ရေး ၊ ဇူလိုင် ၂၈

မူးယစ်ဆေးဝါးကိစ္စအနေဖြင့် မြန်မာနိုင်ငံမှာသာမက တစ်ကမ္ဘာလုံးတွင်ဖြစ်ပွားနေပြီး လုပ်ကိုင်ရခက်သည့်အခြေ အနေတွင်ရှိနေကြောင်း ဇူလိုင်လ ၂၁ ရက်နေ့၊ ရေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ဌာနဆိုင်ရာများ၊ အရပ်ဘက်အဖွဲ့အစည်းများ ဒေသခံပြည်သူများနှင့်တွေ့ဆုံစဉ် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောသည်။

n13

ရေးမြို့နယ်အရပ်ဖက်အဖွဲ့အစည်းကိုယ်စားလှယ်တစ်ဦးက ရေးမြို့နယ်အတွင်းရှိ လူငယ်များတွင် များစွာ ကျယ်ပြန့်နေသည့် မူးယစ်ဆေးဝါးသုံးစွဲမှုနှင့်ပတ်သက်၍ တာဝန်ရှိသူများမှ ပညာပေးခြင်း၊ ကာကွယ်တားဆီး ပေးခြင်း၊ ဖော်ထုတ်ဖမ်းဆီးခြင်းများအား ထိရောက်စွာဆောင်ရွက်ပေးပါရန် တင်ပြချက်နှင့်ပတ်သက်၍ ၎င်းက ဖြေကြားရာတွင်အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။

“ ဒါက မြန်မာနိုင်ငံတစ်ခုတည်းဖြစ်နေတာမဟုတ်ဘူး။တစ်ကမ္ဘာလုံးဖြစ်နေတာ၊အမေရိကန်နိုင်ငံမျိုးတောင် ခံစားနေရတဲ့ပြဿနာ၊ဘာလို့ဆိုတော့ သုံးစွဲသူက သုံးစွဲနေတယ်။ရောင်းဝယ်ဖောက်ကားသူတွေကလည်း
ကျွန်တော်တို့နိုင်ငံဆိုရင် အဖွဲ့အစည်းပေါင်းစုံဖြစ်နေတယ်။ ပိုတောင်လွယ်လင့်တကူဖြစ်နေတယ်။ နောက်ဆုံး တော့ အချိန်ပေးရမယ့်ကိန်းတွေချည်းပဲဖြစ်နေတယ်။ ကျွန်တော်တို့ကိုင်တွယ်မှာချည်းပဲ၊ မတွယ်ဖူးလို့တော့ မပြောဘူး။ ကျွန်တော်တို့လည်းမကြိုက်ဘူး။ ဒါပေမယ့် လုပ်ရကိုင်ရခက်နေတဲ့ အခြေအနေတွေအများကြီး ရှိနေတယ် ” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးက ပြောသည်။

တစ်နိုင်ငံလုံးကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေပြီး ကိုင်တွယ်ရခက်နေကြောင်း၊ အတတ်နိုင်ဆုံးလျော့နည်းကျဆင်း အောင်လုပ်မှာဖြစ်ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

“ ကျွန်တော့်ပြည်နယ်ဆို ပိုဆိုးတယ်။ အဖွဲ့အစည်းပေါင်းစုံ။ အချို့ဆိုရင် ငြိမ်းချမ်းရေးတောင် လက်မှတ်
မထိုးရသေးဘူး။ သူတို့တွေနဲ့ ကြားထဲမှာ လက်နက်တွေနဲ့ဆိုတော့ အဓိက တည်ငြိမ်အေးချမ်းရေးက မဖြစ်မနေ လိုတယ်။ တည်ငြိမ်းအေးချမ်းပြီးမှ ဖွံ့ဖြိုးတိုးတက်ရေးကို သွားလို့ရမယ်။ အတတ်နိုင်ဆုံး အကောင်းဆုံးလမ်းကို ရွေးပြီးလျှောက်နေရတယ်။ ကျွန်တော်တို့လုပ်ပေးပါ့မယ်၊ အချိန်ပေးပေးပါ။ ကျွန်တော်လဲသိထားတယ်၊
ရောက်တဲ့နေရာတိုင်း သက်ဆိုင်ရာတာဝန်ရှိသူတွေကို မကြာခဏပြောတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ကိုယ်တိုင် ပြည်နယ်နဲ့တိုင်းဝန်ကြီးချုပ်တွေကိုခေါ်တွေ့တော့ ဒီကိစ္စကိုပဲ တည်တာပဲ၊ ကျွန်တော်တို့က ရင်ထဲက အပူလိုဖြစ်နေပြီ။ ဖြေရှင်းပေးမှာပါ၊ မပူပါနဲ့ ” ဟု ဦးမင်းမင်းဦးက ပြောသည်။

ရေးမြို့နယ်အရပ်ဘက်အဖွဲ့အစည်းကိုယ်စားတင်ပြသူ YSS အတွင်းရေးမှူး ဦးအောင်နိုင်ဝင်းက “ လုပ်ဆောင် ခက်ခဲတယ်ဆိုတာနဲ့ အချိန်ပေးပြီးလုပ်ဆောင်ရမယ်ဆိုတာကို လက်ခံပါတယ်၊ ကျွန်တော်တို့ဖြစ်စေချင်တာက ဒီကိစ္စကို ကျွန်တော်တို့မြို့နယ်မှာ အနီးကပ်စိစစ်ကြပ်မတ်နေတဲ့ မြို့နယ်ရဲ့ အုပ်ချုပ်ရေးဆိုင်ရာ နိုင်ငံ့ဝန်ထမ်း အဖွဲ့အစည်းတွေ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့လို တရားဝင်လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ရေးဒေသခံတွေတောင်မှသိ နေတဲ့ မူးယစ်ဆေးဝါးကွန်ယက်တွေဖြစ်တဲ့ သုံးစွဲသူတွေ၊ ရောင်းဝယ်ဖောက်ကားသူတွေကို တာဝန်နဲ့အညီ ပြတ်သားစွာ အရေးယူဆောင်ရွက်စေချင်တာပါ ” ဟု ၎င်း၏အမြင်ကို သံလွင်တိုင်းမ်သို့ ပြောသည်။

ရေးမြို့နယ်အတွင်း စိတ်ကြွမူးယစ်ဆေးဝါးဖမ်းဆီးရမိမှုအနေဖြင့် လစဉ်ရှိနေပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့အပြင် တပ်မတော်၊ မွန်ပြည်သစ်ပါတီနှင့် ကေအင်န်ယူအဖွဲ့တို့ကလည်း ပူးပေါင်းဖမ်းဆီးမှုများလည်းရှိနေသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.