ဇူလိုင် ၂၀၊ ၂၀၁၆

၂၀၁၆-၂၀၁၇ ခုနှစ်လုပ်ငန်းရာသီအတွက် မွန်ပြည်နယ်အတွင်းရှိ သံလွင်မြစ်၊ အတ္ထရံမြစ်နှင့် ဂျိုင်းမြစ်အတွင်း ငါးဖမ်းကွက်များကို ဇူလိုင်လ ၂၅ ရက်နေ့တွင် တင်ဒါစတင်ရောင်းချသွားမည်ဟု မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

ငါးဖမ်းပိုက်ချက်များမှာ မော်လမြိုင်ခရိုင်အတွင်းရှိ မော်လမြိုင်မြို့နယ်တွင် ပိုက်ချက် ၅၀ ချက်၊ ကျိုက်မရောတွင် ၂၀ ချက်၊ မုဒုံတွင် ၃ ချက်နှင့် ချောင်းဆုံတွင် ပိုက်ချက် ၂၄ ချက်နှင့် သထုံခရိုင် ပေါင်မြို့နယ်တွင် ပိုက်ချက် ၅ ချက် စုစုပေါင်း ၁၀၂ ချက်ရှိသည်ဟု မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနရှိ စာရင်းအရ သိရသည်။

“မြစ်ကြောင်းအလိုက်ပေါ့ အတ္ထရံမြစ်ရယ် သံလွင်မြစ်ရယ် နောက် ဂျိုင်းမြစ် မွန်ပြည်နယ်ဧရိယာအတွင်းကပေါ့ တင်ဒါပိုက်ချက်တွေကို ရောင်းချမယ်၊ မော်လမြိုင်ခရိုင်ထဲက မော်လမြိုင်၊ မုဒုံ၊ ကျိုက်မရောနဲ့ ချောင်းဆုံမြို့နယ်တွေဖြစ်တယ်၊ ကျန်တဲ့ ရေးတို့ သံဖြူဇရပ်တို့ကျတော့ ပိုက်တင်ဒါမရှိဘူး သူတို့မှာ ချောင်းတင်ဒါတို့ရှိတယ် နောက်ပြီးတော့ ပင်လယ်ကမ်းဝေး ကမ်းနီး အဲဒါတွေဘဲရှိတယ် တင်ဒါပိုက်ချက်မရှိဘူး” ဟု မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန ခရိုင်ဦးစီးဌာနမှူး ဦးဝင်းမြင့်က ပြောသည်။

အထူးတင်ဒါပိုက်ချက်များ၏ စည်းမျဉ်းစည်းကမ်းအရ တင်ဒါကို ၅ ကြိမ်ထိ ရောင်းချခွင့်ရှိကြောင်း ဇူလိုင်လ ၂၅ ရက်နေ့သည် ပထမဆုံးအကြိမ် ရောင်းချခြင်းဖြစ်ကြောင်း တင်ဒါကို မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ရောင်းချသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ၂၀၁၆-၂၀၁၇ ခုနှစ် အထူးတင်ဒါပိုက်ချက်များ တင်ဒါရောင်းချခြင်းနှင့် ပတ်သက်သည့် တင်ဒါစည်းမျဉ်းစည်းကမ်းများကိုလည်း တင်ဒါဝယ်သူများ သိရှိနားလည်ရန်အတွက် ဇူလိုင်လ ၁၈ ရက်နေ့က ရှင်းလင်းခဲ့ပြီးဖြစ်သည်။

“ကျနော်တို့မှာ ပိုက်ချက်တည်နေရာပေါ့ မှန်မှန်ကန်ကန် မြေပြင်အမှတ်အသားနဲ့ စနစ်တကျ ကွင်းဆင်းသတ်မှတ်ပေးစေချင်တယ်၊ တချို့ဆိုရင် တည်နေရာကြောင့် ပြဿနာဖြစ်ပြီးတော့ တချို့ ရေလုပ်သားတွေ အရေးယူခံရတာတွေရှိတယ်” ဟု ချောင်းဆုံမှ တင်ဒါဆွဲမည့် ရေလုပ်သားတစ်ဦးက ပြောသည်။

၂၀၁၅-၂၀၁၆ ခုနှစ်လုပ်ငန်းရာသီမှာတော့ မွန်ပြည်နယ် မော်လမြိုင်ခရိုင်အတွင်းရှိ မော်လမြိုင်မြို့နယ်တွင် ပိုက်ချက် ၅၀ ချက်၊ ကျိုက်မရောတွင် ၂၁ ချက်၊ မုဒုံတွင် ၃ ချက်နှင့် ချောင်းဆုံတွင် ပိုက်ချက် ၂၄ ချက် စုစုပေါင်း ပိုက်ချက် ၉၈ ချက် တင်ဒါရောင်းချခဲ့ပြီး တင်ဒါရောင်းရငွေ စုစုပေါင်း ကျပ်သိန်း ၆၀၀၀ နီးပါးရရှိခဲ့သည်ဟု မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနရုံးမှ သိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.