ရဲနိုင်ဦး
ရေး ၊ သြဂုတ် ၂၉

အခြေခံလူ့အခွင့်အရေးနှင့် လိင်စိတ်ခံယူမှုအပေါ် ခွဲခြားခံရသည့် LGBT (လိင်တူချစ်သူ)အခွင့်အရေးဆိုင်ရာသင်တန်းကို ရေးမြို့၊ ပြည်ခိုင်ဖြိုးခန်းမတွင် သြဂုတ်လ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ၃ ရက်ကြာ ပြုလုပ်ခဲ့သည်ဟုသိရသည်။

ရေးမြို့နယ်တွင် ပထမဆုံးအကြိမ်ကျင်းပသည့် ယင်းသင်တန်းသို့ လူငယ် ၂၅ ဦးတက်ရောက်ခဲ့ပြီး LGBT များ၏ လူ့အခွင့်အရေးအတွက် လှုပ်ရှားပညာပေးနေသော အစိုးရမဟုတ်သည့်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Colors Rainbow အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

“ လူတိုင်း လူ့အခွင့်အရေးကိုနားလည်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုများရှိလာစေဖို့၊ လူထုအတွင်းလိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် ခွဲခြားနှိပ်ချဆက်ဆံမှုများလျော့နည်းလာစေဖု့ိနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုများလျော့နည်းလာစေဖို့ ရည်ရွယ်ကျင်းပတာပါ ” ဟု


Colors Rainbows အဖွဲ့ ထားဝယ်မှ Program Officer မမြသက်မူက သံလွင်တိုင်းမ်သို့ ပြောသည်။

ယင်းသင်တန်းတွင် လူ့အခွင့်အရေးဆိုင်ရာသမိုင်းကြောင်းနှင့် နိုင်ငံတကာလူ့အခွင့်အရေးကြေငြာစာတမ်းအပိုဒ် ၃၀၊ အုပ်စုအလိုက် အခွင့်အရေးပေါ်ပေါက်လာပုံတို့အပြင် လိင်တူချစ်သူများနှင့်သက်ဆိုင်ရာသော စိတ်နေသဘောထားများကို ဆွေးနွေးပို့ချခဲ့သည်ဟု သိရသည်။

“ လိင်စိတ်ကိုင်းညွတ်မှုနဲ့ လိင်ဝိသေသလက္ခဏာ၊ လိင်စိတ်ခံယူမှုအပေါ်ခွဲခြားဆက်ဆံခံရနဲ့ LGBT အခွင့်အရေးများကို ဆွေးနွေးပို့ချပါတယ်၊ ရေးမြို့နယ်မှာတော့ ခုလိုလာရောက်ပို့ချတာ ပထမဆုံးအကြိမ်ပါ ” ဟု မမြသက်မူက ပြောသည်။

ယင်းသင်တန်းတက်ရောက်ခဲ့သူများအနေဖြင့် အခြေခံလူ့အခွင့်အရေးသဘောတရားများကို သိရှိနားလည်လာစေပြီး မိမိတို့ကိုယ်တိုင် လူ့အခွင့်အရေးမချိုးဖောက်ရန်နှင့် ချိုးဖောက်မှုများကိုလည်း ကာကွယ်တတ်လာစေရန်၊ ရေးမြို့တွင်ရှိသော LGBT များစုပေါင်းပြီး

လူထုအကျိုးပြုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်လာတတ်စေရန်၊ လူထုအတွင်း မှားယွင်းသော အယူအဆများပပျောက်၍ ခွဲခြားဆက်ဆံခံရမှုလျော့နည်းလာစေရန် စသည့် အကျိုးကျေးဇူးများ ရရှိလာကြောင်း ၎င်းက သံလွင်တိုင်းမ်သို့ ပြောသည်။

“ ရေးနယ်မှာတော့ လိင်တူချစ်သူဆိုတာမျိုးကရှိမှာပါ၊ ယူထားတဲ့သူတွေလဲ အချို့ရှိကြပါတယ်။ အချို့သောသူတွေရဲ့အမြင်မှာတော့ တစ်မျိုးကြီးဖြစ်နေပေမယ့် သူတို့လဲ သူတို့အခွင့်အရေးတွေရှိနေကြတယ်၊ ဒီမှာတော့ အဲလိုမျိုး ခွဲခြားဆက်ဆံတာမျိုးတော့ မရှိသလောက်ပါပဲ ” ဟု ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုသည်။

အဆိုပါသင်တန်းကို Equality Myanmar လက်အောက်ရှိ အခြေခံလူ့အခွင့်အရေးနှင့် လိင်စိတ်ခံယူမှုကွဲပြားသူများအပေါ် ခွဲခြားဆက်ဆံမှုဖြစ်စေသောအယူအဆများ လျော့နည်းလာစေရန်အတွက် လူထုအတွင်း လူ့ဂုဏ်သိက္ခာနှင့် လူ့အခွင့်အရေးတန်ဖိုးများကို

နားလည်လက်ခံလာအောင် အသိပညာပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် Colors Rainbow အဖွဲ့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သတင်းနဲ့ ဓါတ်ပုံ ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.