ဆိုမိ နေတုန်းပဲ ဖြစ်ပါတယ်။

၂၀၁၆ခုနှစ် နိုဝင်ဘာလ(၅)ရက်နေ့က နေပြည်တော်ရှိမြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင် ဗဟိုဌာန(၂)မှာ ပြန်ကြားရေးဝန်ကြီးဌာနကစီစဉ်တဲ့ “ကလေးစာပေပွဲတော်၊ကလေးစာပေပြပွဲနဲ့စာအုပ်ဈေးရောင်းပွဲတော်”ကို ကျင်း ပပြုလုပ်ခဲ့ပါတယ်။အဲဒီအခမ်းအနားမှာ နိုင်ငံတော်သမ္မတကြီးဦးထင်ကျော်က “ကလေးစာပေဟာ မိမိတို့ရဲ့ကလေး လူငယ်များကို အပြစ်ကင်းအောင်၊ပျော်ရွှင်အောင်နဲ့ချစ်စရာအကောင်းဆုံးလူသားများဖြစ်အောင် ဖန်တီးရေးဖွဲ့ကြရ တဲ့စာပေဖြစ်တဲ့အတွက် မိမိတို့အတွက်အလွန်တန်ဖိုးရှိတယ်လို့ပြောရမှာဖြစ်တယ်”လို့ ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတကြီးရဲ့ဖခင်ဟာလည်း ကလေးတွေကိုချစ်ခင်မြတ်နိုးပြီး ကလေးတွေရဲ့အနာဂတ်လှပ အောင် ပြုလုပ်ပေးချင်တဲ့စေတနာအပြည့်အဝနဲ့ ကလေးကဗျာတွေကို ရေးစပ်သီကုံးခဲ့တဲ့ ဆရာကြီးမင်းသုဝဏ်ဖြစ် ကြောင်းလူတိုင်းသိကြပါတယ်။ ဒါကြောင့် သမ္မတကြီးက ထိုအခမ်းအနားမှာ မိမိနဲ့ငယ်စဉ်ကတည်းက လက်ပွန်းတ တီး ဖြစ်ခဲ့တဲ့ကလေးကဗျာတွေအကြောင်းကိုဆက်ပြောပြပါတယ်။

“ဝါဆိုဝါခေါင် ရေတွေကြီးလို့”ဆိုတဲ့ကဗျာဟာ ဘယ်အချိန်ကစခဲ့သလဲဆိုရင် (၁၉၃၁) ခုနှစ် ဇွန်လမှာ အဘိုးကဗျာဆရာကြီးဟာ ဗမာပြည်မှာရှိတဲ့ကလေးတွေ၊ကျောင်းသားကျောင်းသူတွေအတွက် ဟိုတုန်းကသင်ရိုးမှာ ကလေးကဗျာဆိုတာ မရှိခဲ့ကြောင်း၊ ပညာဝန်က ကလေးတွေဆိုနိုင်အောင် ကလေးကဗျာတွေသင်ပေးပါဆိုတဲ့ မိန့် ကြားစာထွက်လာတဲ့အတွက် သင်စရာကဗျာကလည်းမရှိ အင်္ဂလိပ်ကဗျာတွေကိုလည်း မသင်ချင်တဲ့အတွက် ကဗျာဆရာကြီးဟာသူ့ဘာသာတွေးတောကြံဆပြီး ဒီကဗျာလေးကိုစပ်ခဲ့ကြောင်း သမ္မတကြီးကပြောပြပါတယ်။

“သပြေသီးကောက်”ကဗျာနဲ့အတူ “ဥပုသ်စောင့်”ကဗျာကိုလည်းတစ်ရက်တည်း ရေးစပ်ခဲ့ကြောင်း၊ဆက် လက်ပြီး နောက်တစ်ပတ်အတွင်း“ပိုးစုန်းကြူး”၊“တောက်တဲ့”စတဲ့ကဗျာ(၇)ပုဒ်ကိုရေးခဲ့ကြောင်း။ဆရာကြီးမင်းသုဝဏ် နိုင်ငံခြားမှာ (၁၉၃၆မှ၁၉၃၉)ခုနှစ်အထိ စာသွားသင်တဲ့အချိန် ရေခြားမြေခြား ပတ်ဝန်းကျင်တွေကိုလေ့လာမိပြီး ကလေးများရဲ့ ပတ်ဝန်းကျင်မှာ ရှိတာ၊ ကလေးများနဲ့နီးစပ်တာကို သူစဉ်းစားမိ ကြောင်း၊ ဆရာကြီးဟာ ကျေးလက် တောတောင်မှာကြီးပြင်းခဲ့သူမို့ ကျေးလက်သဘာဝကို သတိရကြောင်း ၊မြန်မာပြည်ကို သတိရကြောင်း၊ ဒါကြောင့် “လယ်စောင့်တဲလေး” ဆိုတဲ့ ကဗျာလေးကို လွန်ခဲ့တဲ့နှစ်(၈၀)ကစပ်ဆိုခဲ့ကြောင်း သမ္မတကြီးကပြောပြခဲ့ပါတယ်။

ဆရာကြီးမင်းသုဝဏ်ဟာ (၁၉၀၉)ခုနှစ်မှာမွေးပြီး အသက်(၉၆)နှစ်အရွယ်(၂၀၀၅)ခုနှစ်မှာ ကွယ်လွန်ခဲ့ပါ တယ်။ဆရာကြီးဟာ ကလေးပုံပြင် (၄၀၀)ကျော် ရေးသားခဲ့ပြီး စာပေရေးသားနိုင်တဲ့အချိန်အထိ ကဗျာ၊ပုံပြင်၊ငှက်အ ကြောင်းနဲ့ နက္ခတ်တာရာများအကြောင်းကို ရေးသားခဲ့ပါတယ်။

ဆရာကြီးမင်းသုဝဏ်ရဲ့ကလေးကဗျာတွေကို ကျွန်တော်ဟာ ငယ်စဉ်ကနေ ယခုအချိန်တိုင်အောင် နှစ် သက်မြတ်နိုးလျက်ရှိပါတယ်။အဲဒီကဗျာတွေအနက် ဆရာကြီးက ကလေးလူငယ်တွေ မိမိတို့ပတ်ဝန်းကျင်က အလှ အပတွေကို ဂရုစိုက်တတ်ပြီး မိမိတို့ဒေသ၊မိမိတို့နိုင်ငံကိုချစ်မြတ်နိုးစိတ်ဖြစ်ပေါ်လာအောင် ရေးစပ်သီကုံးပေးထား တဲ့“လယ်စောင့်တဲလေး” ကဗျာကိုတော့ ကျွန်တော်တစ်မျိုးတမည် စိတ်ဝင်စားခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီ “လယ်စောင့်တဲလေး” ကဗျာကို မှီးပြီးရေးသားသီကုံးခဲ့တဲ့ ဆရာသုမောင်ရဲ့“ကဗျာစောင့်တဲ့ငါ”ဆိုတဲ့ ကဗျာကို ဖတ်လိုက်ရလို့ပဲဖြစ်ပါတယ်။ ဆရာသုမောင်က သူ့ရဲ့ရသဆောင်းပါးစုစာအုပ်တစ်အုပ်ထဲမှာ ဆရာကြီးမင်းသုဝဏ် ရဲ့ “လယ်စောင့်တဲလေး”ကဗျာနဲ့အတူ ယင်းကဗျာကိုမှီးပြီးရေးစပ်သီကုံးထားတဲ့ သူ့ကဗျာကို ပူးတွဲဖေါ်ပြခဲ့ပါတယ်။

“လယ်စောင့်တဲလေး”
မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ်အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုတ်အောက်မှာတည်
ကြာနီတစ်ပွင့် ဖြူတစ်ပွင့် တဲနဲ့ ပနံတင့် ။ ။

(မင်းသုဝဏ်)

ငယ်ငယ်က အဲဒီကဗျာလေးရဲ့အဓိပ္ပာယ်ကို ရိုးရိုးစင်းစင်းပဲ သိခဲ့ပါတယ်။ကောင်းကင်ကရွာချလိုက်တဲ့ မိုးရေ တွေ၊ ရေတက်ချိန်မှာမြစ်ချောင်းတွေကနေစီးဝင်လာတဲ့ရေတွေဟာ လယ်ကွင်းပြင်ကျယ်ကြီးတခုလုံးရေတဖွေးဖွေး ဖြစ်နေပါတော့တယ်။ မိုးကုတ်စက်ဝိုင်းကြီးရဲ့အောက် အဲဒီလယ်ကွင်းပြင်မှာတော့ ခြေတံရှည်လက်စောင့်တဲကလေး တစ်တဲ တည်ရှိနေပါတယ်။ လယ်စောင့်တဲဝန်းကျင် ရေပြင်မှာအနီရောင်နဲ့ အဖြူရောင်ကြာနှစ်ပွင့်ကတော့ လယ် စောင့်တဲလေးနဲ့ပနံတင့်အောင်ပွင့်လန်းနေပါတယ်။ ဒီအတိုင်း ဆရာကြီးက ပြောပြ(Message)ပေးခဲ့တာပဲ ဖြစ်မယ် ထင်ပါတယ်။ ကဗျာဆိုတာ ရေးသားတဲ့ကဗျာဆရာက ဘယ်လိုအဓိပ္ပာယ်နဲ့ပြောပြော ကဗျာဖတ်သူက ယူဆချင်သ လိုယူဆခွင့်ရှိတယ်လို့ ကျွန်တော့်ထင်ပါတယ်။ ဒါကြောင့်ဆရာသုမောင်ရဲ့ ကဗျာကိုဖတ်လိုက်ရပြီး နောက်မှာတော့ “လယ်စောင့်တဲလေး” ကဗျာဆီက ကျွန်တော် အတွေးပုံရိပ်(Concept) တစ်ခုထပ်ရလိုက်ပါတယ်။

                 “ကဗျာစောင့်တဲ့ငါ”

                 ခြေအစုံရပ်နေတဲ့ ငါ့ရဲ့လက်တွေက 
                လ, ကိုဖမ်းဖို့ ဆန့်တန်းကြိုးစားနေခဲ့
                 ကြာကြီးကြာလှပေါ့။
                ဒါပေမယ့် တိမ်မည်းတွေကပဲ 
 ငါ့လက်တွေကို ကိုက်ဖဲ့သွားကြတယ်။
                      လှုပ်စိလှုပ်စိနဲ့မို့ ငုံ့ကြည့်လိုက်တော့
                 ငါ့ခြေရင်းမှာ ကဗျာနှစ်ပုဒ်
                      အဖြူရောင်နဲ့အနီရောင်
                လှလိုက်တာလေ
                 နေဦး- ငါ့ဇာတာနဲ့အတူ
                အိမ်ခေါင်မိုးမှာ ထိုးထားလိုက်ဦးမှ။     ။
                            သုမောင်

ကဗျာရဲ့ခေါင်းစဉ်ကို မြင်လိုက်တဲ့အခါ သုမောင်ဆိုတဲ့ငါကို ကဗျာက စောင့်ရှောက်တယ် ဆိုတဲ့  အဓိပ္ပာယ် လို့ကျွန်တော် ထင်လိုက်ပါတယ်။ ကျွန်တော် နားလည်လိုက်တဲ့ဒီကဗျာရဲ့အဓိပ္ပာယ်ကတော့ “ဘဝမှာ အောင်မြင်မှု တွေကို ရရှိဖို့အတွက် လက်ကိုဆန့်တန်းပြီး  ငါကြိုးပမ်းးခဲ့ပါတယ်။ဒါပေမယ့် အနှောက်အယှက်တွေ၊အခက်အခဲတွေ က ငါ့ကို ရှုံးနိမ့်စေခဲ့ပါတယ်။ဒါဟာတစ်ခုခုမှားနေလို့ဖြစ်မယ်။ နေဦး သိပြီ။ ငါ့အနားမှာ ကဗျာအနီဖြစ်တဲ့သုတစာပေနဲ့ ကဗျာအဖြူဖြစ်တဲ့ရသစာပေတွေရှိနေနှင့်တာပဲ ။ ဒီတော့ ငါ့ရဲ့ဆက်ပြီးကြိုးပမ်းမယ့်အောင်မြင်မှုအတွက် ငါ့ဘ၀ ဇာတာကို ထိန်းကျောင်းတည့်မတ်ဖို့ ငါဒီစာတွေဖတ်ရမှာပါကလား။မပြီးသေးဘူး။ ဒီစာတွေမပျောက်ပျက်ရလေ အောင်ထိန်းသိမ်းစောင့်ရှောက်ဖို့လည်းငါ့မှာ  တာဝန်ရှိနေတာကိုး”ဆိုပြီး ကျွန်တော်အဓိပ္ပာယ်ကောက်လိုက်ပါတယ်။

ဒီလိုအဓိပ္ပာယ်ကောက်လိုက်တာနဲ့ လယ်စောင့်တဲကနေလယ်ကိုစောင့်ရှောက်သူဟာ စပါးခင်းကို မိုးရေ တက်ရေတွေ မဖုံးလွှမ်းရအောင်၊တိရစ္ဆာန်တွေ မသမာသူတွေမဖျက်ဆီးမခိုးယူနိုင်အောင် စောင့်ရှောက်နေချိန်မှာ သူဟာ “ဒီစပါးတွေသာ မပျက်မစီး ပွင့်သီးအောင်မြင်လိုက်ရင်တော့ ငါဟာအကျိုးစီးပွားတွေဖြစ်တော့မှာ ပါက လား”ဆိုပြီးတွေးနေမှာကိုကျွန်တော်စဉ်းစားမိသွားပါတယ်။(ဒီနေရာမှာ လယ်စောင့်သူကို လယ်ပိုင်ရှင်လို့ပဲ ကျွန် တော်ယူဆပါတယ်။)ကျွန်တော်က လယ်စောင့်တဲအနီးကကြာဖြူ ကြာနီနှစ်ပွင့်ကိုသတိရလိုက်ပြီး လူဆိုတာ အတ္တ အတွေးတစ်ခုတည်းနဲ့တော့မတင့်တယ်နိုင်ဘူး။ ငါ အကျိုးရှိသလို ပြည်သူပြည်သားတွေလည်း ၀၀လင်လင် ဖေါဖေါ သီသီ စားသုံးနိုင်တော့မှာပါကလားဆိုတဲ့အတွေးကိုလည်းအတူ တွေးတောပျော်ရွှင်နိုင်မှသာ ကြာနီတစ်ပွင့်ဖြူတစ် ပွင့်နဲ့ ပနံတင့် နေတဲ့ လယ်စောင့်တဲကလေးလို လူဟာလည်း အတ္တ ပရ မျှတတဲ့စိတ်ထားနဲ့ တင့်တယ်နေမယ်ဆိုတဲ့ Concept) စိတ်ကူးပုံရိပ်အသစ်တစ်ခု ကျွန်တော် ရလိုက်တာပဲဖြစ်ပါတယ်။ ဒီတော့ အော် ကလေးကဗျာဆိုတာ ကလေးအတွေးနဲ့ကလေးတွေကိုသာ ဆုံးမနိုင်ရုံမက လူကြီးတွေးနဲ့ တွေးကြည့်တတ်ရင် ခုလိုလူကြီးတွေကိုလည်း လမ်းညွှန်ဆုံးမနိုင်ပါကလားဆိုပြီး ကျွန်တော်မှတ်ချက်ချလိုက်မိပါတော့တယ်။

အဲဒီကလေးစာပေပွဲတော်အခမ်းအနားမှာပဲ ပြန်ကြားရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဒေါက်တာဖေမြင့် (စာရေးဆရာဖေမြင့်) ကလည်း စာဖတ်ခြင်းဖြင့် အသိပညာကြွယ်ဝတဲ့ကလေးတွေဖြစ်လာမှာဖြစ်ကြောင်း ၊မိမိတို့ရေး ထားတဲ့ဆောင်ပုဒ်မှာ“အိမ်တစ်အိမ်၊စာအုပ်စင်တစ်စင်၊ကျောင်းတစ်ကျောင်း စာကြည့်တိုက်တစ်တိုက်ဖြစ်ပါကြောင်း ၊ ငယ်ရွယ်စဉ်မှာ စာအုပ်စာတမ်းများနဲ့ထိတွေ့နေတတ်တဲ့ကလေးတွေဟာ စာအုပ်ထဲက အသိပညာဗဟုသုတတွေ ရ ရှိတဲ့အတွက် ကျန်တဲ့ကလေးတွေထက် ပိုမိုထူးချွန်တဲ့လူတော်လူကောင်းတွေဖြစ်နိုင်ပါကြောင်း ပြောကြားခဲ့ပါတယ်။

ဒီတော့ စာကောင်းကဗျာကောင်းတွေဟာ နှလုံးသားနုနယ်ပြီးထိလွယ်ရှလွယ်တဲ့ကလေးတွေကို လိမ္မာရေး ခြားရှိအောင် အလွယ်တကူ ပြုပြင်နိုင်တယ်ဆိုတာ ထင်ရှားနေပါတော့တယ်။ ဒီလိုလိမ္မာရေးခြားရှိတဲ့ကလေးတွေ ဟာ ဘဝတစ်လျှောက်လုံး စာကဗျာတွေနဲ့အဆက်မပြတ် ဆက်လက်ယဉ်ပါးနေမယ်ဆိုရင်တော့ ရသစာပေက မိမိတို့ရဲ့ကိုယ်ကျင့်တရားနဲ့အများအကျိုးဆောင်ရွက်လိုစိတ်မွေးဖွားပေးပြီး သုတစာပေက မိမိရဲ့ အကျိုးစီးပွားကို ဖေါ်ဆောင်ပေးမှာဖြစ်တဲ့အတွက် မိမိတို့ဟာ တစ်သက်လုံး အောင်မြင်ကြီးပွားလူကြိုက်များ နေမှာပဲ ဖြစ်ပါတယ်။

ဒါကြောင့် သက္ကရာဇ်ဇာတာတွေနဲ့ ဖွဲ့ဆိုထားတဲ့ ကျွန်တော့်တို့ဘဝတွေကို မတိမ်းမစောင်းရလေအောင် စာကဗျာတွေက စောင့်ရှောက်နိုင်စေဖို့အတွက်နဲ့မျိုးဆက်သစ်တို့ရဲ့အနာဂါတ်လှပဖို့အတွက်ကျွန်တော်တို့ကိုယ်တိုင် ကလည်း ကလေး လူငယ်စာပေနဲ့ တကွ စာကဗျာအားလုံးကို မပျောက်ပျက်အောင် အမြဲတစေ ထိန်းသိမ်းစောင့် ရှောက်နေရမှာဖြစ်ပါတယ်။

တင်အောင်စန်း(မော်လမြိုင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.