ဌေးဝင်း
ဝံပုလွေဆိုတာ ကောက်ကျစ်စဉ်းလဲတယ်၊ ရက်စက်တယ်၊ သူ့အုပ်စုကလွဲလို့ အခြားအပြင်က ဝံပုလွေတောင် သိပ် လက် မခံဘူး။ စားမာန်ကြီးတယ်။ အတ္တကြီးတယ်။ အသားစား သတ္တဝါဆိုတော့ မျက်လုံးက ရဲပြီး သတ်မှ စားရတယ်လေ´ လို့ မိတ်ဆွေကြီး ကိုမြင့်ေ၀ ပြောပြတာကို ကိုစောနောင် သတိရနေတယ်။ ဒီသတ္တဝါတွေဟာ အုပ်နဲ့ကျင်းနဲ့ သူတို့ရဲ့ သားရဲ တွင်းမှာ နေတတ်ကြသတဲ့။
မြန်မာပြည်မှာ ဒီလိုသားရဲတွင်း ဘယ်နှစ်တွင်းလောက်တောင် ရှိနေပါလိမ့်….။ သူ သေသေချာချာ သိတာကတော့ ရန်ကုန် မှာ တတွင်း ရှိတယ်။ ဘာလို့သေချာသလဲ မေးရင် သူကိုယ်တိုင် အဲဒီ တွင်းထဲကို ရောက်သွားပြီး ဝံပုလွေတွေရဲ့ လက် သည်းတွေ လျှာကြမ်းကြီးတွေရဲ့ ရက်စက်တဲ့ ဒဏ်တွေကို နာကျင်စွာ ခံစားခဲ့ဖူးလို့ပါ။
သူရောက်နေတဲ့ အရပ်ကို အုတ်တံတိုင်း အထပ်ထပ် ခတ်ထားတယ်။ သူ့ကိုထားတဲ့ အခန်းကျဉ်းလးကိုလည်း အရပ် ခြောက်မျက်နှာမှာ အုတ်တွေ ထူထူနဲ့ ပြုလုပ်ထားတယ်။ မျက်နှာဘက် အခြမ်းမှာ ငါးဆယ်သားလောက် အလေးချိန်စီးမဲ့ သော့ခ လောက်ကြီးကို နံရံအတွင်းပိုင်းမှာ ထည့်ခတ်ထားရဲ့။ တံခါးကလည်း သံတိုင်တွေနဲ့ အခိုင်အမာ ပြုလုပ်ထားသေး ရဲ့။ သူ့ရဲ့ ကမ္ဘာလေးကတော့ ဆယ်ပေ ပတ်လည်လောက် ရှိတယ် ပြောကြတာဘဲ။ သူတိုင်းကြည့်တာတော့ သူ့အတောင် နဲ့ အလျား ၇ တောင် အနံ ၅ တောင် ရှိတယ်။ သူ့ကမ္ဘာလေးကို နံပတ်တပ်ထားတာက အခန်း နံတ် ၈။ တိုက်နာမည်က လေးတိုက် အရှည်။ အတိုကောက်ခေါ်ကြတာက လေး ရှည်။
၂၀၀၁ ခုနှစ် ဆောင်းရာသီ ဒီဇင်ဘာလ ၃ ရက်နေ့ နံနက်စောစော ခြောက်နာရီကျော် ၇ နာရီဝန်းကျင်လောက် ရှိ ထင်ပါရဲ့။ သူတို့ နေတဲ့ အရပ်က တိုက်ခန်းနေသူတွေမှာ နာရီဝတ်ခွင့်မရှိတော့ အတိအကျ မသိဘူး။ ရာသီဥတုက ချမ်းချမ်းစီးစီး။ ဒီမှာက နေ့စဉ် မနက်တိုင်း အကျဦးဦးစီးဌာနက ကမ္ဘာ့ အအရည်အသွေး အညံ့ဆုံး ဆန်ပြုတ် အရည်ကျဲနဲ့ ဧည့်ခံလေ့ရှိ တယ်။ အဲဒီ နံနက်စာကို သူပွဲတော် တည်နေတုန်း ရုတ်တရက် သူနေထိုင်ရာ လေးရှည်ရဲ့ အနောက်ဘက်က ကျယ်လောင် တဲ့ အသံကြီးတခုကို ရုတ်တရက် ကြားလိုက်ရတယ်။
´ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးရေး.. ဒို့အရေး၊ ဒို့အရေး´
´ ဒီမိုကရေစီ ရရှိရေး.. ဒို့အရေး၊ ဒို့အရေး´
´နိုင်ငံရေး အကျဉ်း သား လွှတ်ပေးရေး ဒို့အရေး´
´ စစ်အာဏာရှင် စနစ်ကျဆုံးရေး .. ဒို့အရေး ´
ဒီအသံကို ကြားလိုက်ရစဉ် သူဟာ ရုတ်တရက် ဘာလုပ်ရမလဲ မသိ ဖြစ်သွားတယ်။ အခြားတိုက်ခန်းတွေက ဘာလုပ်ကြ မလဲ နားစွင့်ကြည့်တယ်။ ဒို့အရေး ဆိုတဲ့ ကြွေးကြော်သံကို ကြားလိုက်ရတာနဲ့ သူလည်း ရင်ခုန်သွားတယ်။ ဒါပေမဲ့ အခု ရောက်နေတာဟာ ရန်ကုန်တက္ကသိုလ် ဝင်းမဟုတ်ဘူး။ ပြည်လမ်းမ မဟုတ်ဘူး။ ဆူးလေး လမ်းမမဟုတ်ဘူး ဆိုတာကို သူ ချက်ချင်း သတိရလိုက်တယ်။ အဲဒီလို အနောက်ဘက်တိုက်ဝင်းတခုက ဆန္ဒပြတဲ့ အသံနည်းနှင့် တပြိုင်နက် အကျဉ်း ဦးစီး ဌာနက ဝံပုလေတွေရဲ့ ကြောက်မက်ဖွယ်ရာ အော်သံတွေ အထပ်ထပ်ကာရံထားတဲ့ အုတ်နံရံတွေကြားမှာ လွှမ်းမိုးသွား ပါ တော့တယ်။
´ပုံစံ´ ´ပုံစံ´ ´ပုံစံ´ ´ပုံစံ´ ….. … … …
ရင်ခေါင်းသံကြီးနဲ့ ဒေါမာန်ဖီနေတဲ့ ဝံပုလွေတွေ အုံလိုက်ကျင်းလိုက် သူတို့ရဲ့ သားရဲတွင်းထဲမှာ လှောင်ပိတ်ထားတဲ့ ကြားက အာခံတဲ့ ဒီမိုကရေစီ တောင်းဆို ဆန္ဒပြသူတွေကို မာန်ဖီကာ သွေးချင်းချင်း နီလာအောင် ကုတ်ဖဲ့ ကိုက်ခဲ ကြပါလေတော့တယ်။
လေးရှည် တိုက်ဝင်းမှာ တာဝန်ကျတဲ့ ဝါဒါက ရင်ခေါင်းသံကြီးနဲ့ ´လေး. . ရှည်.. ဘုံ.. ဇံ´ နဲ့ အော်သံကို ကြားလိုက်ရချိန် မှာ တိုက်ခန်းနေ အကျဉ်းသား အားလုံးဟာ တိတ်ဆိတ်ငြိမ်သက်သွားကြပြီး အာဏာပိုင်တွေရဲ့ ညှဉ်းပန်း နှိပ်စက်မှုကို ခံဖို့ ပုံစံ ထိုင်ကြရတော့တယ်။ ပုံစံထိုင်တယ်ဆိုတာ ခါးကိုဖြောင့်ဖြောင့်ထားပြီး တင်ပလ္လင်ခွေ ရယ်။ လက်သီးကိုဆုပ်ပြီး ဒူးပေါ် တင်ထားရတယ်။ ဇက်ကို ကျိုးနေအောင် ချိုးထားရတယ်။ လိုရင်း ပြောရရင် အရာရာကို အရှုံးပေး ဦးညွတ် ပေးလိုက်တဲ့ သဘောလို့ ထင်ပါရဲ့။ ဒါဟာ အကျဉ်းသားတယောက်အတွက် အာဏာပိုင်တွေကို ပင်ပန်းဆင်းရဲကြီးစွာ အရိုအသေပေးရ တဲ့ သင်္ကေတလည်း ဟုတ်ပါတယ်။
ဒီအာခံမှုအတွက် တနေ့ကုန် တိုက်ပိတ်ခံခဲ့ရပြီး နောက်တနေံမနက်မှာ အစားအသောက်တွေ လိုက်ဝေတဲ့ အမြဲဆင်း တွေဆီက ပြန်ကြားရတာက နှစ်တိုက သေဒဏ်ကျ အကျဉ်းသားတွေက စတာတဲ့။ လောက်လေးခွနဲ့ ပစ်ဖမ်းတာတဲ့။ ဒီလောက်ကျဉ်းကျပ်တဲ့ အခန်းကျဉ်းထဲမှာ နေတဲ့သူတွေကို လေးခွနဲ့ ပစ်ဖမ်းတယ်ဆိုတာ ဝံပုလွေတွေ ဘယ်လောက် ရက်စက်တယ် ဆိုတာ ပြတာဘဲ။ သူနေတဲ့ တိုက်ဝင်းကတော့ စိုးသီဟ ပါသွားသတဲ့။ တလမ်းလုံး ရိုက်နှက်သွားတာ သွေးတွေများ မြင်မကောင်းဆိုဘဲ။
ပြီးတော့ ညဘက်မှာ ၇ ခန်းက ဦးဟန်တင်ကို လာဆွဲတယ်။ သူက ကျောက်တန်း NLD ဥက္ကဌ။ ကိုဝင်းနိုင် (လူ့ဘောင် သစ်)။ ပြည် စက်မှုတက္ကသိုလ် ကျောင်းသားတွေ ဖြစ်တဲ့ ထင်လင်းအောင်၊ ဖြိုးဝေ၊ မြတ်သူနဲ့ညီညီမျိုးတို့ကို လာဆွဲတယ်။ ည သန်းခေါင်လောက်မှာ ပုံစံ အော်ပြီး တခန်းပြီး တခန်း ဆွဲထုတ်ကာ ခေါင်းကို ရှစ်စိပ်ခွဲ ပုံစံကေ ထိုးသွားတယ်။ အဲဒီအ ချိန်မှာ ပုံစံထိုင်ခိုင်းတာ ကောင်းကောင်းမထိုင်လို့ ဆိုပြီး အခန်းခြောက်က သီဟထွန်းကို ဆွဲထိုးလိုက်တာ တိုက်နဲ့ လမ်းဘောင်ကြားက ရေမြောင်းထဲ မှောက်လဲရတဲ့အထိ ဝံပုလွေတွေ မာန်ဖီ နေကြတယ်။
အဲဒီနေ့ဟာ နိုင်ငံရေးအကျဉ်းသားဘဝနဲ့ အင်းစိန်တောရ သားရဲတွင်းထဲမှာ သူ့အတွက် ပထမဆုံး ထိတ်လန့် ကြောက် မက်ဖွယ် ကောင်းတဲ့ နေ့တနေ့ ဖြစ်ခဲ့တယ်။ သူနဲ့ အင်မတန်ခင်မင်ခဲ့တဲ့ ရဲဘော်ကြီး စိုးသီဟ (ရွှေဘိုသား) နဲ့လည်း တခါ တည်း အဆက်ပြတ်ခဲ့ရတော့တယ်။ ဒီဖြစ်ရပ်ဟာ ခုဆိုရင် ကြာခဲ့ပါပြီပေါ့။ ခုမှ အတွေ့အကြုံဟောင်းတွေကို ပြန်ပြောရ တာ က သူနဲ့ ကိုစိုးသီဟနဲ့ Fackebook ပေါ်မှာ ပြန်လည် ဆုံတွေ့ရာကနေ အတိတ်နေ့ရက်မျာကို စားမြုံ့ပြန်ရင်း စာဖတ်သူ မိတ်ဆွေတို့ကိုပါ ရန်ကုန်မြို့ကြီးထဲက ရက်စက်ကြမ်းကြုတ်လှတဲ့ ဝံပုလွေသားရဲတွင်းကနေ အသက်မသေဘဲ ဖောက် ထွက်လာနိုင် ခဲ့သူ တယောက်အကြောင်းကို မျှဝေလိုက်တာပါ။
စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကြောင့် တိုင်းပြည်မှာ နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ လူအခွင့်အရေး နိမ့်ကျနေရတယ်။ ထောင်ထဲမှာဆိုလဲ လူကိုလူလို မဆက်ဆံဘူး ၊ လူကိုလူလို မမြင်ဘူးဗျ ၊ လူကို လူလိုလဲမထားဘူးလေ။ တိရိစ္ဆာန်တွေလိုပဲ ထားတယ်။ အစားဆင်းရဲ အနေဆင်းရဲ ဖိနှိပ်တဲ့ ပုံစံတွေကလည်း အမျိုးကို စုံနေရော။ ဒီတော့ ကျုပ်တို့က သေဒဏ်ကျနေ တဲ့ လူတွေဘဲ ဘာမှ မထူးတော့ဘူး။ ထောင်ကို နိုင်ငံရေး စစ်မြေပြင်တခုလို သဘောထားပြီး ဖိလျှင်ကြွ၊ ထိလျှင်ချမယ် ဆိုပြီး ကျုပ်တို့ စီစဉ်ခဲ့ကြတာ။
ပထမတော့ ၂၀၀၀ခု သြဂုတ်လ ၈ ရက်နေ့ ရှစ်လေးလုံးနေ့မှာ လုပ်မလို့။ ဒါပမေဲ့ သတင်းက ဘယ်လို အာဏာပိုင်တွေ ရသွားလဲ မသိဘူး။ ကျုပ်တို့ကို လူစုခွဲလိုက်တယ်။ ကျုပ်ကိုတော့ ခေါင်းဆောင်ဆိုပြီး တယောက်တည်း ခွဲထုတ်ကာ လေး ရှည် အခန်း ၁၈ ကို ပို့လိုက်တာပေါ့။ ဒါပေမဲ့ ကျုပ်တို့က လက်မလျှော့ပါဘူး။ အခြေအနေကို စောင့်နေတာ။ ၂၀၀၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့ (လွတ်လပ်ရေးနေ့)မှာ ထပ်တိုက်မယ်ဆိုပြီး အချင်းချင်း လျှို့ဝှက် ဆက်သွယ်ကာ စီစဉ်ထားကြ တယ်။ အခန်းကျဉ်းလေးထဲမှာ လူ့ဂုဏ်သိက္ခာ ကင်းမဲ့စွာ ဆက်ဆံ ခံထားရမှုတွေကြောင့်လည်း ဒီတိုက်ပွဲကို မဖြစ်မနေ ဆင်နွှဲမယ်လို့ ဆိုပြီး အရှိန်အဟုန်မြှင့် လုပ်လာခဲ့ကြတယ်။
ဒီလိုခံစားမှုနဲ့ ဆက်လက် တိုက်ပွဲဝင်ဖို့ စည်းရုံးရတယ်။ ကိုချိုအောင်သန်းတို့ ဆေးရုံထွက်တာ တွေ့ပြီဆိုရင် ဟိုလိုလို ဒီလိုလို သီချင်းဆိုသလိုလို လုပ်ပြီး အချက်ပြပြောကြရတယ်။ ဆေးခန်းပြသလိုလို၊ စားစရာပေးသလိုလို၊ သီချင်းဆို သလို လို၊ လမ်းလျှောက်သလိုလို၊ ရီစရာတွေ ပြောသလိုလို နည်းလမ်းပေါင်းစုံ သုံးခဲ့ရတယ်။ အရမ်း အန္တရာယ်ကြီးတယ်လေ။ ဒါပေမဲ့ မတတ်နိုင်ဘူး။ လာမဲ့ဘေး ပြေးတွေ့ကြရတာပေါ့။ ကြောက်ကြောက်နဲ့ လုပ်တာ သတ္တိဆိုလား ဘာလားပေါ့။
မူလက လွတ်လပ်ရေးနေ့မှာ တိုက်ပွဲဆင်နွှဲမလို့ပါဘဲ။ ဒါပေမဲ့ ဒီလို အခါကြီးရက်ကြီးမျိုးဆို သူတို့က သိပ်သတိထားတာ ဆိုတော့ ၃ ရက်နေ့ လုပ်ဖြစ်သွားတာ။ သူတို့ ဘယ်လိုဘဲ လူစုခွဲပြီး ဆီးတားခဲ့ပေမဲ့ ကျုပ်တို့ရဲ့ ဇွဲကြောင့် ရည်မှန်းထားတဲ့ အတိုင်း ထမြောက် အောင်မြင်ခဲ့တယ်။ အဲဒီအချိန်က အင်းစိန် ထောင်ပိုင်ကြီး ဝင်းမြင့်။ တိုက်ဝင်း ထောင်မှူးကြီးက မောင် မောင်ကြီး။ သူက ပုပုကွကွ ၀၀မည်းမည်းမို့ လိပ်ပုလို့လည်း ခေါ်ကြတယ်။ ထောင်မှူးက အောင်ခိုင်။
နှိမ်နင်းတဲ့ပုံစံကတော့ ကြမ်းသလား မမေးနဲ့။ ရက်ရက်စက်စက် အရိုက်ခံကြရတယ်၊ လောက်လေးခွနဲ့ တကိုယ်လုံး ပစ်သ မျှခံကြရတယ်။ သံခြေကျဉ်း၊ သံဒေါက်၊ လက်ထိပ် အကုန်ခတ်ပြီးမှ ဝိုင်းဝန်း ရိုက်နက် ထိုးကြိတ်ကြတာလေ။ ဖက်ဆစ်တွေ လား အောက်မေ့ရတယ်။ ကိုယ့်အမျိုးသားအချင်းချင်း ရက်စက်လိုက်ကြတာ။ ဖုန်အလိမ်းလိမ်း သွေးတွေ တစက်စက် စီး ကျလို့၊ ပါးစပ် သွေးတွေ အန်လို့၊ နှာခေါင်းက သွေးတွေ စီးကျလို့။ စစ်ခွေးတိုက် ဝင်းထဲမှာ။ စစ်ခွေးလောက်တောင် တန် ဘိုးမထားပဲ ရိုက်နှက်ပြီး အဲဒါကို သူတို့ အရသာခံ ကြည့်နေ ကြတာကို မြင်စေချင်လှပါတယ်။ ဘယ်သူထိုးတဲ့ လက်သီးလဲ ဝေခွဲမရ။ ဘယ်သူရိုက်တဲ့ တုတ်လဲ မသိ။ မျက်နှာ ဖုံးကို လည်း စွပ်ခံထားရသေးတယ်ဆိုတော့ ဘာမှ မမြင်ရဘူး။ နာကျင် မှုတွေ များလာတော့ နာမှန်းလဲမသိတော့ဘူး၊ ထုံကုန်ပြီ လေ။
ကျုပ်နဲ့အတူတူ လက်တွဲပါဝင်ခဲ့တဲ့ ရဲဘော်တယောက်ဆိုရင်လဲ ဖော်ခိုင်းတာ မဖော်လို့ဆိုပြီး ဝိုင်းရိုက်တာ အသက် တောင် မရှူရလောက်အောင်ပါ။ ဒါပေမဲ့သူဟာ သစ္စာရှိစွာဘဲ ဘာမှ မဖော်ခဲ့ဘူး။ ကျုပ်က အဓိက တရားခံဆိုတော့ သူတို့ ရထားသမျှ ဟုတ်တာရော မဟုတ်တာရော စစ်ဆေး အပြစ်ရှာ တီးတော့တာပေါ့။ ကျုပ်လဲ ဒဏ်ရာတွေ ပြင်းလွန်းလို့ ခုထက်ထိတောင် ဒီဒဏ်တွေကို ခံနေရတုန်းဘဲဗျာ။
ရဲဘော်သန်းဇော် ( ကျီးကန်း ) ဆို ရိုက်နှက်ခံရလွန်းလို့ သတိလစ်သွားချိန်မှာ ခွေးသေကောင်လို တရွတ်တိုက် ဆွဲတာ ခံရတယ်။ လက်၂ ချောင်းကို တဖက်စီ ကိုင်ဆွဲပြီး မြေကြီးမှာတရွတ်တိုက် ဆွဲတာလေ။ ကျုပ်တို့ကို မြေကြီးပေါ်မှာ သံခြေ ကျဉ်း သံဒေါက်တွေက တချွမ်ချွမ်နဲ့ပြေခိုင်းတယ်ဗျာ။ ဘယ်လိုပြေးမလဲ။ မပြေးတော့ စစ်ခွေးနဲ့ ရှူးတိုက်တယ်လေ။
ရိုက် နှက်ပြီး သမံတလင်းမှာ အိပ်ခိုင်းတယ်။ သံခြေကျဉ်း သံဒေါက် ခတ်တဲ့အပြင် ထိပ်တုံးလဲခတ်လိုက်သေး။ ဖုန်တွေ ပင့်ကူအိမ်တွေနဲ့ သွေးအစက်စက် ဖုန်းအလိမ်းလိမ်းပါ။ သေးမပေါက်ရဘူး ၊ ချေးမပါရဘူး ၊ ပေါက်ရင် ကိုယ်သေး ကိုယ် ပြန်သောက်ရမယ်တဲ့ဗျာ ၊ တစ်ညလုံး နောက်နေ့ တနေ့လုံးပါ။ ဒါပေမဲ့ ဒါမျိုး မကြောက်လို့ ရွာရိုး လျှောက်ခဲ့ကြတာဘဲ။ ဆက်တိုး။ ရှေ့သို့ချီပေါ့။
မိုးလင်းတယ်ဆိုတာနဲ့ စစ်ခွေးတိုက်ထဲက အခန်းတိုင်းကို ထုတ်ရိုက်နေတယ်။ တံခါးဖွင့်သံ ဂျုံး ဂျုံး ဆိုတဲ့ အသံတွေ မြည် တိုင်း နှလုံးသားတွေ တဆစ်ဆစ် နာကျင်နေတယ်။ ကျွေးတဲ့ ထမင်းက တိရိစ္ဆာန်တကောင်ကို ကျွေးသလို။ ပုံစံ ပန်းကန်ကို ခြေနင်းဘတ်ပေါ် လျှောထိုးပေးပြီး သံခြေကျဉ်း သံဒေါက် ထိပ်တုံး တန်းလန်းနဲ့ လှမ်းဆွဲပြီးစားရတယ်။ လက်တွေနဲ့ တကိုယ်လုံးက ဖုန်းအလိမ်းလိမ်း။ ဒါဟာ လူလား၊ နိုင်ငံရေး သမားလား၊ တော်လှန်ရေးသမားလား ၊ သေချာတာက ဘဝတစ်ခုနဲ့ ဘဝများစွာပါ။ လူ့အခွင့်အရေးကို တောင်းဆိုသူတွေရဲ့ အပြစ်တဲ့ဗျာ။ ခေတ်က လူ၅ ယောက်တောင် စုဝေးခွင့် မရှိတဲ့ ခေတ်ပါ။ ဒီမိုကရေစီဆိုတဲ့ လေသံလေးတောင် မကြားရဲ နားမထောင်ရဲတဲ့ခေတ်တွေပါ။
ဒီထောင်တွင်းတိုက်ပွဲကို အဓိက ဦးဆောင်ခဲ့တာက ကျုပ်နဲ့ သေဒဏ်ကျခံထားရတဲ့ အထဲက ကိုစောထွန်း ၊ စောတင်ဦး ၊ အောင်သီဟ ၊ သေဒဏ်တွေပါ ၊ ပုဒ်မ ၁၂၂ / ၁ . ၁၇ /၁ .၁၃ /၁ တွေပါ ၊ သန်းဇော် ( ကျီးကန်း ) တို့က ၂ တိုက။ ၁ တိုက်က ဦးချိုအောင်သန်း (ဗိုလ်ချုပ်အောင်ဆန်းရဲ့ အစ်ကို ဦးအောင်သန်းရဲ့သား) ၊ ၃ တိုက်က ဇော်မင်းထိုက်ကျော် ( လက်ရှိ ဧရာဝတီတိုင်း ဝန်ကြီးချုပ် မန်းဂျော်နီသား )၊ မျိုးမင်းလတ်၊ အောင်စိုး ၊ မောင်မောင်အေး ၊ဦးတိုးဘို (တနင်္သာရီ ဘိုင်း ပုလော မြို့နယ် အမတ်) စတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဦးဆောင်လှုပ်ရှားခဲ့ကြတာ။
နိင်ငံရေးသမားဆိုရင် ငါ့ အဖေတောင်မထားဘူး သတ်ပစ်မယ်လို့ ပြောပြီး ရိုက်တာ ထိုးတာကို ခံရတာကတော့ ၉၀ ခုနစ် အမတ် ဗိုလ်ကြီးဟောင်း ဦးတိုးဘိုပါ။ သူအခု မရှိတော့ဘူး ထင်ပါရဲ့၊ ဒီလူတွေဟာ ကျုပ်တို့ရဲ့ ထောင်တွင်း ပုန်ကန်မှုရဲ့ သူရဲ ကောင်းကြီးတွေပါ။ အမတ်လုပ်ဖို့လား၊ ဝန်ကြီး လုပ်ဖို့လား၊ ဒီမိုကရေစီလိုချင်သလား၊ ဒါပဲရမယ်ဆိုပြီး နံပါတ်တုတ်နဲ့ အမုန်းဆွဲသဗျ။ အဲဒီညတွေက ကျုပ်တို့ အရှင်လတ်လတ် ငရဲပြည်ရောက်တဲ့ညတွေပါ။ တစ်ညလုံး တဝုန်းဝုန်း တဖုန်းဖုန်း တဒုန်းဒုန်းနဲ့ပါ။ ငရဲပွက်သလိုပါပဲ ကျုပ်အခန်းဘေးက စက်မှုတက္ကသိုလ်ကျောင်းသား ကိုစိုးနိုင်လဲ ငယ်သံပါအောင် အော်ရ တယ် ၊ဆံပင်ဆွဲပြီး မျက်နှာကို သမံတလင်းနဲ့ဆောင့်ပြီး ထိုးကြိတ် ရိုက်နှက် ကန်ကျောက်တာ ခံနေရတယ်လေ။
တပတ်လောက်အကြာမှာတော့ နိုင်ငံတကာ ကြက်ခြေနီ အသင်း (ICRC) က သတင်းရလို့ ထောင်ကိုလာတယ်ဆိုပဲ။
ဒီတော့မှပဲ ထိပ်တုံးတွေလာဖြုတ်တယ်။ မနက် ၅ နာရီလောက်မှာ။ ညနေ (ICRC) လဲပြန်ရော ထိပ်တုံးတွေပြန်ခတ် ပြန်တာဘဲ.. ဗျာ။ ဟား ဟား။
ရက်စက်တယ် ကြမ်းကြုတ်တယ်ဆိုတဲ့စကားလုံးက ဒီလူတွေရဲ့ လုပ်ရပ်အတွက်ဆိုရင် ပြည့်စုံပါရဲ့လားမသိ။ ဒီကြားထဲ ထောင်မှူး အောင်ခိုင်က ကျုပ်ကို ခင်ဗျား သိပ်ရက်စက်တယ်တဲ့။ ခင်ဗျားကြောင့် ကျုပ် ပြုတ်တော့မယ်တဲ့။ တလောကလုံး ကြားရလောက်အောင်ဟားတိုက် ရယ်ပစ်လိုက်ချင်တယ်။
ကျုပ်တို့နှလုံးသားမှာ စွဲမြဲနေတဲ့ တရားက နေရတာထက် တိုက်ပွဲဝင်ရင်း သေရတာက မြတ်တယ်။ လူသေပါစေ နာမည် မသေဘို့ ဆုံးဖြတ်ချက်ချတယ်။ ကျုပ်ကို ခွေးတိုက်မှာ ဗဟိုထောက်လှမ်းရေး (ဗထလ)က မေးတာက မင်းက ဘာအမှု လဲ လို့မေးတဲ့အခါ ကျုပ်က ပုဒ်မ ၁၂၂/၁၊ ၁၇ / ၁၊ ၁၃/ ၁ လို့ ပြန်ဖြေတယ်။
ဒီအခါမှာ မာန်ဖီနေတဲ့ လေသံနဲ့ ပုဒ်မတွေ မပြောနဲ့ မင်းလုပ်ခဲ့တဲ့ ပြစ်မှု နာမည်ကို ပြောတဲ့။ ဒါကြောင့် ကျုပ်က ကိုးလေး လုံး ကာလမှာတုန်းက မြို့တော် ခန်းမရှေ့မှာ ဗုံးဖောက်ခွဲရန်နှင့် နိုင်ငံတော်ကို စစ်မက် ဖက်ပြိုင် အန်တု ကြံစည်မှုလို့ ဖြေ လိုက်တယ်။ မင်းအဖွဲ့ နာမည် ပြောစမ်း ဆိုတော့ ကျုပ်က People Power 21 century (PP 21) လို့ ဖြေလိုက်တယ်။ ဒီအဖွဲ့မှာ မင်းကဘာလဲလို့ ဟိန်း ဟောက် မေးပြန်တယ်။ ကျုပ်က တည်တည်ငြိမ်ငြိမ်ဘဲ တပ်မှူးလို့ ဖြေလိုက်တော့. အော် မင်းက တပ်မှူးလား … ဒါဆိုရင် ဂုဏ်ပြုရမယ်ဆိုပြီး စိန်ဗေဒါလက်သံပြောင်သလို ကျုပ်ကို ဆော်ပလော်တီးပါ လေ ရော။ မင်းတို့ ထောင်ထဲရောက်တာ တောင် ဘာလို့ ကောင်း ကောင်းမနေတာလဲတဲ့။ ကျုပ်က လူကလူလို မနေရလို့ ပါလို့ ပြန်ပြောတော့ ကဲ..မင်းကို လူလို ဆက်ဆံမယ်ဆိုပြီး နောက်တ ခါ ဆော်ပြန်တယ်။ ဘယ်ဘက်က ချလိုက်၊ ညာဘက်က ချလိုက်၊ နောက်က ချလိုက်ပေါ့။
နောက်မေးပြန်တယ်။ ဒီမိုကရေစီ အဓိပ္ပာယ်က ဘာလဲကွလို့မေးလို့ ကျုပ်က ဒီမိုကရေစီ အဓိပ္ပါယ်ကိုပြောပြတော့လည်း မှားတယ်တဲ့။ ဒါမှ ဒီမိုကရေစီဆိုပြီး လက်သီးနဲ့ ထိုးပြန်ရော။ ပြီးတော့ … သံခြေကျဉ်း တန်းလန်းနဲ့ အတင်းဆွဲပြေးတယ်။ အဲဒီဒဏ်တွေပေါ့။ ခုဆိုရင် ကျုပ်နားတွေ အာရုံကြောတွေ သိပ်မကောင်းတော့ဘူး။ ဒါနဲ့ မေးခွန်းက မဆုံးသေးဘူး။ မင်းတို့ က တိုင်းပြည်ကောင်း အောင် ဘာလုပ်နိုင်လို့လဲတဲ့။ ဒီတော့ ကျုပ်က လုပ်ခွင့်ပေးပါလို့ ပြန်ပြောလိုက်တယ်။ ဒီကောင်တွေ ပြန်ဖြေတာက ဆု တောင်းလေ ဆုတောင်း နောက်ဘဝမှ ရမယ်တဲ့.. ဗျာ။ ဒီလိုနဲ့ စစ်ခွေးတိုက်ထဲမှာ ၂၅ ရက် ကြာခဲ့တယ်။ ဇန်နဝါရီ ၂၇ ရက် မနက် ၄ နာရီ လောက်မှာ မြောင်းမြထောင်ကို ၅ယောက် ၊ ပုသိမ် ၊ သရက် ၊ သာယာဝတီ စတဲ့ ထောင် အသီးသီးကို လူစုခွဲ ပို့ လိုက်ပါတော့တယ်။ ကျုပ် မြောင်းမြထောင်ဝင်ချိန်မှာ ဝက်လိုလို ကျွဲလိုလို လက်နှီးစုတ်သာသာ ဝတ်စုံလေးနဲ့ပါ။
ဒီအဖြစ်ဆိုးတွေဟာ အာဏာရှင် စစ်ဖိနပ်အောက်က လွတ်မြောက်ဖို့အတွက် ပေးဆပ်ခဲ့ကြရတဲ့ သမိုင်းတွေပါ။ ဘုရားဒ ကာယောင် ဆောင်ခဲ့ကြတဲ့ အာဏာရှင်တွေရဲ့ သားရဲတွင်းတွေမှာ ယုံကြည်ရာအတွက် တိုင်းပြည်နဲ့ လူမျိုးအတွက် ဘ၀ တွေ တစစီ စုတ်ပြတ်သပ်အောင် အကြောက်တရားကို ခေါက်ထားပြီး ဝံပုလွေတွေရဲ ကြမ်းရှတဲ့ လျှာတွေနဲ့ အလျှက်ခံရသ လို အစွယ်တွေ လက်သည်း ခြေသည်းတွေနဲ့ ရက်စက်စွာ ကုပ်ဖဲ့ခံရင်း ပြည်သူတွေ ဒီမိုကရေစီ ရဖို့ အဆိုးဆုံး အခြေအ နေတွေမှာ တိုက်ပွဲဝင်ခဲ့ကြတာပါ။ စစ်အာဏာရှင်ကို အာခံခဲ့ကြတဲ့ သူရဲကောင်းတွေပါ။
ဤမျှ ကြမ်းတမ်းတဲ့ သားရဲတွင်းထဲက အသက်မသေဘဲ ပြန်ထွက်လာနိုင်ခဲ့တယ်ဆိုတာဟာ သူတို့ရဲ့ နှလုံးသားမှာ ဘာ တွေများ ရှိနေလို့ပါလိမ့်။ ယုံကြည်ချက် ဆိုတဲ့ သံမဏိ စိတ်ဓာတ်ကြောင့်သာ မဟုတ်ဘူးဆိုရင် ဘယ်အရာကများ ဒီ ဝံပုလွေတွေရဲ့ ရက်စက်မှုကို ရင်ဆိုင် ကျော်ဖြတ်နိုင်စွမ်း ရှိနိုင်မှာလဲ။