ပေါင်၊ ဇူလိုင် ၂၅
မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မှတ်သားပေးသော မီတာယူနစ်သတ်မှတ်ချက်အရ ကျေးရွာမီးလင်းရေးကော်မတီများက ငွေကျေးပေးသွင်းနေကြရပြီး ဓာတ်အားလေလွင့်ပျောက်ဆုံးမှုအတွက် ပါ တွက်ချက်ပေးသွင်းရပြိး ထိုငွေများကို မီးသုံစွဲသူပြည်သူများထံမှအချိုးကျတွက်ချက်ကောက် ခံပေးနေရကြောင်း မီးလင်းရေးကော်မတီများထံမှ သိရသည်။
“တစ်လကို ယူနစ် (၁၄၀၀၀) ကနေ (၁၆၀၀၀) အထိပျောက်ဆုံးနေတယ်။ တစ်ယူနစ်ကိုကျသင့်ငွေက ပထမယူနစ် (၁၀၀၀) အတွက်ကျန်တဲ့ယူနစ်တွေကနေ တစ်ယူနစ်ကို ၄၀ ကျပ်နှုန်းနဲ့ ရှင်းပေးရတယ်၊ ရွာကမီး သုံးစွဲသူတွေဆီကနေ အချိုးကျတွက်ချက်ကောက်ခံပေးနေရပါတယ်” ဟု နတ်ကြီးချောင်ကျေးရွာ မီးလင်းရေး ကော်မတီ ဘဏ္ဍာရေးမှုး ဒေါ်အေးအေးနိုင်က ရှင်းပြသည်။
မြို့ကြီးများတွင် နိုင်ငံတော်မှ သွယ်တန်းတပ်ဆင်ပေးသောလျှပ်စစ်ဓာတ်အားလိုင်း၊ ထရန်စဖော်မာ၊ သတ်မှတ်မီတာပုံးများဖြင့် အဆင်ပြေစွာပြည်သူများကသုံးစွဲနေနိုင်ကြသော်လည်း၊ တောနေကျေးလက်ပြည်သူ များအနေဖြင့် မီးကြိုး မီးတိုင်၊ ထရန်စဖေါ်မာ၊ သွယ်တန်းတပ်ဆင်ခများကို အများစုပေါင်းထည့်ဝင်သည့် ငွေကြေးများဖြင့် ကိုယ်ထူကိုယ်ထကျေးရွာမီးလင်းရေးကော်မတီဖွဲ့စည်းပြီး အိမ်တစ်လုံးလျှင် ငွေ(၁၀)သိန်းကျပ် မှ အနည်းဆုံး(၂၅၀၀၀၀) ကျပ်အထိထည့်ဝင်၍ မီတာဘောက်တပ်ဆင်ပြီး ဓာတ်အားသုံးစွဲနေကြရပြိး လေလွင့် ဓာတ်အားပျောက်ဆုံးမှုအတွက်ပါ ကျခံပေးဆောင်ကြရကြောင်းလည်းသိရသည်။
“မီးစသွယ်တုန်းက ယူထားတာဆိုတော့ ကျွန်တော်က (၇)သိန်း မီးလင်းရေးကော်မီတီကိုပေးသွင်းရ တယ်”ဟု ထန်းပင်ချောင်ကြီးကျေးရွာမှ ဦးထွန်းလှိုင် ကပြောဆိုခဲ့ပြီး၊ သဲကုန်းကျေးရွာတွင် (၁၀)သိန်းကျပ်၊ ကျွဲခြံကျေးရွာတွင် (၅)သိန်းကျပ်၊ နတ်ကြီးချောင်ကျေးရွာတွင် (၇)သိန်းကျပ်အဖြစ် မီးရရှိရေး ပေးသွင်းရသည် ဟု သိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ပေါင်မြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမြို့နယ်အင်ဂျင်နီယာ ဦးမိုင်းအောင်နေထွန်းအား သွားရောက်တွေ့ဆုံမေးမြန်းခဲ့စဉ် “ရွာတွေမှာတပ်ဆင်အသုံးပြုနေကြတာက But လို့ခေါ်တဲ့ ဆပ်မီတာအပေါစားတွေဖြစ်တာမို့ လည်ပတ်နှုန်းမမှန်တာရယ်၊ ဆားဗစ်ကြိုးက နံပတ် ၈နဲ့ သုံးထား ကြလို့ဖြစ်တယ်။ ကာဘာကြိုးပြောင်းလဲတပ်ဆင်ကြသင့်ပါတယ်၊ ဒါဆိုရင်လေလွင့် မီတာယူနစ် လျော့သွားမယ်” ဟု အကြံပြုပြောဆိုခဲ့သည်။
ပေါင်မြို့နယ်တွင် ကဒါ၊ ကဒုံစီး၊ ပေါင်း ရပ်ကွက် ၃ ခုသာ ဌာနပိုင် လျှပ်စစ်မီးသုံးစွဲနေပြီး ကျန်သော ကျေးရွာများအားလုံးသည် ကိုယ်ထူ ကိုယ်ထ မီးလင်းရေးကော်မတီဖြင့် လျှပ်စစ်ဓာတ်အားရယူသုံးစွဲနေကြရ ကြောင်းသိရသည်။
သတင်း – ဝရဇိန် (ပေါင်)