တင်ဆက်သူ-TU Arkar Min
တေးသံရှင် ရတနာမိုင်ရဲ့ အလွမ်းသင့်ပန်းချီသီချင်းလေးကို ကလေးရော လူကြီးပါမကျန် အားလုံးကြိုက်ပါ တယ်။ ရတနာမိုင်ဟာ တေးသီချင်းကောင်းတွေကို သီဆိုတတ်လေ့ရှိတာမို့ သူမရဲ့တေးသီချင်းတွေကို အထူး တလည် ကြေငြာစရာမလိုတော့ဘူးလို့ထင်ပါတယ်။မကြာသေးမီကမှ ထွက်ရှိထားတဲ့ “သူသိစေ” အခွေသစ်ကို မော်လမြိုင်မှာ လာရောက်မိတ်ဆက်မယ်ဆိုတော့ ရတနာမိုင်နဲ့ သံလွင်တိုင်းမ်တို့ အင်တာဗျူးထားတာတွေကို တင်ဆက်ပေးလိုက်ပါတယ်
မေး-သူသိစေ ဆိုတဲ့တစ်ကိုယ်တော်တေးစီးရီးအယ်လ်ဘန် အသစ်ကို ပရိတ်သတ်တွေကိုချပြခဲ့ပြီဆိုတော့ ဒီ Title လေးပေးဖြစ်ပုံ ပြောပြပေးပါဦးအစ်မရေ။
ဖြေ-ဒီသီချင်းကို ကြွေကာပျက်စီးနဲ့ အောင်မြင်ခဲ့တဲ့ ကိုထက်မွန်ရေးထားတဲ့သီချင်းလေးပါ။ ကိုယ့်ရဲ့ခံစား ချက်ကို တစ်ဖက်လူသိစေချင်လို့ သူသိစေဆိုပြီး ပေးဖြစ်ခဲ့တာပါ။
မေး-ဒီအခွေလေးချပြဖို့အတွက် အချိန်ဘယ်လောက်ယူခဲ့ရလဲ။
ဖြေ- ၂၀၁၅ ခုနှစ် သြဂုတ်လက စလုပ်ဖြစ်ခဲ့တာဆိုတော့ One Year လောက်အချိန်ယူခဲ့ရတယ်။
မေး-ဒီအခွေချပြဖို့အတွက် အခက်ခဲတွေရှိရင်လည်းပြောပြပါဦး။
ဖြေ-သီချင်းအပုဒ်တွေအများကြီးထဲက ကောင်းတဲ့ဟာထည့်လိုက် မကောင်းတာဖြုတ်လိုက်နဲ့ ထည့်ရင် ကောင်းမလား စဉ်စားရင်းနဲ့ တစ်နှစ်လောက်ကြာသွားတယ်။ ကိုယ်ကိုယ်တိုင်ထုတ်ရတယ်။ သားအမိနှစ် ယောက်တည်း စီစဉ်ရတာဆိုတော့ အဲ့ဒါလေးတွေအခက်ခဲရှိပါတယ်။
မေး-ဒီအခွေမှာ အစ်မအားအရဆုံး သီချင်းက ဘာဖြစ်မလဲ။အရင်လုပ်နေကျပုံစံနဲ့ မတူတဲ့ထူးခြားချက်တွေရော ရှိမလား။
ဖြေ-ငါ့ရဲ့ Crush ၊ သူသိစေ၊ ရင်မဆိုင်ရဲဘူး၊ မောင်နဲ့ မလွမ်းပို သီချင်းတွေအားရတယ်။ ငါချမ်းသာသမျှနင် ဆိုတဲ့ သီချင်းမှာ ဦးရွှေဂျော်ဂျော်ရေးတဲ့သီချင်းဆိုရင် ဦးရွှေနဲ့က တစ်ခါမှ မဆိုဖူးဘူးလေ။ သူရေးတဲ့ သီချင်းပုံစံမျိုး တစ်ခါမှ မဆိုဖူးဘူး။ ဒီအခွေမှာမှ ပထမဦးဆုံးဆိုဖူးတာဆိုတော့ ဒါတွေကထူးခြားမှုလေးပေါ့နော်။ တခြား ဆိုနေ ကျမဟုတ်တဲ့ သီချင်းပုံစံလေးတွေလည်းဆိုထားပါတယ်။
မေး-သူသိစေ အခွေမှာ အမှတ်တရတွေရှိရင်လည်းပြောပြပေးပါဦးအစ်မ။
ဖြေ-ရင်မဆိုင်ရဲဘူးဆိုတဲ့သီချင်းလေးက တေးရေးကိုယ်တိုင်ဆိုဖို့ပါ။ အဲ့သီချင်းကို သူ့ဆီက အတင်းလုပြီး သီဆိုထားတာတွေက အမှတ်တရတွေပါပဲ။
မေး-မွန်ပြည်နယ်မှာရော အခွေဘယ်တော့လောက် ရောက်မလဲအစ်မ။
ဖြေ-ဟုတ်။ မွန်ပြည်နယ် မော်လမြိုင် Ocean မှာ Promotion လာလုပ်ဖို့ရှိပါတယ်။ ဒီအောက်တိုဘာ လထဲမှာပဲ လာဖြစ်မှာပါ။
မေး-ဒီအခွေထဲမှာ ကိုယ်တိုင်ရေးထားတဲ့သီချင်းတွေရောပါလားအစ်မ။ ဗွီဒီယို ဇာတ်ကားတွေ ပြန်ရိုက်နေပြီလား အစ်မ။
ဖြေ-မပါဘူးအစ်ကို။ ဗွီဒီယိုဇာတ်ကားတွေလည်း မရိုက်ဖြစ်သေးဘူး။ ညီမက အဆိုတော်ဖြစ်တဲ့အတွက် အဆို တော်အလုပ်ကိုပဲ ဇောက်ချလုပ်ဖြစ်နေတယ်။ ကမ်းလှမ်းတာတွေ ဘာတွေရှိလို့ရှိရင်တော့ ရိုက်ဖို့တော့ရှိပါ တယ်။
မေး-မွန်ပြည်နယ်က အစ်မကိုအားပေးနေတဲ့ ပရိတ်သတ်တွေအတွက် စကားလက်ဆောင်လေးပါးပေးပါဦး။
ဖြေ-ဟုတ်ကဲ့။မွန်ပြည်နယ်မှာ ရှိတဲ့ပရိတ်သတ်တွေအားလုံး သူသိစေဆိုတဲ့ အခွေလေးကိုလည်း အားပေးကြပါ ဦးလို့။ မော်လမြိုင် Ocean မှာ အမှတ်တရ လက်မှတ်ရေးထိုးပွဲတွေ သီချင်းဆိုပွဲတွေရှိပါတယ်။ အဲ့ဒီပွဲမှာ ချစ် ပရိတ်သတ်တွေအတွက် ညီမရဲ့ချွေးနဲစာထဲက ရွှေဆွဲပြားတွေ မဲဖောက်ပေးသွားဖို့ရှိပါတယ်။ လာရောက် အားပေးတဲ့ပရိတ်သတ်တွေထဲမှာမှ ပထမဦးဆုံး အယောက်(၁၀၀) ကို ရှပ်အင်္ကျီလေးတွေ မေတ္တာ လက်ဆောင် ပေးပါမယ် ပရိတ်သတ်တွေ မိုင်လေးရဲ့ အခွေလေးကို ခံစားကြည့်ပေးကြပါဦးလို့ပြောချင်ပါတယ်။
သံလွင်တိုင်းမ်ရဲ့ စာဖတ်ပရိတ်သတ်များ ခင်ဗျား။
တေးသံရှင်ရတနာမိုင်ရဲ့ သူသိစေ တေးစီးရီးအသစ်မှာ သီချင်း(၁၅)ပုဒ်ကို ခံစားရမှာဖြစ်ပြီး ဖြိုးပြည့်စုံ၊ ဇွဲပြည့်၊ မေမီကိုနှင့် အောင်ထက်တို့က Featuring အနေဖြင့် သီဆိုပေးထားကြတယ်လို့ သိရပါတယ်။ မိုင်လေးရဲ့ တစ်ကိုယ်တော်အခွေအကြောင်းသိလိုက်ရလို့ ကျေနပ်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ နောက် တစ်ပတ်မှာလည်း ဘယ်အနုပညာရှင်တွေရဲ့ လှုပ်ရှားမှုတွေကို တင်ဆက်ပေးသွားဦးမလဲဆိုတာ ဆက်လက် စောင့်မျှော်ဖတ်ရှုနိုင်ပါတယ်။