မုဒုံ၊ ဇူလိုင် ၂၇

မုဒုံမြို့ရှိ လည်ပတ်ရာနေရာတစ်ခုဖြစ်သော ကန်ကြီးကန်နှင့် ဂျုံးဂျုံးကျရေတံခွန်တွင် တစ်ပတ်အတွင်း ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိပါသည်။

n14

ဖြစ်ပွားခဲ့သောရေနစ်သေဆုံးမှုများမှာ ဇူလိုင်လ(၂၀)ရက်နေ့က ဂျုံးဂျုံးကျရေတံခွန်တွင်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လ(၂၇)ရက်နေ့က ကန်ကြီးကန်တွင်ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။

ဖြစ်စဉ်မှာ မုဒုံမြို့မ(၄)ရပ်ကွက်၊ မြသံလွင်လမ်းနေ အလွင်(ခ)မောင်လွင် (၄၂)နှစ်သည် ဇူလိုင်လ(၂၀) ရက်နေ့ ညနေပိုင်းက ဂျုံးဂျုံးကျရေတံခွန်တောရရှိ အမြင့်ပေ(၁၀)ပေရှိသော ရေတံခွန်ဘောင်မှ အနက်(၈)ပေ၊ အကျယ်(၂၅)ပေရှိသော ရေအောက်သို့ခုန်ချရေကစားရာမှ နစ်မြုပ်သွားခဲ့ပြီး အလောင်းကို ဇူလိုင်လ(၂၁)ရက် နေ့ မနက်ပိုင်းမှ ပြန်လည်ရရှိခဲ့ကြောင်း သိရသည်။ ယင်းအပြင် ကန်ကြီးရေကန်အတွင်း ဇူလိုင်လ(၂၇)ရက်နေ့ မွန်းလွဲ(၃)နာရီခန့်က တိုးတိုးနိုင်(၂၉)နှစ်၊ မြို့မ(၂)နေသူသည် ယင်း၏ အိမ်ချင်းကပ်လျက်နေသူ ဉာဏ်လင်း ထွန်း (၃၀)နှစ်နှင့် အတူ ကန်ကြီးကန်လှေလှော်ပြိုင်ပွဲပြုလုပ်သည့်နေရာသို့ သွားရောက်ပြီး ရေကစားနေစဉ် ရေကန်အစပ်ပေ(၃၀)ခန့်အကွာတွင် ရေနစ်မြုပ်သွားခဲ့ပြီး သေဆုံးသွားသည့်အလောင်းအား ညနေပိုင်းတွင် ရရှိခဲ့ကြောင်း ရဲမှတ်တမ်းများအရသိရသည်။

ဂျုံးဂျုံးကျရေတံခွန်တွင် ရေနစ်သေဆုံးခြင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မုဒုံမြို့မရဲစခန်း၌ သေမှုသေခင်းဖြစ် စဉ်အမှတ် – ၁၂/၂၀၁၆ဖြင့် သတင်းချက်ရေးဖွင့်ပြီး ဒုရဲမှူးပြုံးချိုမှလည်းကောင်း၊ ကန်ကြီးကန် ရေနစ်သေဆုံး ခြင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး ယင်းရဲစခန်းမှပင် သေမှုသေခင်းဖြစ်စဉ်အမှတ် – ၁၃/၂၀၁၆ဖြင့် သတင်းချက်ရေး ဖွင့်ကာ ဓမ္မတာအတိုင်း ရေနစ်သေဆုံးခြင်းဟုတ်မဟုတ်အား ရဲအုပ်ဝင်းဇော်ဌေးမှ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.