ပေါင်၊ ဇူလိုင် ၂၀
ပေါင်မြို့နယ်ရှိ နာမည်ကျော်ဇင်းကျိုက်ရေတံခွန်တွင် လာရောက်လည်ပတ်သူများထားရှိသည့် ကား၊ ဆိုင်ကယ်၊ သုံးဘီးရပ်နားခွင့်ကို နှစ်ဆတိုးမြှင့်ကောက်ခံနေခြင်းအား ကျေနပ်မှုမရှိသဖြင့် တိုင်ကြားရန်စီစဉ် နေသည်ဟု ရေတံခွန်လုပ်ငန်းကော်မတီထံမှ သိရသည်။
“ဆိုင်ကယ်တစ်စီးကိုအရင်က(၅၀၀)ကျပ်ကောက်တယ်။ အခု(၁၀၀၀)ကျပ်ကောက်နေတယ်။ ကားတစ်စီးကိုအရင်တုန်းက (၁၀၀၀)ကောက်နေရာက အခု (၁၅၀၀)ကျပ်ကောက်နေတာဆိုတော့ ကျွန်တော်တို့ဇင်း ကျိုက်ကို အခြားဒေသကလာတဲ့လူတွေအနေနဲ့လုပ်စားနေတဲ့ရွာပဲဆိုပြီးအထင်သေးမှာစိုးရိမ်ရပါတယ်။ လူတစ်ယောက်တစ်ဖွဲ့ရဲ့အကျိုးစီးပွားအတွက်နဲ့ကျန်တဲ့လူအများ ထိခိုက်တယ်”ဟု ရေတခွန်လုပ်ငန်းကော်မတီမှကိုဇော်မင်းက သံလွင်တိုင်းမ်သို့ပြောသည်။
အဆိုပါကောက်ခံသော ငွေကြေးမှာ ယာဉ်ထိန်းသိမ်းစောင့်ရှောက်ခြင်းအတွက် မဟုတ်ပဲ ရပ်နားခသာ ဖြစ်သည့်အတွက် ကျေနပ်မှုမရှိကြောင်းလည်း လာရောက်လည်ပတ်သော လူငယ်တစ်ဦးက ယခုလိုပြောသည်။
“ကျွန်တော်တို့ကပျော်ချင်လို့သွားတာ ဆိုင်ကယ်ကိုပျောက်မှာစိုးလို့ အပ်ခပေးရတာဆိုရင် ၅၀၀ ဆိုတာတောင်များနေပါပြီ။ အခုဟာက ၁၀၀၀ ဆိုတော့ နောက်ပြီးလူမိုက်ကြေးပေးရသလိုပဲရပ်နားခပေးရတာဆိုတော့ မကျေနပ်ပေမဲ့ကိုယ့်နယ်မဟုတ်ဘူးလေပေးခဲ့ရတယ်”ဟုရေတံခွန်မှပြန်လာသော မောင်စိုးလင်းထက်က ပြော သည်။
ကားရပ်နားခအနေဖြင့် (၁၅၀၀)ကျပ်ကောက်ခံနေခြင်းကြောင့် အချို့ကားများ ငွေပေးဆောင်လိုခြင်း မရှိသဖြင့် မော်လမြိုင်ရန်ကုန်ကားလမ်းဘေး၌ ရပ်နားထားကြပြီးဇူလိုင်၁၉ရက်နေ့က ရေတံခွန်အဝင်လမ်းဝမှ တစ်ဖက်ကို၃ဖာလုံခန့်စီယာဉ်ပိတ်ဆို့မှုဖြစ်ခဲ့ရသည်။
“ပေးတော့ဘယ်ပေးချင်မလဲဗျာ။ မော်လမြိုင်ကနေအသွားအအပြန်၂သောင်းနဲ့လိုက်လာတာ သူတို့ကို ဗြောင်ကြီး(၁၅၀၀)ပေးလိုက်ရတော့ဆီဘိုးနှတ်လိုက်ရင်ဘာကျန်တော့မှာလဲ။ (၁၅၀၀)ဆိုတာမိသားစု ညမနက်ဟင်းဘိုး ရတယ်၊ အငှါးယာဉ်မောင်းသူ ကိုပု က ပြောသည်။
လေလံခွင့်ပြုခဲ့စဉ်က ကောက်ခံရမည့်ငွေကြေးသတ်မှတ်ချက်ပါရှိပြီး ယခုကဲ့သို့ငွေတိုးမြှင့်ကောက်ခံနေခြင်းမှာရေတံခွန်လုပ်ငန်းကော်မတီမှမသိပဲ မြို့အုပ်ချုပ်ရေးမှုးရုံးတွင်ကြီးကြပ်မှုကော်မတီ အစည်းအဝေးလုပ်ပြီးခွင့်ပြုခဲ့ကြောင်း ဇင်းကျိုက်အုပ်ချုပ်ရေးမှူးက ပြောသည်။
“တနင်္ဂနွေနေ့ညနေကပိုင်းကအစည်းအဝေးမှာလေလံသမားကတင်ပြလို့ တိုးကောက်ဖို့ခွင့်ပြုလိုက်တာ၊ အဲဒီအစည်းအဝေးမှာ ကြီးကြပ်မှုကော်မတီက လူကြီးတွေပါပါတယ်၊ စည်ပင်က ကိုချစ်စိုးလဲပါတယ်” ဟုဇင်း ကျိုက် မြို့အုပ်ချုပ်ရေးမှုးဦးညီညီထွန်းက ရှင်းလင်းပြောဆိုသည်။
ဇင်းကျိုက်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက်နှင့်ပတ်သက်ပြီး ရေတံခွန်လုပ်ငန်းကော်မတီဝင်များက မသိရှိ ကြကြောင်းလည်း သိရသည်။
“မြို့နယ်ကပဲခွင့်ပြုတာလား။ ကျွန်တော်တို့ကိုဖိတ်လည်းမဖိတ်ဘူး။ အသိလည်းမပေးထားဘူး။ လုပ်ချင်သလိုလုပ်လို့ရနေရင် ကျွန်တော်တို့ကိုဘာလို့ကော်မတီဖွဲ့ထားသေးလဲ။ အခုငွေတိုးမြှင့်ကောက်ခံနေတဲ့ဟာ ကို ပြည်နယ်အစိုးရအထိတင်ပြတိုင်ကြားဖို့ကော်မတီဝင်တွေညှိနေပါတယ်”ဟု ဇင်းကျိုက်မြို့ခံရေတံခွန်လုပ်ငန်းကော်မတီမှကိုထွန်းထွန်းနိုင်ကပြောသည်။
ရေတံခွန်တွင် အရပ်ရပ်ကိစ္စများငွေကြေးကောက်ခံနိုင်ရန် ငွေကျပ်၇၇သိန်းဖြင့်ဦးသန့်ဇင်ဌေးဆိုသူကလေလံဆွဲထားပြီး ထိုငွေများကို မြို့နယ်စည်ပင်ခေါင်းစဉ်ဖြင့်ဘဏ်ငွေစာရင်းဖွင့်ထားကြောင်း သိရသည်။
သတင်း – ဝရဇိန်( ပေါင်)