ရေး၊ ဇူလိုင် ၇

နိုင်လှိန်း (နိုင်လွေး)၊ နိုင်လွန်နှင့် နိုင်ဆောင်းတို့ ဦးဆောင်သည့် လက်နက်ကိုင်ဆက်ကြေးတောင်းအဖွဲ့ ဇွန်လကုန်ပိုင်းတွင်လက်နက်ချပြီးနောက် ရက်ပိုင်းအတွင်း မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းနှင့် တနင်္သာရီတိုင်း မြောက်ပိုင်းဒေသတွင် အလားတူအဖွဲ့တစ်ဖွဲ့ ထပ်မံပေါ်ပေါက်လာကြောင်း ဒေသခံများက ပြောသည်။

arm-group-ye-township

ယခုပေါ်လာသည့် လက်နက်ကိုင် ဆက်ကြေးကောက်အဖွဲ့ကို ယခင် နိုင်ချမ်းဒိန်း ဦးဆောင်သည့်အဖွဲ့တွင် လှုပ်ရှားခဲ့သည့် ပိန်တင်း က ဦးဆောင်ပြီး၊ ၎င်းနှင့်အတူ ယခင်လက်နက်ကိုင် ဆက်ကြေးကောက်အဖွဲ့များနှင့် ဆက်နွယ်ပတ်သက်သူ မိလှအုန်း အပါအဝင် စုစုပေါင်း ၇ ဦးဝန်းကျင် ရှိကာ၊ ဇွန်လကုန်ပိုင်းနှင့် ဇူလိုင်လဆန်းပိုင်းအကြား ပေါ်လာခဲ့သည်ဟု ဒေသခံများက ပြောသည်။

ရေးမြို့နယ်တောင်ပိုင်း ခေါဇာမြို့ခံတစ်ဦးက “သူတို့က အရင်ကတည်းက ဒီလိုလှုပ်ရှားဘူးတယ်။ သတင်းပျောက်နေတာ အတော်ကြာပြီ။ အလွန်၊ အဆောင်းတို့အဖွဲ့ လက်နက်ချပြီး မကြာဘူး ဒီအဖွဲ့ ပေါ်လာတာပဲ” ဟု ပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ ၎င်းအဖွဲ့သည် ရေးမြို့နယ် တောင်ပိုင်း ခေါဇာ၊ မိထော်လှာ၊ ကျုံကညာ၊ မကျီး စသည့်ဒေသရှိ ခြံရှင်များထံမှ တစ်ခြံလျှင် တစ်သိန်းကျပ် တောင်းခံထားပြီး၊ ထိုသတင်း ပျံနှံ့မှုကြောင့် ခလရ ၃၁ တပ်ရင်းက ခြံရှင်များအား ညအိပ်ညနေ ခြံသို့ သွားလာခွင့်နှင့် ရွာပြင်ထွက်ခွင့် ပိတ်ထားကြောင်း သိရသည်။

လက်နက်ကိုင် ဆက်ကြေးတောင်းအဖွဲ့များ၏ ယခင်ကျူးလွန်ခဲ့မှုများအပေါ် အရေးယူခြင်း မပြုဘဲ၊ သင်ပုန်းချေ အလင်းဝင်ခွင့် ပြုခြင်းသည် အလားတူအဖွဲ့များ ထပ်မံပေါ်ပေါက်ရန် အားပေးရာ ရောက်ပြီး၊ ဒေသခံများအတွက် မလုံခြုံမှုနှင့် စိုးရွံ့မှုကို ဖြစ်ပေါ်စေကြောင်း ရေးမြို့နေ အငြိမ်းစားဗိုလ်မှူးတစ်ဦး ဖြစ်သူ ဦးအောင်နိုင်ဝင်း က သုံးသပ်ပြောဆိုသည်။

သူက “အလွန်၊ အဆောင်းတု့ိအဖွဲ့ လက်နက်ချလိုက်လို့ အေးချမ်းတော့မယ်လို့ ထင်ခဲ့ကြတာ၊ ဒီလိုအလင်းဝင်တာတွေကို ဥပဒေနဲ့အညီ အရေးယူမဆောင်ရွက်ပဲ လက်ခံနေတဲ့အပေါ်မှာ စဉ်းစားသုံးသပ်ဖို့ လိုပြီလို့ ထင်ပါတယ်” ဟု ပြောသည်။

အထက်ပါဒေသတွင် လှုပ်ရှားခဲ့သည့် အဖွဲ့များအနက် ဇွန်လ ၂၅ ရက်နေ့တွင် နိုင်လှိန်း (နိုင်လွေး) ဦးဆောင်သည့် လက်နက်ကိုင်အဖွဲ့သည် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ ရေးမြို့ အခြေစိုက် စကခ (၁၉) ၌ လက်နက်ချ အလင်းဝင်ခဲ့ပြီး၊ ယခင်ကလည်း အလားတူလှုပ်ရှားသည့်အဖွဲ့များ လက်နက်ချခဲ့ကြသည်။

နိုင်မွန်ချမ်း ဦးဆောင်သည့် အဖွဲ့သည် ယခုနှစ် မေလတွင် တပ်ဖွဲ့ဝင် ၁၈ ဦး၊ လက်နက်ငယ် ၁၂ လက်နှင့်အတူ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ်တွင်လည်းကောင်း၊ နိုင်ဗင်း ဦးဆောင်သည့်အဖွဲ့သည် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် နောက်လိုက်အနည်းငယ်နှင့်အတူ ခေါဇာအခြေစိုက် ခလရ (၃၁) တွင်လည်းကောင်း အသီးသီး လက်နက်အပ်နှံခဲ့ပြီး ဖြစ်သည်။

၎င်းပြင် အလားတူအဖွဲ့၏ ခေါင်းဆောင်တစ်ဦး ဖြစ်သည့် နိုင်ချမ်းဒိန်းသည်လည်း ၂၀၁၅ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့တွင် မွန်ပြည်သစ်ပါတီက တောတွင်းတစ်နေရာတွင် ပစ်ခတ်ဖမ်းဆီးသေဆုံးခဲ့သည်။ သို့သော်လည်း အထက်ပါဒေသတွင် ယနေ့တိုင် လက်နက်ကိုင် ဆက်ကြေးတောင်းအဖွဲ့ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။

နယ်မြေခံ အမှတ်(၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၏ ဖော်ပြချက်အရ ၂၀၁၆ ခုနှစ်၊ သြဂုတ်လ ၂၅ ရက်နေ့မှ ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၃ ရက်နေ့အထိ လက်နက်ကိုင်ဓားပြနှင့်အမာခံ ၇၈ ဦး၊ လက်နက်ငယ်မျိုးစုံ ၇၉ လက်၊ ခဲယမ်းမျိုးစုံ ၂၅၆၈ တောင့်၊ ကျည်အိမ်မျိုးစုံ ၇၈ ခု၊ မိုင်း ၄ လုံး၊ လက်ပစ်ဗုံး ၁၉ လုံး၊ ရွှေထည်ပစ္စည်း ၁၂၅ သိန်းကျပ်ဘိုး၊ မြန်မာကျပ်ငွေ ၃၈ သိန်း၊ လိုင်စင်မဲ့ယာဉ် ၇ စီး၊ ဆိုင်ကယ် ၁၁ စီး၊ စကားပြောစက် ၈ လုံး၊ မိုဘိုင်းဖုန်း ၂၀ လုံး၊ စိတ်ကြွဆေးပြား ၁၀၀၄ ပြားနှင့် သစ် ၂၆ တန်တို့ သိမ်းဆည်းရမိခဲ့သည်ဟု သိရှိရသည်။

သတင်းနှင့် ဓါတ်ပုံ – ရဲနိုင်ဦး

ဓါတ်ပုံအညွှန်း – နိုင်လှိန်း (နိုင်လွေး)၊ နိုင်လွန်နှင့် နိုင်ဆောင်းတို့ ဦးဆောင်သည့်အဖွဲ့မှ လက်နက်ချအလင်းခဲ့စဉ်ဖြစ်သည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.