ရေး ၊ ဇူလိုင် ၆

ရေးမြို့နယ်၊ ဇီးဖြူသောင်ကျေးရွာတွင် ပြီးခဲ့သည့်ဇွန်လကုန်ပိုင်းက ငွေကျပ် ၁၂၈ သိန်းကျော်တန်းဖိုးရှိ ငွေနှင့် အဖိုးတန်ပစ္စည်းများပျောက်ဆုံးခဲ့ရာ ၂၄ နာရီအတွင်း တရားခံဟုယူဆရသူအား သက်သေခံပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့သည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

donation-ziiphyutaung

“ ၂၄ နာရီအတွင်း တရားခံကို သက်သေခံပစ္စည်းတွေနဲ့ ဖမ်းဆီးနိုင်ခဲ့ပါတယ် ”ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့ မှူး ရဲမှူးမြင့်သော်က သံလွင်တိုင်းမ်သို့ ပြောသည်။

ယင်းအတွက် ငွေနှင့်ပစ္စည်းများပျောက်ဆုံးခဲ့သူမဇင်ဇင်ဆင့်က ကျေးဇူးတင်ဝမ်းမြောက်သဖြင့် ရေးမြို့ နယ်ရဲတပ်ဖွဲ့အား ဇူလိုင်လ ၆ ရက်နေ့နံနက်ပိုင်းက ဂုဏ်ပြုလက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့ပြီး ရေထွက်ပစ္စည်း ဝယ်ယူရေးလုပ်ကိုင်သူ မဇင်ဇင်ဆင့်က“ ဇွန်လ ၂၅ ရက်နေ့ညနေပိုင်းက ရေးကို ကျွန်မအမျိုးသားနဲ့အတူ ဈေးဝယ်သွားတယ်၊ ပြန်လာတော့ အိမ်ခန်းအတွင်းက ပစ္စည်းတွေကပြန့်ကျဲနေပြီးအနေအထားကပျက်နေ တယ်။ သူခိုးခိုးသွားပြီဆိုတာသိလိုက်တယ်။ မိတ်ဆွေတွေနဲ့ သက်ဆိုင်ရာအဆင့်ဆင့်ကို သတင်းပို့ခဲ့တယ်။ ခုလို ပြန်ရတဲ့အတွက် ကူညီပေးခဲ့တဲ့ သူတွေအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ် ” ဟု သံလွင်တိုင်းမ်သို့ ပြော သည်။

အဆိုပါဖြစ်စဉ်အပေါ် လိုက်လံစုံစမ်းခဲ့သော်လည်း မရသဖြင့် အရေးယူပေးပါရန် မဇင်ဇင်ဆင့်က ဇွန်လ ၂၉ ရက်နေ့တွင် သက်ဆိုင်ရာရဲစခန်းတွင်တိုင်ကြားခဲ့ပြီး သက်ဆိုင်ရာက မမစ(ရေး)(ပ)၉၆/၂၀၁၆၊ ပုဒ်မ-၃၈၀ အရ အမှုဖွင့်လှစ်ခဲ့ကာ စနစ်တကျဖော်ထုတ်စစ်ဆေးခဲ့၍ ဇွန်လ ၃၀ ရက်နေ့တွင် တရားခံဟု ယူဆရသူအား ရေးမြို့တွင်ပင် ဖမ်းဆီးရမိခဲ့သည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

ရေးမြို့နယ်ရဲတပ်ဖွဲ့အနေဖြင့် ခိုးယူပါပျောက်ဆုံးခဲ့သည့် စုစုပေါင်းငွေကျပ်(၁၂၈)သိန်း (၁)သောင်းကျပ် အနက်မှ ရွှေထည်ပစ္စည်းအားလုံးနှင့် ခိုးရာပါငွေဖြင့်ဝယ်ယူထားသော Honda Wave 100 ဖြူမဲရောင် (လိုင်စင် စိစစ်ဆဲ) ဆိုင်ကယ်(၁)စီး၊ Samsumg တံဆိပ်ပါ အဖြူရောင်ဟန်းဆက်(၁)လုံး၊ ခိုးရာပါလက်ကျန်ငွေစက္ကူရော ရာ (၂၃)သိန်းကျပ်၊ စုစုပေါင်း (၈၈)သိန်း (၅)ထောင်ကျပ်တို့အား သိမ်းဆည်းရမိပြီး၊ တရားခံဟုယူဆရသူ နေ လင်းဦး(ခ)ဘိုးတော် (၁၆)နှစ် ၏ထွက်ဆိုချက်အရ ဘီလူးကျွန်းကျေးရွာတွင် ခြံမြေကွက်(၁)ကွက်အား (၂၇) သိန်းကျပ်ဖြင့်ဝယ်ယူထားကြောင်း စစ်ဆေးသိရှိရသဖြင့် ဆက်လက်သိမ်းဆည်းနိုင်ရေးအတွက် တရားခံဟု ယူဆ ရသူနှင့်အတူ ရေးမြို့နယ်ရဲတပ်ဖွဲ့ဝင်များက သွားရောက်လျက်ရှိနေသည်ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

သတင်း – ရဲနိုင်ဦး

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.