(ယခုနှစ်မှာ ကျရောက်မယ့် အာဇာနည်နေ့သည် (၆၉)နှစ်မြောက်ရှိပြီးဖြစ်သည်။ အာဏာရှင်ခေတ်အဆက် ဆက်တွင် မှေးမှိန်ပျောက်ကွယ်ခဲ့သည့် အာဇာနည်နေ့သည် ယနေ့အသစ်တက်လာသော ဒီမိုကရေစီအစိုးရ လက်ထက်တွင် စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ရန် နေရာအနှံ့အပြားတွင် ပြင်ဆင်နေကြပြီးဖြစ်ပါသည်။ အဆိုပါ
အာဇာနည်နေ့တွင် မွန်ပြည်နယ်ရှိ ပြည်သူအချို့၏ လှုပ်ရှားမည့်အစီအစဉ်များကို သံလွင်တိုင်းမ်မှ စုစည်းဖော်ပြလိုက်ရပါသည်)
ဦးဝင်းညွန့် (လူ့အခွင့်အရေးလှုပ်ရှားသူ)
ကျွဲခြံကျေးရွာ ပေါင်မြို့နယ်။
မနှစ်တုန်းကတော့ အခမ်းအနားလုပ်တဲ့သူတွေရဲ့ အစီအမံကိုသဘောမကျလို့၊ သူတို့လုပ်တဲ့အခန်းအနား ကိုမသွားခဲ့ဘူး။ ဒီနှစ်မှာအာဏာပိုင်တွေလုပ်မယ့် အခမ်းအနားက အချိန်၊ နေရာ၊ အစီအမံတွေကို၊လေ့လာစုံစမ်း အုံးမယ်။ ကျွန်တော်တို့လူစုပြီး အာဇာနည်ကျောက်တိုင်ကို ပန်းခွေသွားချဖို့စီစဉ်ထားတယ်။ ပန်းခွေဘိုးကတော့၂သောင်းလောက်ကုန်မယ်လို့ခန့်မှန်းထားတယ်။
ဒေါ်မီမီခိုင် (ဈေးရောင်း)
စွယ်တော်ရပ်၊ မိုးနိုင်းရပ်ကွက်၊ ပေါင်မြို့
ကျွန်မက မိသားစုစားဝတ်နေရေးကိစ္စအတွက် ဈေးရောင်းနေရတာဆိုတော့အာဇာနည်နေ့မှာဘယ်ကိုမှသွားဖို့ မရှိသလို အလေးသွားပြုဖို့လည်းအစီအစဉ်မရှိပါဘူး။ ဈေးရောင်းပဲသွားမှာပါ။
ကိုဘုန်းမြတ်မိုး (ဥက္ကဌ)
မော်လမြိုင်နည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ဇူလိုင် (၁၉) ရက်နေ့မှာ ကျဆုံးသွားတဲ့ အာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုဖို့အတွက် ဗိုလ်ချုပ်ကြေးရုပ်ရှိရာ သံလွင်ဥယျာဉ်မှာ ကျွန်တော်တို့ ကျောင်းသား/သူတွေ အလေးပြုကြမှာပါ။ အလေးပြုဖို့ သွားကြမှာပါအာဇာနည်ခေါင်းဆောင်ကြီးများကို အလေးပြုဖို့အတွက် ပြီးခဲ့တဲ့ ကာလတွေမှာ ကျွန်တော်တို့တွေ ခက်ခဲခဲ့တယ်။ ဒီနှစ်မှာတော့ ကျောင်းသား/သူတွေ အားလုံး အာဇာနည်ခေါင်းဆောင်ကြီးများကို သံလွင်ဥယျာဉ်မှ အလေးပြုကြဖို့ ကျွန်တော်တို့ နှိုးဆော်ထားပါတယ်။
ကိုစိန်ပန်း (ညှိနှိုင်းရေးမှူး)
သထုံမြို့နယ်အရပ်ဘက်လူမှုအဖွဲ့အစည်းများကွန်ရက်
မနက် ၆နာရီ သာသနာ့ဗိမာန်မှာလုပ်မယ့် မြို.နယ်လုံးကျွတ် အာဇာနည်နေ့အထိမ်းအမှတ် ဝါဆိုသင်္ကန်း နဲ့ ဆွမ်းဆက်ကပ်လှူဒါန်းပွဲသွားမယ်။ ပြီးရင်တော့ မနက် ၉နာရီခွဲမှာ ခရိုင်အားကစားကွင်းမှာလုပ်မယ့် အာဇာနည်နေ့အခမ်းအနားကို အဖွဲ့အစည်းကိုယ်စားပြုတက်ပြီးလွမ်းသူ့ပန်းခွေချအလေးပြုမယ် ပြန်လာရင်တော့ ရန်ကုန် အာဇာနည်နေ့ အခမ်းအနားသတင်းတွေဖတ်ဖြစ်လိမ့်မယ်လို့ထင်ပါတယ်။
ဦးမြသန်း(ခရိုင်အလုပ်အမှုဆောင်ကော်မတီဝင်)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရေးမြို့
အာဇာနည်နေ့မှာ စည်ကားသိုက်မြိုက်စွာပြုလုပ်နိုင်ဖို့ အစည်းအဝေးတစ်ရပ်ကျင်းပခဲ့ပြီးပါပြီ။ ခါတိုင်းနှစ် တွေလိုမဟုတ်ပဲ NLD အစိုးရလက်ထက်မှာ ဗိုလ်ချုပ်ရဲ့အခန်းကဏ္ဍကို ပေါ်လွင်အောင်ဆိုပြီးတော့ ဝမ်းနည်းတဲ့အထိမ်းအမှတ်တွေလုပ်မယ်၊ ဆွမ်းတွေကျွေးမယ်။ စုရပ်တစ်ခုအနေနဲ့ NLD ပါတီရုံးမှာစုပြီးတော့ ရေးမြို့နယ်တစ်ခုလုံးကို ဖိတ်ကြားပြီးတော့ ချီတက်အလေးပြုကြမယ်။
ဦးခင်မောင်(ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်း၊)
ဥတ္တံတားကျေးရွာ၊ ပေါင်မြို့
အခမ်းအနားလုပ်တဲ့နေရာကိုသွားပြီး အမှတ်တရအလေးသွားပြုဖြစ်မှာပါ။ ဖြစ်အောင်လည်းသွားမယ်၊ ပြီးရင် တော့ အပျော်ခရီးတနေရာရာကိုသွားမယ်။
ဦးခင်မောင်ညို(ပန်းထိမ်လုပ်ငန်းရှင်)
မြို့မ(၃)ရပ်ကွက်၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊မုဒုံမြို့
အာဇာနည်နေ့သမိုင်းပျောက်ခဲ့တာကြာပြီးဖြစ်တဲ့အတွက်ကြောင့် အခုပြန်လည်ပေါ်ထွန်းလာတဲ့အတွက် နေ့ထူး၊ နေ့မြတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ စိတ်ထဲကအလေးအနက်ထားပြီး တက်ရောက်အလေးပြုမယ်လို့ ဆုံးဖြတ်ထား တယ်၊ အရင့်အရင်ကတည်းက အာဇာနည်နေ့ရှိခဲ့တယ်လေ၊ သမိုင်းကိုတော့ဖျောက်ဖျက်လို့မရဘူးလေ”
ဦးခင်အောင်
မြို့မ(၃)ရပ်ကွက်၊ မုဒုံမြို့
ဒို့နိင်ငံလွတ်လပ်ရေး သမိုင်းကိုပြန်လှန်ကြည့်လိုက်၊ ဒို့ဗိုလ်ချုပ်ရဲ့ သူမတူအောင်ပြုလုပ်ဆောင်ရွက်ချက်တွေကို အရှိအတိုင်းတွေ့ရမယ်၊ ဒီနှစ်အာဇာနည်နေ့သွားကိုသွားရမယ်၊ ဒီလိုမသွားခဲ့ရတဲ့နှစ်တွေကြာပေမဲ့လည်း ရင်ထဲမှာတော့ အာဇာနည်နေ့ရောက်တိုင်းဂါရဝပြုဦးညွတ်လျှက်ပါ။
ကိုအောင်မျိုးကြည်
အဏ္ဏဝါရပ်ကွက်၊ ရေးမြို့
ဒီနှစ်မှာက ဝါဆိုလပြည့်နေ့နဲ့လည်းတိုက်ဆိုင်နေတယ်။ မနက်ပိုင်းမှာ အာဇာနည်ကျောက်တိုင်သွားပြီးတော့ လွမ်းသူ့ပန်းခွေချအလေးပြုမယ်၊ ကျဆုံးလေပြီဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင် ၉ ဦးကိုရည်စူးပြီးတော့ ဝါဆိုသင်္ကန်းကပ်မယ်၊ ကုန်း၊ ရေ၊ လေသတ္တဝါတွေကို ကျွေးမွေးလှူဒါန်းမယ်၊ ညနေပိုင်းမှာ ဘုရားမှာ ဆီမီး၊ ရေချမ်းတွေကပ်မယ်၊ အမျှအတန်းပေးဝေပါမယ်။ လွတ်လပ်ရေးကို အသက်စွန့်ကြိုးပမ်းခဲ့ကြတဲ့ အာဇာနည်တွေကို မမေ့သလို သူတို့တွေကျေးဇူးကြောင့်ပဲ ခုလို နေထိုင်ရတာဖြစ်တဲ့အတွက် အသက်ရှင်နေ သရွေ့တော့ မမေ့တော့ပါဘူး။