ပေါင်၊ ဇူလိုင် ၂၆

ယာဉ်တိုက်မှုဖြစ်စဉ်များမကြာခဏဖြစ်ပွားသည့် ပေါင်မြို့နယ်တွင် ဇူလိုင်(၁၉)ရက်မှ (၂၆)ရက်နေ့အထိ တစ်ပတ်အတွင်း ယာဉ်မတော်တဆဖြစ်ပွားခဲ့ရာမှ လူလေးဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်များမှာ ဇူလိုင်လ(၁၉)ရက်နေ့မနက်ပိုင်းက ရန်ကုန် -မော်လမြိုင်ကားလမ်းမိုင်တိုင် အမှတ် ၁၅၉ /၁အနီးရှိ ပေါင်မြို့နယ်ကုလားချောင်ရွာ၊ ကားလမ်းမပေါ်တွင်သထုံဘက်မှ ပေါင်မြို့ဘက်သို့ယာဉ်မောင်း ဦးဝင်း မြင့် မောင်းလာသည့် Toyota Corolla အမျိုးအစားCC/1640 ကားမှ ရှေ့ကယာဉ်ကိုကျော်တက်စဉ် တဖက်ယာဉ်ကြော မှ ၂၇ယ/၈၈၈၈၉ ဟွန်ဒါဒရင်း၁၂၅ ဆိုင်ကယ်ကိုတိုက်မိကာ ဆိုင်ကယ်မောင်းသူ မင်းထွန်း(၁၇) နှစ်မှာသေဆုံးပြီး နောက်ကထိုင်လာသူ ခွန်ကျော်သက်မှာဒဏ်ရာများရရှိခဲ့သဖြင့် ဦးဝင်းမြင့် ၅၆နှစ် ၊ပြည်ရိပ်မွန်အိမ်ယာ၊ကမာရွတ်မြို့နယ်နေသူကို ပေါင်ရဲစခန်း၏ ယာဉ် (ပ) ၄၆/၂၀၁၆ ရာဇဝတ်ကြီးပုဒ်မ ၃၀၄(က)အရအရေးယူထားကြောင်းသိရသည်။

ယင်းအပြင် ထိုနေ့ည(၆)နာရီကျော်အချိန်က ပေါင်မြို့ဘက်မှ သထုံဘက်သို့ ကားလမ်းမကြီးအတိုင်းယာဉ်မောင်း အောင်အောင်မောင်းလာသည့် 7L/6684 TOYOTA BELTAကားကို တဖက်ယာဉ်ကြောမှ မျက်နှာချင်းဆိုင်လာသည့် ချမ်းလွန် မောင်းလာသည့်၊၂၇ယ/၈၂၅၉၇ဟွန်ဒါ ဝေ့ဝ် ၁၂၅ ဆိုင်ကယ်မှ ယာဉ်ကြော မှားဝင်ရောက်လာပြီးတိုက်မိကာ ချမ်းလွန်အပါအဝင် လ(ူ၂)ယောက်သေဆုံးခဲ့ပြီး အခြားလူ(၂)ယောက်လည်း ဒဏ်ရာများရရှိခဲ့သည့်ဖြစ်စဉ်အပေါ်ပေါင်ရဲစခန်းက ယာဉ်(ပ)၄၇/၂၀၁၆ရာဇဝတ်ကြီးဥပဒေပုဒ်မ ၃၀၄ က/၊ ၃၃၈/၃၃၇တို့အရ ဆိုင်ကယ်မောင်းပြီး ယာဉ်တိုက်မှု၌သေဆုံးသူချမ်းလွန်၊ ကဒါရပ်ကွက်၊ပေါင်မြို့နေသူကိုအရေးယူထားကြောင်းလည်းသိရသည်။

ဇူလိုင်(၂၆)ရက် ည(၇)နာရီအချိန်ခန့်က ရန်ကုန်မြို့မှ မော်လမြိုင်သို့ပြန်လာသော အမှတ်၅၂၅ထောက်ပို့တပ် မော်လမြိုင်မှ ယာဉ်မောင်းဒုတပ်ကြပ်သန့်ဇင်မောင်းလာသော ဗ/၂၈၁၁တပ်မတော်ပိုင်ကားသည်၊ယာဉ်ကြောတူ ရှေ့ကမောင်းနေသည့် ကိုမွန်ချမ်း ၄၂နှစ် (ဘ)ဦးဘလိုင်မွန် ကော့စွယ်ရွာ၊သရနာကျေးရွာအုပ်စု၏ ဆိုင်ကယ်ကို ဘေးချင်းယှဉ်တိုက်မိပြီးဆိုင်ကယ်မောင်းသူ ကိုမွန်ချမ်း ဆေးရုံသို့တင်ပို့စဉ် သေဆုံးသွားခဲ့သဖြင့် တပ်မတော်ကားကိုမဆင်မချင်မောင်းသူ ဒုတပ်ကြပ်သန့်ဇင်ကို ပေါင်ရဲစခန်းယာဉ် (ပ) ၄၈/၂၀၁၆ရာဇဝတ်ကြီးဥပဒေပုဒ်မ ၃၀၄(က)အရအမှုဖွင့်အရေးယူထားကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်များ ဖြစ်ပေါ်ခြင်းနှင့်ပတ်သက်ပြီး လမ်းအကျယ်(၂၄)ပေရှိပြီး အဝေးပြေးယာဉ်နှင့်ဒေသတွင်းယာဉ်များရောပြွန်းသွားလာနေကြရသည့်အခြေအနေအရလည်းကောင်း၊ ယာဉ်တိုက်မှုမကြာခဏဖြစ်ရသည့်အပြင်၊ယာဉ်မောင်းသူများ၏ယာဉ်စည်းကမ်းနားလည်မှုအားနည်းခြင်း၊မောင်းလိုင်စင်ထုတ်ပေးရာတွင်စီစစ်မှုအားနည်းခဲ့ခြင်းများကြောင့် လည်းကောင်း၊ ယခုကဲ့သို့ယာဉ်တိုက်မှုများပြားရခြင်းဖြစ်ကြောင်းပေါင်မြို့နယ်ရဲတပ်ဖွဲ့မှုးရဲမှုးဝင်းသိန်းက မှတ်ချက်ပြုသည်။

ပေါင်မြို့နယ်တွင် အမှုဖွင့်နိုင်သည့်ရဲစခန်း၂ခုရှိပြီး ထိုရဲစခန်း၂ခုမှ၂၀၁၆ ခုနှစ်အတွင်းယနေ့အထိ ယာဉ်မတော်တဆမှု (၇၀)ကျော်ဖြစ်ပွားခဲ့ပြီးဖြစ်သည်ဟု ရဲမှတ်တမ်းများအရသိရသည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.