မင်းသန့်ခိုင်၊ ဌေးဝင်း
အမေရိကန်ပြည်ထောင်စု ပင်ဆီဗေးနီးယား ပြည်နယ်က မူလတန်းကျောင်းသားလေးတယောက် ကျောက်ပိတ်ရက်မှာ ဘောလုံးသင်တန်းတက်နေတဲ့ ပုံလေးတွေက တကယ့်ကို အားမာန်ပါပါ ရှိလှပါတယ်။ သူ့မိခင်ရော ဖခင်ကပါ သားရဲ့ ဘောလုံးလေ့ကျင့်ရေးကွင်းကို လိုက်ပါ အားပေးနေကြတယ်။ ဒီပုံတွေကို ကြည့်ပြီး နယူးဇီလန်မှာနေတဲ့ ကဗျာဆရာ ကိုခင်လွန်းက အခုလို ကွန်မင့်ပေးထားလေရဲ့။
´ဟား ရှားပါး မင်းသန့်ခိုင်က တကယ် စတိုင်ကျတယ်ဗျာ.. အဲဒီလောက် လှမ်းမြင်တာနဲ့ အကဲဖမ်းမိပြီ။ ဝမ်းသာလိုက် တာ။ မကြာမီ ( ရခိုင်သား) မြန်မာပြည် မက်ဆီ လာတော့မည်…..´တဲ့။
အဲဒီကလေးလေးဟာ ကိုစောနောင်ရဲ့ ညီငယ်ပမာ ချစ်ခင်ရတဲ့ ကိုလှရွှေနဲ့ သူ့တပည့်မ မစံကျော့ခိုင်တို့ရဲ့ တဦးတည်း သော သားပါ။ သူတို့မိသားစု ထိုင်းနိုင်ငံ မဲဆောက်မှာနေခဲ့တုန်းကတော့ သူဟာ မဲဆောက်ရောက်တိုင်း မင်းသန့်ခိုင်လေး ကို ချီပိုးရင်း ဆော့နေကျ။ ဒီကောင်က ဆော့တာတော့ အတော် ဆော့တဲ့ကောင်။ အငြိမ်ကိုမနေတာ။
သူ့အဖေနဲ့ လိုင်းပေါ်မှာတွေ့တိုင်း သူဟာ အဲဒီကလေးအကြောင်းကို အမြဲတမ်းမေးတတ်တယ်။ တနေ့မှာတော့ သူ့အ ဖေပြောပြတဲ့ မင်းသန့်ခိုင်ရဲ့စကားတခွန်းက သူ့ကို အံ့သြသွားစေတယ်။ ဒီစကားလုံးမျိုးက သူ့ဘ၀ သူ့ပတ်ဝန်းကျင်နဲ့ စိမ်းတဲ့ စကားလုံး။ စိမ်းဆို ဒီစကားမျိုးကို မိဘကို ဆရာသမားကို ပြောရင် ငရဲကြီးတတ်တယ်ဆိုတဲ့အသိနဲ့ တသက်လုံး ကျင် လည်လာခဲ့တာ မဟုတ်လား။ သူ့အဖေ ကိုလှရွှေ ပြောပြတာက
´ဂိုးကြီး.. ကျွန်တော့်သားကို ကျွန်တော်က ဘယ်စာအုပ် ဖတ်၊ ဘယ်စာအုပ်မဖတ်နဲ့ ဘာလုပ် ဘာမလုပ်နဲ့ လို့ပြောရင် သူက ဘာပြန်ပြောလဲ သိလား´
´မသိဘူးလေ.. ငါ့ညီ။ မင်းသားလေးက ဘာပြန်ပြောလဲ´
´သားက ပြန်ပြောတက.. It is not fair တဲ့။ တရားမျှတမှု မရှိဘူးတဲ့.. ဂိုးကြီး´
ဒီစကားလုံးလေးတလုံးက သူတို့သားအဖကြားမှာ ဘာမှ မထူးခြားပေမဲ့ မြန်မာပြည်က မိသားစုတစုအတွင်းမှာသာဆိုရင် ဒီကလေးဟာ ဘာယ်လောက်တောင် ကျောပြင်ကို ဗျောတင်ခံလိုက်ရမလဲ မသိဘူး။ အထူးသဖြင့် ကျေးလက် တောနေ မိသားစုထဲမှာ ဆိုရင် သေဖို့သာပြင်။
ဘာကြောင့်ဆို ကိုယ်တွေတိုင်းပြည်မှာက ကလေးက လူကြီး ပြန်ပြောရင် မကြိုက်တတ်ကြဘူး မဟုတ်လား။ ပြီးတော့.. အားမနာရာလည်း ရောက်တယ်လို့ သတ်မှတ်ကြတယ် ဟုတ်လား။ ဒီထက်ပိုကဲပြီး အုပ်ချုပ်သူ အသိုင်းအဝိုင်းကိုသာ ပြောလိုက်ကြည့်ပါလား။ ဒါဟာ ချက်ချင်း နိုင်ငံရေးစကား ဖြစ်သွားပြီး အ နည်းဆုံး ၇ နှစ်လောက် လူ့ဘုံလောကနဲ့ အ ဆက်ပြတ်သွားနိုင်တယ်။ အရှင်လတ်လတ် ငရဲစခန်းဖြစ်တဲ့ ထောင်နန်းမှာ ခံ ပေရော့။ သူက ကိုယ်တိုင် ခံဖူးထားဖူး သူဆိုတော့ သိတယ်လေ။
ဒါပေမဲ့ အခုခေတ်မှာတော့ ဒီလို ဟုတ်တော့ပါဘူး။ အဲ..တခုတော့ ရှိတယ်။ ထောင်တန်းမကျနိုင်တော့ပေမဲ့ အမြင်မတူသူ တွေရဲ့ အမုန်းပွားခြင်း အာဃာတထားခြင်ကို ကျိန်းသေခံရမှာ မလွဲပါဘူး။
´ဂိုးကြီး´ ဆိုတာက ကျွန်တော်တို့ ဒေသက ´အကိုကြီး´ လို့ ခေါ်တဲ့ ဝေါဟာရ ပါ။ ရခိုင်ဒေသိယ စကားတလုံးပေါ့။ မျိုး ဆက်သစ်တွေ သုံးနေကြတဲ့ ´ကွီး´ရဲ့ အဓိပ္ပါယ်နဲ့ အတူတူပါ။
၀၀၀၀ ၀၀၀၀၀ ၀၀၀၀၀
မင်းသန့်ခိုင်ကို ထိုင်းနိုင်ငံ တာ့ခ် ခရိုင် အုန်းဖန် ဆေးရုံမှာမွေးတယ်။ အဲဒီတုန်းက သူ့မိဘတွေက နို့ဘိုး ဒုက္ခသည် စခန်း မှာ နေတုန်း။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က အမေရိကကို ရောက်သွားကြတာ။ မင်းသန့်ခိုင် ၂ နှစ်သား အရွယ်ကပေါ့။ သူ တို့မိသားစု ရောက်ရောက်ချင်း ဒီ ပင်ဆီဗေးနီးယား ပြည်နယ်ကို ရောက်လာတာ မဟုတ်ဘူး။ အခြားတမြို့မှာ နေခဲ့ သေး တယ်။ ဒါကို မင်းသန့်ခိုင်ရဲ့အဖေက
´ကျွန်တော် လေ့လာသင့်တာကို လေ့လာတယ်။ အဓိကက ပညာရေး။ ကျောင်းတွေ အကြောင်း..။ ဒီနိုင်ငံမှာက ကျောင်း တွေ အားလုံးကို စုံစမ်းလို့ရတယ်။ ဘယ်ကျောင်းက ကောင်းလဲ၊ ဘယ်ကျောင်းက မကောင်းလဲ စသည်ဖြင့်ပေါ့။ ဒီကျောင်း မှာက ရံပုံငွေ ဘယ်လောက်ရှိသလဲ။ ဆရာတွေကို ဘယ်လိုခန့်ထားလဲ။ လစာ ဘယ်လိုပေးသလဲ သိလို့ရတယ်။ အဲဒီအ ချက်အလက် အားလုံးကို ဝက်ဘ်ဆိုဒ်မှာ ရှိတယ်။ ဝင်ကြည့်လို့ ရတယ်လေ။ ဒီနေရာမှာ တခု သတိထားမိတာ ကျောင်းမ ကောင်းတဲ့အရပ်မှာ အိမ်လခတွေ အများကြီး သက်သာတယ်..ဂိုးကြီး။ အရင် ကျွန်တော်နေခဲ့တဲ့ အရပ်မှာဆိုရင် အိမ်လခ တလကိုမှ လေးရာပေးရတယ်။ ကျောင်းက လုံး၀ မကောင်း။ အဲဒီနေရာမှာ မြန်မာတွေ အများကြီး နေကြတယ်။ သုံးရာ လောက် ရှိမယ်ထင်တယ်´
ကိုလှရွှေ ပြောပြတာကို နားထောင်ရင်း သူ အံ့သြနေတယ်။ ကိုယ့်တိုင်းပြည်နဲ့ ကွာလှချည်လားပေါ့။ အင်းလေ.. ကွာမှာ ပေါ့။ ဒါက အမေရိကကိုး။ ကမ္ဘာ့ထိပ်တန်း နိုင်ငံကြီးကိုးလို့ သူ့ဘာသာ ဖြေတွေး တွေးနေတယ်။ ကိုလှရွှေက ဆက်ပြီး
´ကျွန်တော်က ဝက်ဘ်ဆိုဒ်ထဲမှာ လိုက်ရှာတော့ ဒီနေရာမှာ ကျောင်းကောင်းရှိတယ်ဆိုတာကို တွေ့ရတယ်။ အဲဒီနေရာနဲ့ ကျွန်တော်နဲ့က သိပ်မဝေးဘူး။ ကားနဲ့ တနာရီလောက် မောင်းသွားရင် ရတယ်။ ဒီနေရာမှာ မြန်မာနိုင်ငံသားလည်း တ ယောက်မှ မရှိသလို.. အာရှတိုက်သားလည်း တယောက်မှ မရှိဘူး။ အားလုံး အဖြူတွေချည်းဘဲ။ ဒီနေရာက ပင်ဆီဗေးနီး ယားမှာ နံပတ်တစ်လောက် ရှိတယ်။ အိမ်လခကလည်း တထောင့်တရာလောက် ပေးရတယ်။ အရင်နေရာနဲ့ ခုနစ်ရာ လောက် ကွာတယ်´
မင်းသန့်ခိုင်အဖေတယောက် သူ့သားရဲ့ အနာဂတ်အတွက် ကျောင်းကောင်းကန်ကောင်း ထားနိုင်ဖို့ အားတက်သရော ဖြစ်နေချိန် ကိုလှရွှေငယ်စဉ်ဘဝက သူ့ဇာတိ အဝပြင်ရွာထက် ပိုကြီးတဲ့ စနဲတို့ ကျောက်ဖြူတို့ကို ကျောင်းတက်ဖို့ သွား ရာမှာ ဖိနပ်တောင် စီးဖို့တောင် ခက်ခဲခဲ့တဲ့အကြောင်း သူကိုယ်တိုင်ရေးခဲ့တဲ့ ´ဖိနပ်ပံပြင်´ အက်ဆးကို သတိရရင်း ပြုံးမိ သေးတယ်။
ဒါတွေဟာ သားသမီးတို့ရဲ့ အနာဂတ်ပုံရိပ် လှလှလေးတွေအတွက် မရိုးနိုင်တဲ့ မိဘတို့ရဲ့ မေတ္တာဘဲ မဟုတ်လား။ ကိုယ် တိုင်တုန်းက ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ သားသမီးအလှည့်မှာတော့ ငါ့လို မဖြစ်စေရဘူးဆိုတာ ဓမ္မတာပါ။ မင်းသန့်ခိုင်တို့ရဲ့ အမေရိကန်ပညာရေး စနစ်က ကိုယ်တွေနဲ့ လားလားမှမဆိုင်လောက်အောင်ကွာခြားနေတာကို သူ့အဖေက ခုလို ဆိုပြန်ပါ တယ်။
´ဒီမှာက အစိုးရဆီက ထောက်ပံ့တဲ့အပြင် သက်ဆိုင်ရာ ခရိုင်အတွင်းမှာနေတဲ့ ပြည်သူတွေ၊ ကုမ္ပဏီ အကုန်လုံးက ကျောင်းအတွက် ပိုက်ဆံပေးကြရတယ်။ ဒါကြောင့် သူတို့ ကျောင်းမှာ ကိုယ်ပိုင် ရံပုံငွေတွေ ရှိတယ်။ အခု ကျွန်တော်နေတဲ့ မြို့က ကုမ္ပဏီ တွေ ရုံးတွေ စတဲ့ စီးပွားရေး လုပ် ငန်းအားလုံးက ဒီစာသင်ကျောင်းတွေအတွက် အခွန်ပေးရတယ်။ ကျွန်တော်တို့လည်း ပေးရတယ်။ ပြောရရင် ကုမ္ပဏီတွေ အများကြီး ရှိတဲ့နေရာတွေမှာ ကျောင်းကောင်းကောင်းတွေ ရှိ တယ်။ ဒါကြောင့် ပိုက်ဆံချမ်းသာတဲ့ လူတွေနေတဲ့အရပ်မှာ ကျောင်းကောင်းတယ်။ ဆိုပါစို့ ကျွန်တော်က တနှစ်မှာ ဒေါ် လာ တသိန်းဝင်တယ်ဆိုရင် ၁၅ ရာခိုင်နှုန်း ဆောင်ရတယ်.. ထား။ တနှစ်ကို အဲဒီကျောင်းအတွက် ဒေါ်လာ တသောင်းခွဲ ဆောင်ရတဲ့ သဘောပေါ့။ ပိုက်ဆံရှိတော့ ကျောင်းဆရာ ကောင်းကောင်းကို ခန့်နိုင်တာပေါ့´
`ကျောင်းကောင်းဆိုတာတော့ ငါ့ညီပြောလို့ သိရပါပြီ။ သင်ပုံ သင်နည်းလေးလည်း သိသလောက် ပြောပြပါဦး..ကွာ´
´ကျွန်တော့သားဆိုရင် အခု ငါးနှစ်ဘဲ ရှိသေးတယ်။ ကျောင်းတက်ပြီး တပတ်အကြာမှာ ဆရာမနဲ့ လေ့လာရေးခရီး ထွက် ရတယ်။ ဘယ်ကိုသွားကြလဲဆိုရင် လယ်လုပ်တဲ့ နေရာကို သွားကြတယ်။ ဒါဟာ သူတို့ကို ကမ္ဘာလောကကြီး အကြောင်း ကို စတင် သင်ပေးဖို့ မိတ်ဆက်တဲ့ သဘောပေါ့။ ဒီကလေးလေးကို ဆရာမက ဘာခိုင်းသလဲဆိုရင် မင်းအိမ်နားမှာ ရှိတဲ့အ ပင်ဆယ်မျိုးလောက်ရဲ့ နာမည်ကို ရေးလာခဲ့ဆိုတာမျိုး စလုပ်တယ်။ ဒီအခါမှာ ကလေးက အဲဒီ အပင်ဆယ်မျိုးကို သိအောင် လုပ်ရတယ်။ မလုပ်လို့ မရဘူး။ သိအောင်လုပ်ပြီး နောက်နေ့ သူ့ဆရာမကို ပြန်ပြရတယ်။ နောက်တခုက ပုံဝတ္ထု ဖတ်ရ တယ်။ စာအုပ်ဖတ်ခိုင်းတယ်။ နောက်အပတ် မင်း ပုံပြောရမယ်။ အလှည့်ကျပေါ့။ ဘာကို ပြောပြော ပြောဖို့ အဓိက။ သူ ဖတ်ချင်ရာ ဖတ်လာခဲ့။ အာကာသအကြောင်းလား။ လူအကြောင်းလား ။ တိရိစ္ဆာန် အကြောင်းလား ပြောချင် ရာပြော ရတယ်´
´မိုက်နေရော.. နော်။ သူတို့က သိတာကို ပြန်ပြော။ ငါတောင် မင်းသားနဲ့ လိုက်ပြီး ကျောင်းတက်ချင်စိတ် ပေါက်လာပြီ။ တကယ်ဘဲ။ မင်းတို့ ငါတို့မှာတော့ ကလေးဘဝကနေ ဘွဲ့ရ ဘွဲ့လွန်ထိ ကျက်လိုက်ရတဲ့စာ.. နားလည်လည် မလည် လည်။ နောက် အလုပ်ဝင်ခွင့် စာမေးပွဲထိ ကျက်..ကျက်နဲ့ ပြီးကို မပြီးနိုင်ခဲ့ဘူး´
´ပြီးတော့ ရှိသေးတယ် ဂိုးကြီး။ တလအတွင်းသင်မဲ့စာ တပတ်အတွင်း လုပ်ထားရမဲ့ စာတွေကို သူတို့က မိဘတွေဆီကို အရင်ပို့တယ်။ ဒီမှာက ကျောင်းသားက စာမဖတ်လို့ မရဘူး။ နောက်တခုက ကျွန်တော်တို့ မိဘတွေက သူတို့ကျောင်းထဲ ကို ဝင်လို့ မရဘူး။ ဘယ်သူမှ ပေးမဝင်ဘူး။ တားမြစ်ထားတယ်။ ဆရာ ဆရာမနဲ့ ကျောင်းသားတွေဘဲ ဝင်ခွင့်ရှိတယ်။ သူ တို့ ရေးထားတဲ့ စာတွေ ပို့ထားတဲ့စာတွေကို ကြည့်ပြီးမှ မိဘတွေက လေ့လာရတယ်။ ဒီမှာက စာကျက်တာထက် Activities လို့ခေါ်တဲ့ လှုပ်ရှားမှုတွေကို ပိုလုပ်တယ်´
´ဒီလိုဆိုရင် ကလေးတွေက အမြဲတမ်း လန်းဆန်း တက်ကြွနေမှာပေါ့.. နော်။ ငါတို့ဆီမှာတော့ ကျောင်းသားတွေ ခမျာ ပခုံးများ ပြုတ်ကျမလားထင်ရတယ်။ ထည့်လွယ်ထားရတဲ့ စာအုပ်တွေလေ. ပြီးတော့ စာမရမှာ ဆရာ ဆရာမ လူကြီး မိဘတွေ ဆူမှာ ပူမှာကို အမြဲတမ်း စိုးရိမ် ထိတ်လန့်နေတဲ့ မျက်ဝန်းတွေ ကျောင်းသား အများစုဆီမှာ ရှိနေတာက အစဉ်အလာလို ဖြစ်နေပြီ´
´ထပ်ပြီး အံ့သြစရာ ကောင်းတာ ပြောပြဦးမယ်။ ကျွန်တော့သားဆိုရင် မာတင် လူသာကင်း ဂျူနီယာအကြောင်းကို အတန်း ထဲမှာ ပြောလာတယ် တဲ့။ ကျွန်တော်တောင် မသိ။ မာတင်လူသာကင်း ဂျူနီယာကို မင်းဘယ်လိုသိသလဲဆိုတော့ သူက သိတယ်တဲ့။ မာတင်လူသာကင်းဟာ လူတွေကို သနားကြင်နာတတ်တဲ့ အကြောင်း သူသိတယ်လို့ ပြန်ပြောပြတယ်။ ဒီမှာ က ကလေးတွေ ဖတ်ဖို့လည်း သေသေချာချာ ရေးထားတာ ရှိတယ်။ ကလေးတွေ ဖတ်ဖို့ ရေးထားတဲ့ မာတင်လူသာ ကင်း စာက ဝါကျ ဆယ်ကြောင်းလောက်ဘဲ ရှိတာ။ အဓိကကတော့ကလေးတွေကို စာဖတ်ဖို့ အလေ့အကျင့် လုပ်ပေးတဲ့ သဘောပေါ့´
´အော်.. အားကျဖို့ ကောင်းလိုက်တဲ့ ပညာရေး စံနစ်နော်´
´နောက်တခုက ကျောင်းသား အားလုံးက စာကြည့်တိုက်ကို မသွားလို့ မရဘူး။ စာကြည့်တိုက်ကို သွားဖို့အတွက် သင်ရိုး ညွှန်းတမ်း ဆွဲကတည်းက ပါတယ်။ စာကြည့်တိုက်ကို သွားကို သွားရမယ်။ ငါးနှစ်သာ ရှိတဲ့ ကျွန်တော့သားလေးက စာ ကြည့်တိုက်မှာ စာအုပ် ငှါးဖတ်တတ်နေပြီ။ ကျွန်တော်တို့ တက္ကသိုလ် တက်တုန်းက ဘွဲ့သာရသွားတယ်။ စာကြည့်တိုက် ကို တခါမှ မရောက်ဖူးတဲ့သူ တပုံကြီး´
´ဟေ့.. ဟုတ်လား။ ဝမ်းသာစရာ ကောင်းလိုက်တာ နော်။ ငါတို့ ဒီအရွယ်တုန်းကဆို ကျောက်သင်ပုန်းနဲ့ ကျောက်တံ လောက်ဘဲ ကိုင်ခဲ့ဖူးတာ။ မင်းသားလေးက ကံကောင်းပါတယ်လေ´
´ဆက်ပြောဦးမယ်။ ကျွန်တော့သားက သူဖတ်ချင်တဲ့စာအုပ်ကို ရှာတတ်နေပြီ။ ကျောင်းက ဘယ်စာအုပ်ကို ဖတ်လို့ မ ပြောပါဘူး။ ဖတ်ချင်ရာကိုဖတ်ဘဲ။ တပတ်ကို ငါးအုပ် ဖတ်ရင် ရပြီ။ သားက ငါးမန်းအကြောင်း အာကာသအကြောင်းကို တော်တော် စိတ်ဝင်စားတယ်။ အာကာသကို စိတ်ဝင်စားလို့ နက္ခတ်ကြည့် မှန်ပြောင်းကို ဒေါ်လာ ၃၀၀ နဲ့ မှာထားတယ်။ သူ နက္ခတ်တွေ ကြည့်ရအောင်လို့ ပေါ့။ ကျွန်တော့သားက မစ်ကီဝေး ကြယ်တွေ ဘာတွေ တောင် သိနေပြီ။ ကျွန်တော် တောင် မသိဘူး။ ဒီက ကလေးတွေက တခုမဟုတ် တခု စိတ်ဝင်တစား လုပ်နေတတ်ကြတယ်.. ဂိုးကြီး´
´အော်.. ကောင်းလိုက်တာ ငါ့ညီရာ.. မင်းသားလေးရဲ့ အနာဂတ်အတွက်ကတော့ ဝင်းလက် တောက်ပနေတာဘဲ။ ဒါနဲ့ ကြုံတုန်း ငါတခု မေးပါရစေဦး။ မင်းရဲ့သားက စာဘယ်လိုဖတ်သလဲ´
´ဒီကကလေးတွေဟာ စာနှစ်မျိုး ဖတ်ရတယ် ဂိုးကြီး။ bed time reading ဆိုတဲ့ အိပ်ခါနီး ဖတ်ရတဲ့ စာနဲ့ Essential reading မဖတ်မဖြစ် ဖတ်ရမဲ့ စာ ဆိုပြီး ရှိတယ်။ တလကို ငါးအုပ်ဖြင့် ငါးအုပ် ဖတ်ရမယ် ဆိုတာမျိုးပေါ့။ နားလည်အောင် ဖတ်။ ပြီးရင် ကျောင်းမှာ presentation ပြန်လုပ်.. အဲဒီဟာ သူတို့ရဲ့ စာဖတ်နည်းဘဲ´
၀၀၀ ၀၀၀ ၀၀၀ ၀၀
ပညာဆိုတာ လူတယောက်အတွက် အရေးအပါဆုံး အရာလို့ ကိုစောနောင် တသက်လုံး စွဲစွဲမြဲမြဲ ယုံကြည်ခဲ့သော်ငြား မင်း သန့်ခိုင်အကြောင်း သူ့ဖခင်ဖြစ်သူနဲ့ ပြောဆိုမိတဲ့နောက်မှာတော့ ကိုယ်ဟာ တကယ်ပညာစစ်ကို သင်ခွင့်မရခဲ့ပါလား ဆို တာ ငလျင် ရုတ်တရက် လှုပ်လိုက်လို့ အထိတ်တလန့် ခံစားရသူပမာ ဖြစ်သွားခဲ့ရတယ်။
ကမ္ဘာကို ကိုင်လှုပ်နေတဲ့ နိုင်ငံတွေ ကမ္ဘာကို ဦးဆောင်နေတဲ့ တိုင်းပြည်တွေမှာက ငါးနှစ်သားကလေးတောင် စာကြည့် တိုက်ကို ကိုယ့်ဘာသာ သွားတတ်တယ်။ ကိုယ်သိတာ နားလည်တာကို ပြန်ပြီး ချက်ကျလက်ကျ ပြောဆိုတတ်တယ်လို့ တဆင့် စကား ကြားလိုက်ရချိန်မှာ ကိုယ့် တိုင်းပြည်မှာတော့ ဆရာသင်တဲ့ အပုဒ်မပါလို့ ဆယ်တန်းကျရတဲ့ ကျောင်းသား တွေ ဒုနဲ့ဒေး ရှိနေဆဲ။ ဘွဲ့ဒီဂရီတွေ အစီအရီရထားပေမဲ့ ကိုယ်သိတာ နားလည်တာ ကိုယ်ယုံကြည်ရာကို လူရှေ့ သူရှေ့ မပြောဝံ့ မဆိုဝံ့သူ မြောက်များစွာ ရှိနေဆဲဖြစ်တဲ့ ကိုယ့်တိုင်းပြည်ရဲ့ အရှိတရားက ရင်လေးစရာ ကောင်းလိုက်ပါဘိတောင်း။
ဘာဘဲဖြစ်ဖြစ်ပေါ့လေ.. ပြည်သူတွေ ဒီမိုကရေစီ ရဖို့ တိုက်ခဲ့ တောင်းခဲ့တာဟာ လက်ညှိုးထောင် ခေါင်းညိတ် လက်သင့် ရာ စားတော်ခေါ် မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ ငါ့လူဘက်က မျက်စိ စုံမှိတ်ပြီး ရပ်တည်တတ်တဲ့ လူတွေ ဆိတ်သုဉ်းဖို့ ဘဲ မဟုတ်လား။ မင်းသန့်ခိုင်လေး သင်ယူနေတဲ့ ပညာရေးစနစ်မျိုး ထွန်းကားလာစေချင်လို့ အသက်တွေ ဘဝတွေကို ပေးဆပ် စတေးခဲ့ကြတာ မဟုတ်လား။ လက်သန်းထိပ်ဖျားမှာ မှင်ပြာတွေ စွန်းပြီး တိုက်ပွဲဝင်ခဲ့ကြတာ မဟုတ်လား။