မော်လမြိုင်၊စက်တင်ဘာ ၇

၂၀၁၆-၂၀၁၇ ပညာသင်နှစ်မှ စတင်ကာ မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများတွင် Tablet အသုံးပြုကာ ပညာသင်ကြားမှုများလုပ်ဆောင်နေပြီး မွန်ပြည်နယ်ရှိ ကျောင်း(၈)ကျောင်းတွင်လည်း Tablet ဖြင့်သင်ကြားပေးနေပြီဖြစ်ကြောင်းသတင်းရရှိသည်။

ဘီလင်းမြို့နယ်ရှိ အ.ထ.က တောင်စွန်း အထက်တန်းကျောင်းအပါအဝင် ပေါင်မြို့နယ်ရှိ ဇင်းကျိုက်နှင့် နတ်ကြီးချောင် အထက်တန်းကျောင်း(၂)ကျောင်း ၊ ချောင်းဆုံမြို့နယ်ရှိ အထက်တန်းကျောင်း(၂)ကျောင်း၊ ကျိုက်မရောမြို့နယ်ရှိ အထက်တန်းကျောင်း(၂)ကျောင်း၊ သံဖြူဇရပ်မြို့နယ်ရှိအထက်တန်းကျောင်းများတွင် Tablet အသုံးပြုကာ သင်ကြားပေးနေပြီဖြစ်ကြောင်းသိရသည်။

“မွန်ပြည်နယ်မှာတော့ (၈)ကျောင်းပေါ့ တစ်ကျောင်းကို Tablet (၉၉)လုံး စီ ပေးထားပြီးပါပြီ။ သံဖြူဇရပ်က ကျိုက်ခမီ ကျောင်းမှာ သင်တန်းတွေပို့ချနေတာတွေရှိပါတယ်”ဟု အခြေခံပညာညွှန်ကြားမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမြင့်ဦးက သံလွင်တိုင်းမ်သို့ပြောသည်။

Tablet များကို Offline အဖြစ် အင်္ဂလိပ်စာအသုံးပြုခွင့်ပေးထားပြီး အခြေခံပညာကျောင်းအားလုံး Tablet ဖြင့် သင်ကြားနိုင်အောင်တိုးချဲ့သင်ကြားပေးရန်ရှိကြောင်းသိရသည်။

“(၇)တန်း (၈)တန်းနဲ့ (၉)တန်းတွေကို သင်ကြားပေးသွားမှာပါ။ (၁၀)တန်းကိုလည်းအလျဉ်းသင့်သလို သင်ကြားပေးသွားမယ်။ ယူနက်စ်စကို ကတော့ (၂)နှစ် ထောက်ပံ့ပေးတာပါ။ နောက်ပိုင်းကျရင်တော့ ကျွန်တော်တို့ပညာရေးဦးစီးဌာနကပဲ ဆက်လက်လုပ်ဆောင်သွားဖို့လည်းရှိနိုင်ပါတယ်။ နောက်ပိုင်း ဆိုရင်တော့ ပညာသင်ထောက်ပံံ့ကြေးတွေကို နိုင်ငံတော်ဘက်ဂျက်ကနေပြီးတော့ ထောက်ပံံ့သွားမလား မပြောတတ်သေးဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။

Tablet အသုံးပြုမှုကို ကျောင်းသားများအတွက်စာသင်ချိန်တွင် ခွင့်ပြုထားသော်လည်း ဆရာ/ဆရာမများကိုမူ သင်ကြားရေးနှင့်ပတ်သတ်ပြီး လိုအပ်သည့်အချိန်တိုင်းအသုံးပြုနိုင်ရန်စီစဉ်ထားကြောင်းသိရသည်။

ကျောင်းချိန်အတွင်းမှာသာ သင်ကြားခြင်းဖြစ်သည့်အတွက် ကျောင်းစာကို ထိခိုက်မှု မရှိ ၍ ဝမ်းသာကြောင်း တက္ကသိုလ်ဝင်တန်းကျောင်းသားတစ်ဦး၏ မိခင် တစ်ဦးကပြောသည်။

“ခေတ်နဲ့အညီ တိုးတက် လာတဲ့အတွက် ကောင်းပါတယ်။ Tablet တွေကို စာသင်ချိန်မှာ သင်ကြားပေးတဲ့ အတွက် Game ဆော့နေမှာလည်းမပူရတော့ဘူး။ တခြားလေ့လာစရာတွေအတွက် အသုံးပြုရလို့ မိဘ တစ်ယောက်အနေနဲ့ဝမ်းသာပါတယ်”ဟု အ.ထ.က ကော့ခမယ် တွင် တက္ကသိုလ်ဝင်တန်းပညာသင်ကြား နေသည့် မောင်ဇေယျာလင်းထက်၏ မိခင်ဖြစ်သူ ဒေါ်အေးအေးသက်ကပြောသည်။

ယင်းသို့ထောက်ပ့ံ့ပေးခြင်းဖြင့် အခြေခံပညာကျောင်းများအတွက် စာသင်ကြားမှုပိုမို အဆင်ပြေလွယ်စေပြီး ကျောင်းအောင်ချက်များကိုလည်း တိုးတက်လာစေမှာဖြစ်ကြောင်း ဆရာ၊ဆရာမများမှ ထောက်ခံအားပေး လျက်ရှိသည်။

“ကလေးတွေလည်း ဒါမျိုးတွေအရင်က မဝယ်နိုင်ဘူး။ ကျောင်းကလည်း ရန်ပုံငွေတွေ မရှိလို့သာ အဆင်မပြေ ဖြစ်ခဲ့တာ အခုလိုကြားရတော့ဝမ်းသာပါတယ်။ သူတို့ရဲ့ IQ လေးတွေလည်းမြင့်လာမယ်”ဟု အ.ထ.က ဇင်းကျိုက်ကျောင်းမှ အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်စန်းကပြောသည်။

ထောက်ပံ့ပစ္စ္စည်းများပေးအပ်ရာတွင် မြို့ကြီးများအတွက် စီစဉ်ပေးသကဲ့သို့ နယ်ဘက်ရှိ ကျေးရွာကျောင်း များကိုလည်းထောက်ပံ့ပေးစေလိုကြောင်း သထုံမြို့နယ် အ.မ.က (လွန်)ကော့လှိုင်း ကျောင်းအုပ်ဆရာကြီး ဦးဖြူ ကပြောသည်။

“နည်းပညာပစ္စည်းတွေထောက်ပံ့ပေးတော့ နည်းပညာနဲ့ ကျောင်းသားတွေ ရင်းနှီးကျွမ်းသွားမှာပါ။ ကျွန်တော်တို့ကျောင်းဆိုရင် လျှပ်စစ်မီးလည်းမရှိဘူး။ အိမ်သာနှင့် ရေတွေအခက်အခဲလည်းရှိတယ်။ ဒါလေးတွေကိုလည်း ဖြစ်နိုင်ရင်တော့ လုပ်ပေးစေချင်ပါတယ် Tablet နဲ့ပညာသင်ကြားမယ်ဆိုလို့ ဝမ်းသာပါတယ်”ဟု ၎င်းကပြောသည်။
education-guide
“သားတို့ကို အရင်က ဒါမျိုးတွေ မလုပ်ပေးခဲ့ဘူး အခုလုပ်ပေးမယ်သိရတော့ ပျော်တယ် ပညာရေးဘက်မှာ အကျိုးရှိရှိ အသုံးချသွားမှာပါ” ဟု အ.ထ.က ကော့ခမယ် ကျောင်းတွင် နဝမတန်းပညာ သင်ကြားနေသည့် မောင်ခန့်ငြိမ်းကပြောသည်။

လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာ အရ ကျောင်း(၃၁) ကျောင်းတွင် အကောင်အထည်ဖော်နိုင်ခဲ့ပြီး အခြေခံပညာကျောင်းများတွင် ပညာသင်ကြားပေးနေသည့် ဆရာ၊ဆရာမ ဦးရေ (၄)သိန်းကျော် ရှိကြောင်း သတင်းရရှိသည်

သတင်း-TU Arkar Min

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.