မုဒုံ ဇူလိုင် ၂၀
မုဒုံမြို့၊မြို့မ(၂)ရပ်ကွက်အတွင်းရှိအဓိကလမ်းမများအပေါ်တွင် နေ့၊ညရှိနေကြသည့် လမ်းပေါ်ရှိခွေးလေခွေးလွင့်များကြောင့် လမ်းသွား၊လမ်းလာများခွေးကိုက်ခံရမှာစိုးရိမ်ခြင်းနှင့်ခွေးများကြောင့်ယာဉ်အန္တရယ်စိုးရိမ်ခြင်းများရှိနေကြကြောင်းရပ်ကွက်နေသူများထံမှသိရသည်။
” လမ်းပေါ်မှာရှိနေတဲ့ခွေးအချို့ကလမ်းသွား၊ လမ်းလာတွေကိုဟောင်ရုံမကဘဲ လိုက်ဟပ်၊လိုက်ကိုက်တာလည်းရှိနေတယ်။ ခွေးလိုက်ခံလို့ပြန်ပြီးနီးရာတုတ်၊ခဲတွေနဲ့ပြန်ပြီးမကိုက်အောင်ခြောက်လှန့်ရင်ခွေးပိုင်ရှင်ပေါ်လာပေမဲ့လည်း၊ခွေးကိုက်ခံရသွားရင်တော့သူ့ခွေး မဟုတ်။ ငါ့ခွေးမဟုတ်ခွေးပိုင်ရှင်မပေါ်တော့ဘူး။ ခွေးရူးကာကွယ်ဆေးကအပြင်မှာသွားထိုးရင်တစ်လုံးတစ်သောင်းကျော်တယ်။ (၃)ကြိမ်ထိုးရမယ်ဆိုတော့လည်းသာမန်လူတွေအတွက်နစ်နာတယ်။ အသက်အန္တရယ်ဆုံးရှုံးရခြင်းကလည်းပိုပြီးနီးစပ်တယ်၊နောက်ပြီးလမ်းပေါ်မှာရှိနေတဲ့ခွေးတွေကြောင့်လည်းဆိုင်ကယ်မောင်းနှင်သွားလာသူတွေအတွက်လည်းယာဉ်အန္တရယ်အချိန်မရွေးဖြစ်လာစေနိင်တယ်၊ဒါကြောင့်လည်းရှင်းလင်းပေးနိင်ဖို့လည်းလိုလားနေကြတယ်”ဟုကိုတရုတ်ကသံလွင်တိုင်းမ်ကိုပြောသည်။
ခွေးရူးကာကွယ်ဆေးများကို မြို့နယ်ကျန်းမာရေးဦးစီးရုံးမှပြည်ပလူနာဌာနနှင့်မြို့နယ်ပြည့်သူ့ဆေးရုံ တို့တွင် ခွဲဝေပေးထားပြီး အဓိကအားဖြင့်ပြည်ပလူနာဌာနတွင်ထိုးနှံမှုပြုပေးနေပြီး၊ ယင်းဌာနပိတ်ချိန်နှင့်ရုံးပိတ်ရက်များတွင်ပြည့်သူ့ဆေးရုံ၌အခမဲ့ထိုးနှံခြင်းများဆောင်ရွက်ပေးလျှက်ရှိကြောင်းလည်းသိရသည်။
မုဒုံမြို့နယ်ကျန်းမာရေးဦးစီးဌာန၊မြို့နယ်ကျန်းမာရေးဦးစီးမှူး(၁)ဦးမင်းဘတီ က”ဆေးရုံမှာခွေးရူး ကာကွယ်ဆေးအပြင် တကယ်ခွေးရူးကိုက်ခံရလျှင်ထိုးရတဲ့ဆေးတွေကိုအခမဲ့ထိုးပေးနေတယ်ဆိုတာမသိတဲ့ သူကအများကြီးရှိနေတယ်။ စည်ပင်ကလည်းခွေးမသတ်တာကြာပြီး၊အရင်ကခွေးသတ်တဲ့ ဆေးကိုမြဝတီကမှာ ဖို့လုပ်ခဲ့သေးတယ်။ အဆင်မပြေဘူး။ အထင်ကခွေးကောင်ဘဲကိုက်ကိုက်၊ခွေးရူးဘဲကိုက်ကိုက်အပြင်ဆေးခန်းတွေမှာဘဲသွားထိုးရတယ်၊ကျွန်တော်လည်းခွေးကိုက်ခံရဖူးတယ်၊အပြင်ဆေးခန်းမှာဘဲဆေးထိုးခဲ့ရတယ်၊ခါတိုင်း အစိုးရကမပေးနိင်ဘူး၊ကျန်းမာရေးဘတ်ချက်တိုးလာလို့ရရှိခြင်းဖြစ်တယ်။ ခွေးရူးကာကွယ်ဆေးရတာက(၂)နှစ်မပြည့်သေးဘူး။ တစ်ကယ်ခွေးရူးကိုက်ကာကွယ်ဆေးကတော့ ၃၊၄လလောက်ဘဲရှိသေးတယ်။ မြို့နယ်အတွက်တော့တစ်လတစ်ခါခွေးကိုက်ခံရသူ များ၊နည်းပေါ်မူတည်ပြီးပြည်နယ်ကိုစာရင်းတင်ထုတ်ရတယ်။တစ်လပျမ်းမျှ (၁၃၀)လောက်ရှိတယ်၊ အောက်ဆေးရုံကိုတော့တစ်ခါ၊တစ်ခါ(၃၀)တစ်လီထုတ်ပေးတယ်၊လိုရင်လိုသလိုလာ ထုတ်ယူတာလည်းရှိတယ်၊”ဟုပြောသည်။
မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စာအမှတ်၁၃၂၇/ခ.၁၅/မဒ.၁(၀၀၁)၊ဇွန်လ(၂၄)ရက်၊၂၀၁၆ခုနှစ်ရက်စွဲဖြင့် ဖြန့်ဝေထားသောကြေငြာစာတွင် မုဒုံမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့်ပူးပေါင်း၍ မြို့ပေါ်ရပ်ကွက်များနှင့်အဖွဲ့ပိုင်ဈေးများတွင် ခွေးလေ၊ခွေးလွင့်သုတ်သင်ရှင်းလင်းရေးလုပ်ငန်း အား(၂၃၊၆၊၂၀၁၆)မှ(၃၁၊၇၊၂၀၁၆)ရက်နေ့ထိ နေ့စဉ်၊ညစဉ်ဆောင်ရွက်သွားမည်ဟုဖော်ပြထားသည်။
“ခွေးလေခွေးလွင့်နဲ့ပတ်သက်ပြီး ရုံးကိုတော့စာဝင်ထားတယ်။ ရပ်ကွက်ထဲကရာအိမ်မှူးတွေကိုတော့ စည်ပင်ကလမ်းပေါ်မှာရှိတဲ့ခွေးတွေကို ဆေးကျွေးမယ်ဆိုတဲ့အကြောင်း၊ အိမ်မွေးခွေးတွေကိုထိန်းသိမ်းထားဖို့ရုံးခေါ်ပြီးတော့ပြောထားတယ်”ဟုမြို့မ(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးကျော်သီကပြောသည်။
မုဒုံမြို့ပေါ်ရှိရပ်ကွက်အတွင်းဈေးများရှိရာ လမ်းများပေါ်နှင့်ဗိုလ်ချုပ်လမ်းရှိကျောက်တိုင်လမ်းဆုံ၊သဘောၤဦးလမ်းဆုံ၊ဘိုတဲလမ်းဆုံ၊တို့တွင်ခွေးလေခွေးလင့်များရှိကြပြီးထိုးဟောင်ကာလိုက်ကိုက်ခြင်းများလည်းရှိကြောင်းသိရသည်။
“ကျွန်တော်တို့ကတော့ကြေငြာပြီး နောက်ပိုင်းအဓိကဗိုလ်ချုပ်လမ်းတစ်လျှောက်၊ မော်.သံလမ်းနဲ့ကျွန်း ရွာလမ်းတွေမှာလုပ်ခဲ့တယ်။ လမ်းကြိုးလမ်းကြားမှာတော့မလုပ်ခဲ့ဘူး။ ဈေးအတွင်းနှင့်လမ်းပေါ်တွေမှာတော့တော်တော်ကိုလျှော့သွားတယ်၊ဝါမဝင်အထိတော့(၅)ကြိမ်ပြုလုပ်ပြီး၊အကောင်အရေတွက်(၆၅)ကောင်လက်ရှိသုတ်သင်ခဲ့တယ်၊ဝါတွင်းမှာတော့မလုပ်တော့ပါဘူး”ဟုဦးနေဝင်း(ဒု.ဦးစီးမှူး(သန့်)မှပြောသည်။
သတင်း – မင်းဥဒါန်း