မော်လမြိုင်၊ ဇူလိုင် ၂၈

(၂၈)နှစ်မြောက် ၈၈၈၈ အထိမ်းအမှတ်အခမ်းအနားများကို ၂၀၁၆ခုနှစ်၊ သြဂုတ်လ(၈)ရက်နေ့ မနက်(၈)နာရီတွင် မွန်ပြည်နယ် (၁၀)မြို့နယ်စလုံး၌ တစ်ပြိုင်နက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှသိရသည်။

“ကျွန်တော်တို့ (၁၀)မြို့နယ်လုံးမှာ အခမ်းအနားပြုလုပ်သွားပါမယ်။ လက်ရှိကတော့ မြို့နယ်အဆင့် ကျင်းပရေးကော်မတီတွေလိုက်ဖွဲ့နေပါတယ်။ (၉)မြို့နယ်မှာ ဖွဲ့ပြီးပြီ။ ဒီလမကုန်ခင်တော့ (၁၀)မြို့နယ်မှာ ဖွဲ့စည်းပြီးမယ်”ဟု စည်းရုံးရေးကော်မတီမှ ကိုဝင်းကျော့မှူးက သံလွင်တိုင်းမ်သို့ပြောသည်။

အခမ်းအနားကို (၁) မြန်မာနိုင်ငံရေးအပြောင်းအလဲတွင် ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ၏ အရေးပါမှု နှင့် သမိုင်းတန်ဖိုးတို့အား မမေ့မလျော့စေရန်။ (၂) ၈၈၈၈ ငွေရတုဆုံးဖြတ်ချက်ဖြစ်သည့် (က) ကိုယ့်ကံကြမ္မာ ကိုယ်ပြဌာန်းပိုင်ခွင့်ရှိ၍ တန်းတူညီမျှမှုရှိသော ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်သစ် ထူထောင်ရန် အလေးအနက်ခံယူခြင်း (ခ) ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ပြင်ဆင်ရန်(သို့)အသစ်ပြန် လည်ရေးဆွဲသွားရန် အလေးအနက်ခံယူခြင်း (ဂ) ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဦးတည် သော အမျိုးသားအင်အားစုအားလုံးပါဝင်သည့် ညီလာခံတစ်ရပ် ကျင်းပရန်ဟူသည်ကို အလေးအနက်ခံယူခြင်း ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်သွားရန် ရှိကြောင်းလည်းသိရသည်။

လက်ရှိအချိန်တွင် အခမ်းအနားကျင်းပပြုလုပ်ရန် ဖြစ်မြောက်ရေးကော်မတီတစ်ရပ်ကိုဖွဲ့စည်းထားပြီး ကော်မတီအလိုက်လုပ်ငန်းများဖြင့်ဆောင်ရွက်နေကြောင်း၊ ရန်ပုံငွေရှာဖွေရေးကိုလည်း ပြုလုပ်သွားရန်ရှိ ကြောင်း ကိုဝင်းကျော့မှူးကဆက်ပြောသည်။

ထူးခြားမှုအစီအစဉ်တစ်ရပ်အဖြစ် မွန်ပြည်နယ်(၁၀)မြို့နယ်စလုံးတွင် ၈၈၈၈ ဒီမိုကရေစီအရေးတော်ပုံ အောက်မေ့ဖွယ်အခမ်းအနားအတွက် လှုံ့ဆော်မှုအနေဖြင့် ဂီတဖျော်ဖြေမှုများကို သြဂုတ်လ(၁)ရက်နေ့မှ စတင်ပြုလုပ်သွားမည်ဖြစ်ပြီး သြဂုတ်လ(၈)ရက်နေ့အထိ ကျင်းပပြုလုပ်သွားရန်ရှိသည်ဟု သိရသည်။

လတ်တလောတွင် အခမ်းအနားကို မော်လမြိုင်မြို့ရှိ ပြည်နယ်ခန်းမတွင် ပြုလုပ်သွားရန် လျာထားပြီး ခွင့်ပြုချက်ရရှိရေးအတွက် ဆောင်ရွက်နေကြောင်း၊ ဘဏ္ဍာငွေရှာဖွေရေး၊ အခမ်းအနားဖိတ်ကြားရေး၊ ပြင်ဆင် ရေးအတွက်ဆောင်ရွက်နေကြောင်းလည်းသိရသည်။

အခမ်းအနားကို မွန်ပြည်နယ်(၁၀)မြို့နယ်စလုံးတွင် ကျင်းပမည်ဖြစ်ပြီး မော်လမြိုင်တွင် ပြည်နယ် အဆင့်အနေဖြင့်ခမ်းနားစွာကျင်းပပြုလုပ်သွားရန်ရှိသည်။

“ဒီလိုမျိုးအဖြစ်အပျက်တွေကို မေ့လို့မရပါဘူး။ မြန်မာ့အသွင်ကူးပြောင်းရေးအခန်းကဏ္ဍမှာ သိပ်ကို ကြီးကျယ်စွာရှိခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ဒါမျိုးတွေကို ဆက်လက်လုပ်ဆောင်သွားရမယ်”ဟု ၈၈အရေးတော်ပုံ ကာလက ပါဝင်လှုပ်ရှားခဲ့သူတစ်ဦးကပြောသည်။

ယင်း သြဂုတ်လ(၈)ရက်နေ့ အခမ်းအနားအပြီးတွင် မော်လမြိုင်မြို့ရှိ ကျောင်းသား၊ ရှင်လူ၊ အပေါင်းကျဆုံးခဲ့သည့်နေရာဖြစ်သော မွန်ယဉ်ကျေးမှုပြတိုက်ထောင့်တွင် လွမ်းသူ့ပန်းခွေချရန် စီစဉ်ထား ကြောင်းလည်း ကိုဝင်းကျော့မှူးကပြောသည်။

ဆက်လက်ပြီး အကြိမ်(၃၀)မြောက် ၈၈၈၈ အရေးတော်ပုံအထိမ်းအမှတ်နေ့တွင် အထိမ်းအမှတ် အောက်မေ့ဘွယ်နံရံတစ်ခုပေါ်ထွန်းရေးကိုလည်း ကော်မတီဖွဲ့စည်းပြီး နှစ်နှစ်စီမံချက်ဖြင့် ဆောင်ရွက်သွားရန် ရှိကြောင်းလည်း သတင်းရရှိပါသည်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.