ရေးသားသူ: မာန်ဏီ

မဲပြာပုဆိုးနှင့်ချုပ်ရိုးအသစ်ဟူသော အသုံးအနှုန်းတခုရှိသည်။ ယ္ခုလည်းတရုပ်၏ မဲပြာပုဆိုးအကျိုးစီးပွါးနှင့် ဒေါ်စုလက်ထက် ချုပ်ရိုးအသစ်ပေါ်လစီကို ဆိုလိုရင်းဖြစ်ပါသည်။ မကြာခင်က ဒေါ်စု တရုပ်ပြည်အလည် အပတ်သွားရောက် မြန်မာပြည်ပေါ် တရုပ်၏ပေါ်လစီ အပြောင်းအလဲဟု အများကရေးသားပြောဆိုကြသည်။ မမှန်ပါ

ch-dragon တရုပ်ပြည်၏ ရေရှည်သေနင်္ဂဗျူဟာနှင့် ပထဝီနိုင်ငံရေး အကျိုးစီးပွါးသည် ယခင်အတိုင်းမပြောင်းမလဲ တည်ရှိနေတာ နိုင်ငံရေးရာသီဥတု အပြောင်းအလဲအပေါ် အခြေခံ၍ နည်းပရိယါယ် လိုက်ပါပြောင်းလဲခြင်း ဟုဆိုက ပိုတိကျမှန်ကန်ပါမည်။ ဤအချက်အလက်ကို ဟူကျင်တောင် သမ္မတဖြစ်မည့်နှစ် မတိုင်ခင်လေးတွင် သူ၏အကြီးတန်းအကြံပေးတစ်ယောက်နှင့် နေ့လည်စာ စားရင်းပို၍ ထင်ထင် ရှားရှားသိလာရသည်။ တရုပ်ပြည်၏ ကုန်တွင်းပိတ်ပြည်နယ်များသည် ပို့ကုန်အတွက် မြန်မာနိုင်ငံထွက်ပေါက်လိုအပ်သည်။ ထိုပြည်နယ်များသည် ဖွံ့ဖြိုးတိုးတက်မှုမြန်ဆန်သော ကမ်းရိုးတန်းဒေသများကို အမီလိုက်နိုင်ဘို့ လိုအပ်သည်။ ထိုပြည်နယ်များမှ တရုပ်ပြည်ဆိပ်ကမ်းမြို့များသို့ သွားရာ ရထားလမ်းနှင့် ကားလမ်းသည်ရှည်လျားလွန်းလှပြီး ထိုဆိပ်ကမ်းမြိုများမှာလည်း သူ့ပို့ကုန်နှင့်သူပြည့်ကျပ်ပိတ်ဆို့နေမည် ဖြစ်သည်။ ကမ်းရိုးတန်းနှင့် ကုန်တွင်းပိတ်ဒေသများအကြား ဖွံ့ဖြိုးတိုးတက်မှုခြားနားချက်သည်တရုပ်ပြည်၏ အမျိုးသားလုံခြုံရေးနှင့် ပြည်တွင်းတည်ငြိမ်မှုကို ခြိမ်းခြောက်လာနိုင်သည်။ တရုပ်ပြည်နယ် ရည်ရွယ်ချက်များသည် ၁၉၈၅ ခုနှစ်ကတည်းကပင် ရှင်းရှင်းလင်းလင်းရှိနေခဲ့ပြီးဖြစ်သည်။ ထိုနှစ်စက်တင်ဘာ (၂) ရက်ထုတ် Beijing Review တွင် လမ်းပမ်းဆက်သွယ်ရေး ဒုဝန်ကြီးဟောင်း Pan Qi က ယူနန်ပြည်နယ်နှင့် ဆီချန်း Siehun ပြည်နယ်တို့အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်ကို မြန်မာပြည်မှတစ်ဆင့် ဖြစ်နိုင်ချေများအား သုံးသပ်ထုတ်ဖော်ခဲ့သည်။ ၎င်းဆောင်းပါးက မြန်မာနိုင်ငံ၏ မြောက်နှင့်အေရှ့မြောက်အတွက် မြစ်ကြီးနားနှင့် လားရှိုးရထားလမ်းကြောင်းကိုဖော်ပြခဲ့တာ တနိုင်ငံလုံး ဖြတ်စီးနေသော ဧရာဝတီကို တရုပ်ပို့ကုန်လမ်းကြောင်းကြီးအဖြစ် ရည်ညွှန်းရေးသားခဲ့သည်။ ထို့ကြောင့်လည်း မြန်မာ-တရုပ်ဆက်ဆံရေးကို ပုံမှန်မပျက်ထားချင်ကာ ထိုစဉ်က စစ်အစိုးရနှင့် မိတ်ဆွေဆက်ဆံရေးထား ရှိခဲ့ခြင်းဖြစ်သည်။

တရုပ်သည်မိမိအကျိုးစီးပွါးအတွက် မြန်မာနိုင်ငံကို လုံးဝလိုအပ်သည်။ မြန်မာနိုင်ငံသည် ပို့ကုန်အထွက်လမ်း ဖြစ်သလို သွင်းကုန်အဝင်လမ်းလည်းဖြစ်သည်။ ထိုတရုပ်အရာရှိကြီးက ဆက်ပြောသည်မှာ တရုပ်ပြည်၏ ကိုယ်ထူကိုယ်ထ ရေနံထုတ်လုပ်မှုသည် ဆက်လက်မဖူလုံနိုင်တော့ခြင်းပင်ဖြစ်သည်။ အေရှ့အလယ်ပိုင်းမှ ရေနံကို မလက်ကာရေလက်ကြားမှ တင်ပို့သောလမ်းကြောင်းသည်အမေရိကန်နှင့် အနာဂတ်ဖြစ်နိုင်ချေ ပဋိပက္ခများကြောင့် ပိတ်ဆို့သွားနိုင်သည်။ ထို့ကြောင့် ယူနန်မှမြန်မာသို့ ပိုက်လိုင်းအသစ်တခု တည်ဆောက်ရခြင်းဖြစ်သည်။ အမေရိကန်နှင့် အနာဂတ်ဖြစ်နိုင်ချေ-ဘာဆိုသည်ကို သူကမပြောသော်လည်း ဖြစ်နိုင်ချေမှာ “တရုပ်ပြည်မှ တိုင်ဝမ်အပေါ်ကျူးကျော်မှု” သာဖြစ်သည်။ (၂၀ဝ၈) ခုနှစ် နိုဝင်ဘာလအတွင်း အမေရိကန်ဒေါ်လာ (၁.၅) ဘီလီယံတန် ရေနံပိုက်လိုင်းနှင့် (၁.ဝ၄) ဘီလီယံတန် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း သဘောတူညီချက်သည် ထိုအရာရှိကြီး၏ ပြောဆိုထားချက်အတိုင်းဖြစ်သည်။ မမျှော်လင့်သည်များဖြစ်လာတတ်သည့် အခြေခံအတွေးအပေါ်တွင် ထိုအရာရှိကြီးအား “မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခဲ့ယင် ဘာလုပ်မလဲ” ဟု မေးကြည့်ခဲ့သည်။ ဤအချိန်တွင် (၂၀ဝ၈) ဖွဲ့စည်းပုံအခြေခံ ဥပဒေအတည်မဖြစ်သေးပါ။ သူ၏အဖြေမှာ အံ့သြစရာဖြစ်သည်။ “သူမဟာနှစ်လိုကြည်ညိုဖွယ်ကောင်းပါတယ်။ ဒါပေမဲ့ သူမနဲ့အလုပ်မဖြစ်နိုင်ဘူးလို့ ကျွန်တော်တို့စဉ်းစားတယ်” သုံးသပ်ချက်မှာ ရှင်းပါသည်။ တရုပ်ပြည်သည် မြန်မာနိုင်ငံ၏ အလျင်အမြန်ပြောင်းလဲမှုကို မမြင်လိုခြင်းဖြစ်သည်။ သို့သော် ဖြစ်လာခဲ့လျှင်မှု ရေရှည်အကျိုးစီးပွါးကာကွယ်နိုင်ရန် ထိမ်းညှိပြုပြင်မှုများ ပြုမည်မလွဲပါ။ တရုပ်တို့သည် ခြင်းတောင်းတခုထဲတွင် ဥအားလုံးကိုမထည့်ချင်ကြပါ။ မြန်မာအစိုးရသည် လက်ရှိအနေအထားနှင့် ပုံစံအတိုင်းဆက်လက်ရှိချင်မှရှိမည်ဖြစ်သည်။ သို့ရာတွင် ဖြစ်လာသမျှအားလုံးအတွက် တရုပ်ကပြင်ဆင်ထားပြီးဖြစ်သည်။ ဤသည်မှာ ပေါ်လစီတခုအပြောင်းအလဲအတွက် စဉ်းစားတွေးခေါ်မှုမျိုး မဟုတ်ပါ။ အာရှ၏တောင်နှင့်အေရှ့တောင်အကြား တရုပ်ပြည်၏ ကုန်တွင်းပိတ်နှင့် ဘင်္ဂလားပင်လယ်အော်ကြား မြန်မာနိုင်ငံ၏ သေနင်္ဂဗျူဟာအရ တည်ရှိမှုသည် တရုပ်အတွက် ရှေ့ဦးမဆွကပင် အရေးပါခဲ့သည်။ တရုပ်သည် မြန်မာပြည်တွင်းရေးကို အမြဲဝင်စွက်ဖက်ခဲ့ပြီး နောင်လည်းဆက်လက်စွက်ဖက်ရန်ဖြစ်နိုင်ချေ အများဆုံးဖြစ်သည်။ အတိတ်တုန်းကတော့ တော်လှန်ရေးတင်ပို့ဖို့ဖြစ်သည်။ ယ္ခုမှာ ကုန်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေးအတွက်ဖြစ်သည်။ တရုပ်ပြည်၏ ပေါ်လစီချမှတ်သူများအတွက် “မြန်မာလမ်းကြောင်း (Myanmar Corridor)”သည် ခြားနားသော အသုံးပြုချက်များဖြင့် အရေးပါဆုံးနေရာတွင် ဆက်ရှိနေသည်။

ထို့ကြောင့်လည်းတရုပ် တို့ထံမှလက်နက်အမြောက်အများ ဝယ်ယူစုဆောင်းနိုင်ခဲ့သည်။ (၂၀၁၃) ခုနှစ်ဧပြီလ (၂၆) ရက်ထုတ် သြဇာအရှန်အဝါကြီးမားသော “ဂျိမ်းကါကွယ်ရေးအပတ်စဉ်” (Jane’s Defence Weekly) တွင်သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များပင် ဝယ်ယူအားဖြည့်နိုင်ခဲ့ကြောင်း ဖော်ပြထားသည်။ (၂၀၁၂) ခုနှစ်ဒုတိယ (၆) လမှစတင်ပြီး သံချပ်ကာကါးများ၊ တင့်ကါးဖျက်လက်နက်များ ဝယ်ယူခဲ့သည်။ ရုရှား၏ စည်းစနစ်ကို အခြေခံထားသော တရုပ်ပုံစံလူသယ်ဆောင်နိုင်သော လေကြောင်းကါကွယ်ရေးစနစ် (MANPADS) လက်နက် (HN-5) (၁၀ဝ) ပတ်ဝန်းကျင်ကိုလည်း တရုပ်ထံမှ ဝယ်ယူရရှိခဲ့သည်။ ဤနည်းဖြင့် (UWSA) သည် ကျေးရွာပြည်သူ့စစ်များနှင့် ထောက်ပို့တပ်များမပါ စစ်အင်အား (၂၀ဝဝဝ) ခန့်ဖြင့် အင်အားအကြီးဆုံးနှင့် လက်နက်တပ်ဆင်မှု အကောင်းဆုံးသောနိင်ငံမဟုတ် စစ်တပ်ဖွဲ့ဖြစ်ပါကြောင်း ဂျာနယ်တွင် ရေးသားထားသည်။ တရုပ်တို့သည် တချိန်တည်းတွင် အစိုးရနှင့် ကောင်းမွန်သော ဆက်ဆံရေးထူထောင်ခဲ့သည်။ အနောက်နိုင်ငံ များ လက်သို့မြန်မာနိုင်ငံအား အဆုံးရှုံးမခံနိုင်သည့် တရုပ်တို့အတွက် (UWSA) အားကောင်းခိုင်မာမှုသည် သေနင်္ဂဗျူဟာ အကျိုးအမြတ်ရှိသည်။ မြန်မာအစိုးရ နှင့်အပေးအယူပြုလုပ်ရန် ကောင်းသော (Chip) ပြားလည်း ဖြစ်လာတောသည်။ (၂၀၁၅) ခုနှစ် ဖေဖော်ဝါရီလအတွင်း ကိုးကန့်ဒေသ၌ ဖြစ်ပွါးသော လက်နက်ကိုင် ပဋိပက္ခတွင် မြန်မာနိုင်ငံအမျိုးသား ဒီမိုကရေစီတပ်မတော် (MNDAA) ကို (UWSA) မှ လက်နက်ခဲယမ်း အကူအညီအမြောက်အများပေးခဲ့သည်။ ကြိုတင်ခန့်မှန်းထားသည့်အတိုင်းပင် တရုပ်တို့ဘက်မှ ပါဝင်ပတ်သက်မှု မရှိကြောင်း ငြင်းဆိုခဲ့သည်။ အဆင့်မြင့်သတင်းရင်းမြစ်တခုအရ အနောက်သို့ အယိမ်းလွန်လျှင် ဤကဲ့သို့ ဖြစ်နိုင်ကြောင်း မြန်မာအစိုးရအား သွယ်ဝိုက်သောနည်းဖြင့် တရုပ်တို့ပညာပေးနေခြင်းဟုဆိုသည်။ တချိန်တည်းတွင် လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့များနှင့် ပြုလုပ်နေသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တက်ကြွစွာပါဝင်ကာ အပျော့စားဖဲချပ်ကိုင်ကစားပြပြန်သည်။ တော်လှန်ရေးတင်ပို့သည်ဖြစ်စေ စီးပွါးရေး အကျိုးအမြတ်တိုးချဲ့သည်ဖြစ်စေ တရုပ်တို့အထင်အရှား ပြနေသည်မှာ မြန်မာနိုင်ငံတွင်း ခြေကုပ်မြဲလိုခြင်းပင်ဖြစ်သည်။ ဤသို့ဖြစ်နိုင်ရန်(UWSA) နှင့် အခြားလက်ဝေခံများထက် ပိုကောင်းမွန်ကျိုးနွံသော မဟာမိတ်မရှိနိုင်ဟုလည်း ခံယူထားသည်။ တရုပ်တို့သည် “မြန်မာလမ်းကြောင်း” လုံခြုံစိတ်ချမှုရှိစေရန် လုပ်ဆောင်ယင်း အနာဂတ် အလားလာ လမ်းပွင့်အောင် ဆက်လက်လုပ်ဆောင်နေပေသည်။

(The Art of Strategy by Bertil Lintner in The Irrawaddy-July,2015) ကို ဘာသာပြန်သည်

ဓါတ်ပုံ – အင်တာနက်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.