ရေး ၊ ဇူလိုင် ၁၈

ရေးမြို့နယ်၊ အဘော်ကျေးရွာပိုင် ရေး-အစင်သွား ကားလမ်းမကြီးနဘေး ရော်ဘာခြံအတွင်း လူငယ် ၂ ဦးထံက စိတ်ကြွဆေးပြားများကို ဇူလိုင်လ ၁၇ ရက်နေ့၊ ညနေပိုင်းက သိမ်းဆည်းရမိခဲ့သည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်၊ ရေးမြို့မစခန်းမှူး ဒုရဲမှူးမင်းဆွေတို့၏ စီစဉ်ညွှန်ကြားမှုဖြင့် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်အောင်နိုင် ဦးစီးအဖွဲ့၊ မူးယစ်တပ်ဖွဲ့စု(၃၉)မှ ရဲအရာခံသိန်းမြင့်နှင့် သက်သေ များသည် သတင်းအရ စောင့်ဆိုင်းနေစဉ် စိုးလွင်ဖြိုး(၂၁)နှစ်၊ အစင်ကျေးရွာနေသူနှင့် ချစ်ကိုလေး(၁၈)နှစ် အစင်ကျေးရွာနေသူတို့အား မသင်္ကာဖွယ်တွေ့ရှိ၍ သက်သေများနှင့်အတူ ၎င်းတို့(၂)ဦး၏ ခန္ဓာကိုယ်အား ရှာဖွေရာ စိုးလွင်ဖြိုးဝတ်ဆင်ထားသော အပြာအဝါကွက် ပုဆိုးယာဘက်ခါးကြားတွင် အပြာရောင်ကပ်ခွာအိတ် ဖြင့်ထည့်၍ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား(၇၀)ပြား၊ အလေးချိန်(၇.ဝ)ဂရမ်ခန့်အားလည်း ကောင်း၊ ချစ်ကိုလေးဝတ်ဆင်ထားသော နီဖြူမဲရောင်စုံပန်းပွင့်များပါ ဘောင်းဘီတိုခါးကြားတွင် Red Ruby စီးကရက်ဘူးခွံအတွင်း ပလပ်စတစ်အိတ်ငယ်ဖြင့်ထည့်ထားသော WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ် ဆေးပြား(၁၅)ပြား အလေးချိန်(၁.၅)ဂရမ်ခန့် တို့အား ရှာဖွေတွေ့ရှိခဲ့သည်။

စိတ်ကြွရူးသွပ်ဆေးပြားများ လက်ဝယ်တွေ့ရှိသူ စိုးလွင်ဖြိုးနှင့် ချစ်ကိုလေး တို့နှစ်ဦးအား ရေးမြို့မရဲ စခန်းက မမစ(ရေး)မယ(ပ) ၁၇/၂၀၁၆၊ မူး/စိတ်ပြောင်းပုဒ်မ-၁၅/၁၉ (က)/၂၁ ဖြင့် အမှုဖွင့်အရေးယူထားရှိ သည်ဟု ရေးမြို့နယ်ရဲတပ်ဖွ့ဲမှူးရုံးက သိရသည်။

ရေးမြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် စိတ်ကြွရူးသွပ်ဆေးပြားများ အရှိန်အဟုန်မြင့်ဖမ်းဆီးဆောင်ရွက်လျက် ရှိရာ ယခုနှစ်ဇန်နဝါရီလမှ ဇွန်လအကုန်အထိ မူးယစ်ဆေးဝါးမှု (၁၉)မှု ဖမ်းဆီးရမိခဲ့ပြီး ဇူလိုင်လအတွင်း ၆ ခုမြောက်ဖမ်းဆီးရမိမှုဖြစ်သည်ဟု သိရှိရသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.