ပေါင်၊ ဇူလိုင် ၁၉

ဝါဆိုလပြည့်နေ့တွင် ပေါင်မြို့နယ်ရှိ ဇင်းကျိုက်ရေတံခွန်တွင် အသက်(၁၂)နှစ်အရွယ်လူငယ်တစ်ဦး ရေနစ်သေဆုံးမှုဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။

ဖြစ်စဉ်မှာ မော်လမြိုင်မြို့၊ရွှေမြိုင်သီရိရပ်တွင်နေထိုင်ကြသော မောင်လင်းပြည့်ဖြိုး(၁၂နှစ်)၊ မောင်အောင်ကိုကို(၁၃နှစ်)၊ မောင်ဝင်းထွန်း(၂၂)နှစ်တို့သည် ဇူလိုင်လ(၁၉)ရက်နေ့ မနက်ပိုင်းက ဆိုင်ကယ်တစ်စီး ဖြင့် ဇင်းကျိုက်ရေတံခွန်သို့လာရောက်လည်ပတ်ခဲ့စဉ် ရေဆင်းကူးကြရာမှ မောင်လင်းပြည့်ဖြိုး (ခ)အငယ်လေးမှာရေနစ်သေဆုံးခဲ့ခြင်းဖြစ်သည်။

jai-kyaik-water-dead

“သားတို့လာတာ(၃)ယောက်ပါ။ ရေကူးပြီးတော့မုန့်ဆိုင်ဘက်ကိုသွားကြမယ်ဆိုတော့သူကရေကူးလို့ မဝသေးဘူးဆိုပြီးဆက်ကူးနေတုန်းသားတို့မုန့်သွားဝယ်ပြီးပြန်လာတော့သူ့ကိုမတွေ့တော့ဘူး။ မီးသတ်တွေ ကိုအကူအညီသွားတောင်းကြတယ်။ မီးသတ်တွေရေငုတ်ပြီးရှာကြတာ တွေ့တော့အငယ်လေးကိုပြုစုကြသေးပေမဲ့သေနေပြီ “ဟု သေဆုံးသူနှင့်အတူလာရောက်လည်ပတ်ခဲ့သူ မောင်ဝင်းထွန်းကရှင်းပြသည်။

အဆိုပါရေနစ်သူလူငယ်အား ကြက်ခြေနီ၊ မီးသတ်နှင့်ပြည်သူ့စစ်အဖွဲ့ဝင်များမှ ရှေးဦးသူနာပြုနည်းမျိုးစုံ သုံး၍ပြုစုခဲ့ကြသော်လည်း အသက်ပြန်မရှင်လာခဲ့တော့ကြောင်းသိရသည်။

“ကျွန်တော်တို့ကိုလာပြောတော့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေဝိုင်းပြီးရေငုတ်ပြီးရှာတယ်၊ရေပြင် သက်ကယ်နည်းစနစ်ပေါ့၊ (၃)မိနစ်လောက်မှာ ချောင်းရဲ့ဟိုဘက်ကမ်းဘက်ကနေတွေ့ရပြီး၊ဆယ်ယူလာတယ် ကြက်ခြေနီက CPR လို့ခေါ်တဲ့နှလုံးနှိုးဆွသက်ရှုနည်းနဲ့ပြုစုပေမဲ့အသက်ပြန်မရှုတော့ဘူး”ဟုပေါင် မြို့နယ်မီး
သတ်ဦးစီးဦးစိုးကျော်သူက ၎င်းတို့၏ ကူညီမှုအားရှင်းပြပြောဆိုခဲ့သည်။

ရေတံခွန်၏အောက်ဘက်တွင် အလျားပေတစ်ရာအနံပေ၅၀ခန့်ရှိသည့်ရေအနက် ၁၀ပေကျော်ခန့်ရှိသောရေ ကူးကန်တွင် ရေနစ်သေဆုံးခဲ့ခြင်းဖြစ်ပြီး အဆိုပါရေနစ်သေဆုံးမှုနှင့်ပတ်သက်၍ ဇူလိုင်၁၉ရက်နေ့ကပေါင်ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၂၃/၂၀၁၆အရအမှုဖွင့်လှစ်စစ်ဆေးနေကြောင်းပေါင်ရဲစခန်းမှုးကို
မေးမြန်းခဲ့စဉ်သိရသည်။

သတင်း – ဝရဇိန် (ပေါင်)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.