မော်လမြိုင်၊ ဇူလိုင် ၂၈

(၂၈)နှစ်မြောက် ၈၈၈၈ အရေးတော်ပုံအထိမ်းအမှတ် ကာတွန်း၊ ကဗျာပြပွဲပြုလုပ်ရန်အတွက် စီစဉ်လျက်ရှိပြီး ပါဝင်ရေးသားဖော်ပြလိုသူများအတွက် စာမူဖိတ်ခေါ်ကြောင်း စီစဉ်သူများထံမှ သိရသည်။

“၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံနှင့်ပတ်သက်ပြီးဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ၊ ခံစားမှုတွေကို ကဗျာတွေ၊ ကာတွန်းတွေနဲ့ဖော်ထုတ်တင်ဆက်ဖို့ရည်ရွယ်ပါတယ်” ဟု ပြပွဲပြုလုပ်ရန် စီစဉ်နေသူ ကဗျာဆရာ ဂိုးဂိုး(မောရမြိုင်)က ပြောသည်။

ပြပွဲကို (၂၈)နှစ်မြောက် ၈၈၈၈ အရေးတော်ပုံအထိမ်းအမှတ်အခမ်းအနားတွင် ခင်းကျင်းပြသသွားမည် ဖြစ်သော်လည်း မည်သည့်နေရာတွင် ပြုလုပ်မည်ဆိုသည်ကိုမူ စီစဉ်ဆဲဖြစ်ကြောင်း သိရသည်။

ကဗျာ၊ ကာတွန်းပုံဖော်ရေးသားရာတွင် “ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ရည်ညွှန်းချက်များ၊ ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ၏ အရေးပါခဲ့ပုံများအားစပ်လျဉ်းရေးသားရမည်ဖြစ်ပြီး ပေးပို့ လာသောစာမူများအား ရွေးခြယ်ရေးအဖွဲ့မှ စီစစ်ရွေးခြယ်ပြီးမှသာ ပြပွဲတွင် ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပါဝင်ပြသလိုသူများအနေဖြင့် ကဗျာ၊ ကာတွန်းစာမူများအား A4 ဆိုဒ် စာရွက်တွင် လက်ရေးဖြင့်သော် လည်းကောင်း၊ ကွန်ပြူတာစာစီပြီးသော်လည်းကောင်းပြုလုပ်ရမည်ဖြစ်ပြီး သြဂုတ်လ(၂)ရက်နေ့ နောက်ဆုံး ထားပြီး ပေးပို့သွားရန်နှင့် မွန်ပြည်နယ်(၁၀)မြို့နယ်အတွင်းမှ စာမူများကိုသာ လက်ခံမည်ဖြစ်ကြောင်း ကော်မတီထံမှ သိရသည်။

“ကျွန်တော်ကတော့ ကဗျာရေးသားပေးပို့သွားမှာပါ။ ဒါက သမိုင်းဝင်ရက်ပဲလေ။ ကျွန်တော်တို့နိုင်ငံ အပြောင်းအလဲအတွက် အထောက်အကူပြုခဲ့တဲ့ အဖြစ်အပျက်ပဲ။ သမိုင်းမှတ်တမ်းတင်ထားရမယ့်ပွဲအတွက် ပါဝင်သွားမှာပါ”ဟု ၂၀၀၇ ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ တစ်ဦးကပြောသည်။

စာမူများပေးပို့မည်ဆိုပါက ဂိုးဂိုး(မောရမြိုင်) အမှတ် (၂၂) ပြည်လုံးချမ်းသာဝင်း / ကျိုက်သန်လန် ဘုရားလမ်း/ ရွှေတောင်ရပ်/ မော်လမြိုင်သို့လည်းကောင်း၊ ဖုန်း -၀၉ ၂၅၅၇၂၈၇၈၈ သို့လည်းကောင်း ဆက်သွယ်ပေးပို့နိုင်ကြောင်း သိရသည်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.