ရေး ၊ စက်တင်ဘာ ၁၅

ရေးမြိုူ့၊ ရှေးဟောင်းကျုံးတော်ကြီးအတွင်း ငါးများရာနှင့်ချီသေဆုံးမှုရှိနေပြီး လူမှုအဖွဲ့အစည်းတာဝန် ရှိသူအချို့က ရှင်းလင်းမှုများ ပြုလုပ်နေသည်ဟု သိရသည်။

“ ဒီမနက်သေနေတဲ့ငါးတွေကို တပည့်တစ်ယောက်နဲ့ လိုက်သိမ်းပြီးဆယ်နေတာ ကောင်ရေ ရာနဲ့ချီပြီး ရနေတယ်၊ အဆိပ်မိသေတယ်လို့ ယူဆရလို့ စားသောက်ဖို့ လာရောက်ယူဆောင်သူတွေကို မယူဖို့ တားမြစ်နေရတယ်၊ လူငယ်လေးအချို့က ငါးစာတွေကျွေးပြီးချိန်မှာငါးတွေကသေတယ်၊ သေတဲ့ဟာကို ဆယ်ယူသွားကြတယ်လို့ သိရတယ် ” ဟု ရေးမြို့နုယ်လူမှုအကျိုးဆောင်အဖွဲ့အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက သံလွင်တိုင်းမ်သို့ ပြောသည်။

သာသနာ ၂၅၀၀ စေတီတော်ဂေါပကအဖွဲ့လူငယ်များအနေဖြင့် ကျုံးပတ်ဝန်းကျင်အတွင်း ယင်းကဲ့သို့ လုပ်ဆောင်နေမှုများကို ထိုက်သင့်သလို အရေးယူဆောင်ရွက်ရန်စီစဉ်နေပြီ ဟုလည်း သိရသည်။

“ အဲ့လိုမျိုးလုပ်တဲ့သူတွေကို ဂျူတီချပြီးတော့ နေ့ည ဖမ်းဆီးဖို့ လုပ်နေပါတယ် ” ဟု ဂေါပကအဖွဲ့ လူငယ်တစ်ဦးဖြစ်သူက သံလွင်တိုင်းမ်သို့ ပြောသည်။

ယင်းကဲ့သို့ ငါးများအား အစာများကျွေးကာ ဖမ်းဆီးရယူမှုပြုနေသူများကို တွေ့ရှိပါက နီးစပ်ရာ သက်ဆိုင်ရာသို့ အကြောင်းကြားပေးစေလိုကြောင်းနှင့် အဆိပ်မိသေဆုံးသည် မှန်ကန်ပါက စားသုံးမိသူများအတွက် အန္တရာယ်ရှိစေနိုင်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက စိစစ်ပေးရန် လိုအပ်ကြောင်း ရန်မျိုးအောင်ရပ်ကွက်နေ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးအောင်ခိုင်က မှတ်ချက်ပြုသည်။

“ ကျုံးထဲမှာ ခုသေနေတဲ့ငါးတွေ ၂၀၀ နဲ့ ၃၀၀ လောက်ရှိနေတယ်၊ ထပ်မံဆယ်ယူဖို့လုပ်ရဦးမှာပါ ” ဟု ဦးအောင်နိုင်ဝင်းက ဆိုသည်။

ရှေးဟောင်းကျုံးတော်ကြီးအတွင်း ငါးကြင်း၊ ငါးမျှစ်ချင်း၊ ငါးခုံးမ၊ ငါးရှဉ့်၊ ငါးခူ၊ လိပ်များ အများအပြား တည်ရှိပြီး ငါးလုပ်ငန်းဦးစီးဌာနက နှစ်စဉ် ငါးမျိုးပေါင်းများစွာကို ယင်းကျုံးအတွင်းလာရောက် ထည့် ပေးလျက်ရှိသည်။

သတင်း – ရဲနိုင်ဦး
ဓါတ်ပုံ – ANW

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.