နိုင်စံဝင်း

ကြို့ပင်ကုန်းပေါ်တော်မူကုန်းတွင် လုပ်စရာကျန်သေး၏။ ဆရာတော်သီတင်းသုံးရာ ဝါးကျောင်းကို မြေ ပြန့်အနိမ့်ပိုင်းတွင် ဆောက်ထား၏။ မြောက်ဘက်ရှိ ပေါ်တော်မူစေတီငုတ်တိုငယ်၏ တည်နေရာမှာ မြေမြင့်ပိုင်း ရှေ့နောက်တန်းနေသည်။ မြို့ဟောင်းကို ကောင်းကင်ဓါတ်ပုံမှ လေ့လာထားချက်အရ ကြို့ပင်ကုန်းတည်ရာမှာ

အတွင်းထပ် မြို့ရိုး၏ထောင့် (အရှေ့တောင်ထောင့်)၌ကျ၏။ ဤအချက်ကို မြေပြင်မှာစစ်ဆေးရန် လို၏။ ဆရာ တော်နှင့်တွေ့ဆုံခိုက် စကားစမြည်ပြောရသည်။ စေတီသစ်တည်ရန် စိုင်းပြင်းနေပြီး လိုအပ်သောအုတ်များ ရောက်မလာသေး၍ စောင့်ဆိုင်းနေရကြောင်းသိရ၏။ အလှူခံဋ္ဌာနကိုလည်းဖွင့်ထားသည်။ ကြို့ပင်မှာ ဆင်းတု တော်များ ငွေဒင်္ဂါးများပေါ်ခဲ့ပြီးနောက် ရှိရင်းငုတ်တိုတစ်ဆူကိုပါဖော်ထုတ်ပြီး ၎င်းကိုငုံ၍ စေတီတည်မည်ဖြစ်၏ ကျွန်တော်က ရန်ကုန်ကမ္ဘာအေးစေတီလို အတွင်းက လိုဏ်ခံပြီးတည်ပါ။ ဌာပနာပစ္စည်းကို မှန်ကာသံတိုင်ကာ၍ အများမြင်အောင်ပြတိုက်လုပ်ပါဟု အကြံပေးပါသည်။ သို့သော်အင်ဂျင်နိယာနင့် ပုံစံထုတ်ပြီးပြီဟု ဆို၍ မတတ် နိုင်တော့ပါ။

ထိုခဏမှာပင် ကျွန်တော်တို့သုံးယောက် အုတ်ခဲရှာထွက်ကြပါသည်။ လက်ရေးစင်းအမှတ်အသားပါ နမူနာအုတ်ပိုင်း သုံးခုကောက်ရခဲ့သည်။ ပထမအုတ်ပိုင်းကျိုးမှာ အလျား(အကျိုး) ၉ လက်မ အနံ ၇ လက်မခွဲ အထူ ၃ အရွယ်ရှိ၏။ ဘေးတစ်ဖက်၌ အနံလိုက်လက်ရေးစင်းသုံးကြောင်းပါသည်။ ဒုတိယအုတ်မှာအလျား ရှည်သည်။ ၁၆ လက်မခွဲ အနံ ၈ လက်မခွဲ အထူ ၃ လက်မရှိသည်။ ထူးခြားချက်မှာ မျက်နှာပြင်တွင် အလျား လိုက် ယခုခေတ်သဝေထိုး(သို့မဟုတ်)ရကောက်နှင့်ဆင်တူ လက်ရေးစာပါသည်။ တတိယအုတ်မှာ အလျား (အကျိုုး) ၉ လက်မ အနံ ၉ လက်မ အထူ သုံးလက်မရှိသည်။ လက်ရာအစင်းနစ်စင်းပါသည်။ မြေပြင်ကို စစ်ဆေးရန် ကုန်းပေါ်ကိုတက်ကြသည်။ ဘုရားဟောင်း(ငုတ်တို) သည် မြို့ရိုးပေါ်တွင် နောက်မှတည်ထားသော စေတီဟုယူဆရသည်။ အရှေ့ဘက်သို့ လှည့်ပတ်ကြည့်သည့်အခါ အတွင်းထပ်မြို့ရိုးနှင့် ကျုံးအဆက်အစပ်များ ပေါ်လွင်ထင်ရှားစွာတွေ့ရ၏။ မြောက်ဘက်မှလာသော ၎င်းအရှေ့မြို့ရိုးသည် ၉၀ ဒီဂရီ တစ်တောင်ဆစ်ချိုး ကွေ့ပြီး အရှေ့တောင်မြို့ထောင့်ကို ပုံဖော်ထားသည်။ ၎င်းနောက် အနောက်သို့ဦးတည်ပြီး တောင်ဘက်မြို့ရိုး ဖြစ်လာသည်။ စေတီဟောင်းသည် ၎င်းတောင်ဘက်မြို့ရိုးပေါ်တွင်တည်ရှိသည်။ ဝါးကျောင်းသည် တောင်ဘက် ကျုံးအတွင်း၌ရှိသည်။ ဤနေရာတွင် ပထမ အရှေ့တောင်မြို့ထောင့်အပြင် ဒုတိယနှင့် တတိယ မြို့ထောင့်များ ပါ စုဝေးလျက် ကျုံးများခြားပြီး တည်နေကြောင်းတွေ့ရသဖြင့် မြို့တည်ဗိသုကာပညာအတွက်အရေးပါလှ၏။ မူရင်းမူလမြေပြင်အနေအထားပျက်ယွင်းမသွားစေရေးအတွက် ထိန်းသိမ်းဖို့လိုအပ်ပါသည်။ စေတီတော်တည် မည့် ကုန်းအနီးကပ်လျက်နေရာ၌ ထူးခြားမှုတစ်ခုရှိသေး၏။ လေးထောင့်ပုံ အမြင့် ၄ပေခန့် ကျောက်တိုင်တစ်ခု ဖြစ်၏။ မျက်နာတစ်ဖက် တစ်ပေလေးလက်မခန့်စီ လေးမြှောင့်ညီညီ လေးမျက်နှာရှိသည်။

ထိပ်ဖက်တွင် လူမျက်နှာပုံသဏ္ဌန် လေးခု မထင်မရှားခပ်ရေးရေး ပေါ်နေသည်ကို ၁၉၈၄ ခုနှစ်က ဆရာကြီးများနှင့် ရောက်လာခဲ့စဉ်က ကြည့်ရှုု့လေ့လာခဲ့ရ၏။ မင်းကြီးဦးအောင်မြင့်၊ ဦးတင်မြတ်သိန်း၊ ဦးညွန့် ဟန်တို့က ရပ်ရွာလူကြီးများနှင့် ပရိသတ်များရှေ့မှောက်တွင် မည်သို့မျှမှတ်ချက်မပေးကြသော်လည်း ဆရာကြီး ဦးမောင်မောင်တင်က ဒါဟာရှေးဟောင်း ဟိန္ဒူ၊ ဗြဟ္မဏ ဘာသာကိုးကွယ် ယုံကြည်မှု စောစီးစွာ ရောက်လာ ကြောင်း အထောက်အထားပဲ Phallus ပဲဖြစ်တယ်ဟုမှတ်ချက်ပေးပါသည်။ ဆရာကြီးက Sivalinga ဟုဆိုချင်ပုံ ရသည်။ ယခုကျွန်တော်ရောက်လာချိန်မှာ ဟိုတုန်းကနှင့်မတူ တစ်မူထူးခြားနေပါပြီ။ တိုင်ထိပ်လေးမျက်နှာတွင် ယခင်ခပ်ရေးရေးသာမြင်ရသော မျက်နှာများပေါ်တွင် (စေတနာဗလပွနှင့်) အင်္ဂတေ ပလာစတာဖုံးအုပ်၍ လူ မျက်နှာပုံလေးခု ပြုလုပ်ထားသည့်အပြင် ရောင်တော်ဖွင့်ကာ ရွှေမင်များသုတ်ထားလိုက်တော့သည်။ ကျောက် တိုင်၏ခြေရင်းတွင်လည်း ကြာပွင့်ကြာဖတ်ကြီးများခံလျက် ဆေးရောင်စုံခြယ်သထား၏။ ယခင်ကဟင်းလင်း ပြင်နေရာမှာ ယခုကွန်ကရစ်အမိုးနှင့် ကျောင်းဆောင်နှင့် အဆင့်အတန်းမြင်နေပေပြီ။ ဘယ်လိုဖြစ်သွားတာလဲ ဟု မောင်အောင်နိုင်ကို မေးတော့မှအဖြေရသည်။ ချဲထီလောင်းကစားခေတ်ကြီးမှာ ချဲသမားများလာ၍ ချဲနံပါတ် တောင်း အဓိဋ္ဌာန်ပြုရာ နတ်ကတော်များပါပါလာပြီး အုံးအုံးထစည်ကားသည်ဆို၏။ ချဲပေါက်သူများကလည်း ကျေးဇူးတော်တန်ခိုးရှင်အဖြစ်ဆည်းကပ်ကိုးကွယ်ခဲ့ကြသည် ။ ဤသို့ဖြင့် ကျောက်တိုင်ကြီး ကောင်းစားသွား ပုံကို ရင်သပ်ရှုမောဖွယ်တွေ့လိုက်ရပါသည်။ ကွန်ကရစ် အမိုးနှင့် ကျောင်းဆောင်၏ နဖူးစီးကမ္ဗည်းတော်မှာ အောင်သိဒ္ဓိ လေးမျက်နှာရုပ်ရှင်တော် ဘိုးဘိုးကြီး ဟူသတည်း။

ကျိုက္ကသာမြို့ဟောင်း အတွင်း အရှေ့တောင်ဖက်အတွင်းထပ် မြို့ရိုး(၇ ထပ်ရှိသည့်အနက်) ပထမထပ် မြို့ထောင့်နေရာတွင် တွေ့ရသောလေးမျက်နှာ ရုပ်ရှင်တော်ဘိုးဘိုးကြီး ကျောက်တိုင်အကြောင်း အနည်းငယ် ပြောချင်ပါသေးသည်။ ဤနေရာသည် မူလနေရာမဟုတ် မြို့ရိုးပေါ် မှိုပေါက်သလို ဘွားကနဲ ပေါ်လာခြင်းလည်း မဟုတ်ပေ။ ကြို့ပင်ကုန်းမှာ ဆရာတော်ဘုရားတည်မည်ဟု စိုင်းပြင်းနေစဉ် ပရိသတ် စတင်စည်ကားလာသည့် အခါကျမှ ကော့စံရွာသားအချို့တို့က ဤထူးဆန်းသောကျောက်တိုင်ကြီးကို တစ်နေရာမှသယ်လာပြီး စိုက်ထူ ထားခြင်းဖြစ်သည် ။ ထိုစဉ်ကကိုယ်တိုင်ကိုယ်ကျ ပါဝင်သူများကိုစုံစမ်းပြီး မူလနေရာသို့ (၂၅ မေ ၁၉၈၆) တွင် သွားကြည့်ခဲ့ပါသည်။ ထိုနေ့ခရီးစဉ်အကြောင်း နောက်ရက်များမှာ ထပ်ပြောပါဦးမည်။

မူလနေရာမှာ ခတ္တာရိုး(အပြင် အရှေ့တောင် ၂မိုင်ခန့်) ဟု အမည်ရသောစမ်းချောင်းလေးနံဘေး အုတ် ကုန်းကြီးတစ်ခုမှ ဖြစ်ပါသည်။ ထိုကုန်းမှလက်ရေးစင်းအုတ်များ ရှာဖွေတွေ့ရှိရ၏။ မြို့ဟောင်းခေတ်ပြိုင် အထောက်အထားအစစ်အမှန်ဖြစ်၏။ လွတ်လပ်ရေးမရမီ ဗြိသျှကိုလိုနီခေတ်က ရွာသားလူကြီးအချို့ သိုက်တူး ခဲ့ကြသည်ဆို၏။ ညအချိုန် လူစုပြီး စတောင်းကင်းမီးထွန်းပြီး ရေတွင်းတူးသလိုတူးကြသည်ဆို၏။ အနက် ခြောက်ပေလောက်အရောက်၌ ဤကျောက်တိုင်ကြီးကိုစတွေ့ပြီး ရတနာကျောက်သေတ္တာကြီးတွေ့ရပြီဟု ဝမ်းသာအားရ ၁၆ ပေါင်တူကြီးနှင့် ရိုက်ခွဲသော်လည်းကွဲမသွားပေ။ နောက်တစ်ချက်ထပ်ပြီးထုလိုက်တော့ ထိပ်ပိုင်းမှ လက်တစ်ဝါးစာလောက် ကျောက်သား အဖတ်လိုက်ကွာကျလာသည်ဆို၏။ သည်တော့မှ ရတနာ ကျောက်သေတ္တာမဟုတ်မှန်း သိလိုက်ရပြီး လက်လျော့လိုက်ကြသည် ဆို၏။ ယခုကြို့ပင်ကုန်းရှိ ၎င်းကျောက် တိုင်ကိုကြည့်လျှင် ထိပ်တွင် လက်တစ်ဝါးစာမျှ ကျောက်ပဲ့ရာရှိပါသည်။ ခေတ္တာရိုးက အုတ်ကုန်းကြီးကို စစ်ဆေး သည့်အခါ ရေတွင်းလိုချိုင့်တွင်းကြီးနှင့် ၎င်းတွင်းထဲတွင် လက်တစ်ဝါးစာခန့် ကျောက်ဖတ် အကွဲစကို တွေ့ခဲ့ရပါ သည်။ ကျောက်သားမှာ သဲကျောက်မဟုတ်ပေ။ မာကျောသော နှမ်းဖတ်ကျောက် ဂရနိုက် ဖြစ်မည်ထင်ပါသည်။ ထုံးကျောက်လည်းမဟုတ်ပါ။ သို့ဖြစ်၍ ထုဆစ်ရန်မလွယ်ကူသဖြင့် လေးမျက်နှာ ဟိန္ဒူနတ်ရုပ် မပီမပြင်ဖြစ်ပြီး ခေတ်သစ် ပန်းရံဆရာက အင်္ဂတေအုပ်ဖုံးလျက်အသစ်ပြင် ဖြည့်စွက်ပေးသဖြင့် ရှင်သီဝလိကိုယ်တော်လိုလို ထင်ယောင်ဝိုးဝါးဖူးမြင်ရခြင်းဖြစ်ပါသည်။ ချဲရူးသူများ သဒ္ဓါပွား၍ လှူဒါန်းပူဇော်ထားသော အမွှေးတိုင် ဖယောင်း တိုင် ပန်းများဖြင့်ထုံမွှမ်းနေပေ၏။

နောက်တစ်ပတ်ဆက်ပါအုံးမည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.