မုဒုံ၊ ဇူလိုင် ၁၂

(၆၉)ကြိမ်မြောက် အာဇာနည်နေ့အခမ်းအနားအား မုဒုံမြို့တွင် စည်ကားစွာကျင်းပပြုလုပ်သွားရန်ရှိ ကြောင်း မြို့နယ်အုပ်ချုပ်ရေးရုံးမှ သိရသည်။

“အာဇာနည်နေ့ကို တရားဝင်အစိုးရကနေပြီး တရားဝင်လုပ်ခိုင်းတဲ့အတွက် လုပ်သင့်လုပ်ထိုက်တဲ့ အတွက်ကြောင့်လည်း ပြုလုပ်ခွင့်ရသာကိုလည်း ဂုဏ်ယူတယ်။ နောင်လာနောက်သားလူငယ် လူရွယ်၊ ကျောင်း သားတွေက အာဇာနည်ဆိုတာ ဘယ်လိုလဲ၊ ဘယ်သူတွေလည်း အခမ်းအနားလုပ်ရတာဆိုတာကိုလည်း သိရ တာရယ်၊ ဂုဏ်ပြုထိုက်သူကို နေ့ထူးနေ့မြတ်ကိုသိရစေတယ်။ ကျင်းပဖို့လည်း ပြည်နယ်အစိုးရလည်း ညွှန်ကြား ထားတယ်။ အာဇာနည်နေ့အခမ်းအနားကျင်းပနိုင်ဖို့ ဦးစီးကော်မတီနှင့် ဆပ်ကော်မတီလည်း ဖွဲ့ကာဆောင်ရွက်နေတယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးဦးကျော်ထင်က သံလွင်တိုင်းမ်ကိုပြောသည်။

မုဒုံမြို့နယ်တွင် အာဇာနည်နေ့ရောက်ချိန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်အချို့နှင့် ပြည်သူအချို့ကသာ လွမ်းသူ့ပန်းခွေချ ဂုဏ်ပြုခြင်းမျိုး ပြုလုပ်ခြင်းသာရှိခဲ့သည်။

“အပြောင်းအလဲကို လိုလားနေတဲ့ပြည်သူလူထုတစ်ရပ်လုံးကထောက်ခံမဲပေးတင်မြောက်ခဲ့တဲ့ အစိုးရလက်ထက်မှာ အာဇာနည်နေ့ကို ပြန်လည်ကျင်းပတယ်ဆိုတာအဆန်းမဟုတ်ပါဘူး။ သို့သော်လည်း လူထုလူတန်းစားတစ်ရပ်လုံးက အာဇာနည်ခေါင်းဆောင်တွေကို မမေ့သေးဘူး။ အာဇာနည်တို့ရဲ့သမိုင်းမသေသေးဘူး။ အာဇာနည်နေ့ကျင်းပခွင့်ရခြင်း/မရခြင်းက တက်လာတဲ့အစိုးရပေါ်မှာလည်းမူတည်ပါတယ်။ ဘယ် အစိုးရ တက်တက်အာဇာနည်နေ့ကို ရှေးကနည်းတူလွတ်လွတ်လပ်လပ်ကျင်းပခွင့်ရတာကိုပဲ လိုချင်တယ်၊ အခုဆိုလူငယ်တော်တော်များများ အာဇာနည်နေ့ကိုမေ့နေကြပြီး”ဟုလည်း ကွမ်တုံရပ်ကမင်းဇေယျဦးကပြောသည်။

ယင်းအာဇာနည်နေ့မတိုင်မှီအကြိုနေ့ဇူလိုင်(၁၈)ရက်၊ညနေ(၃း၀၀)နာရီခန့်တွင် အာဇာနည်ကျောက်တိုင်ဝင်း အတွင်းတွင် အကြိုစမ်းသပ်လေ့ကျင့်ခြင်းများပြုလုပ်မည်ဖြစ်ကြောင်းလည်းသိရှိရသည်။

“အာဇာနည်နေ့မနက်(ရး၀၀)နာရီကစပြီး ဝမ်းနည်းခြင်းအထိမ်းအမှတ်နဲ့ နိုင်ငံတော်အလံတော်ကို အလေးပြုပြီး တိုင်တစ်ဝက်ချမယ်၊ ပြီးရင်လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ မြို့ပေါ်အထက်ကျောင်း(၃)ကျောင်းက ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများ၊ ပြည်သူလူထုများကလွမ်းသူ့ပန်းခွေအစဉ်လိုက်ချမယ်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောသည်။

ထို့အပြင် အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးချိန် (၁၀း၃၇)မိနစ်တွင် သာ့သနာ့ဗိမာန်ရှေ့၊ မော်-သံလမ်း၊ ကျုံဖိုက်ကျေးရွာရှေ့မြို့တွင်းအဝိုင်းအနီးနှင့် ဗိုလ်ချုပ်လမ်း၊ လမ္မကြီးရပ်(၄)နေရာတွင် မြို့နယ်မီးသတ်ဌာနမှဦးဆောင်၍ မီးသတ်ကား(၄)စီးမှဥသြဆွဲမှာဖြစ်သလို မြို့ပေါ်ရှိ ဆိုင်ကယ်(TAXI)ဂိတ်များ၌လည်း ဆိုင်ကယ်ဟွန်သံရှည်များ တီးကာဂုဏ်ပြုကြမည်ဖြစ်သလို အ.ထ.က(၁)တွင်လည်း အာဇာနည်နေ့ဟောပြောပွဲ အခမ်းအနားပြုလုပ်ကျင်းပသွားမည်ဖြစ်ကြောင်းလည်းသိရသည်။

သတင်း – မင်းဥဒါန်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.