ရေး ၊ ဇွန် ၂၇

ကျောင်းပြင်ပသို့ ရောက်ရှိနေကြပြီး ကျူရှင်ယူရန် အခက်အခဲရှိနေသည့် တက္ကသိုလ်ဝင်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်တန်းပြင်ပဖြေအခမဲ့ပညာဒါနသင်တန်းကို လာမည့် ဇူလိုင်လအတွင်း ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်သည်ဟု တာဝန်ရှိသူများက သံလွင်တိုင်းမ်သို့ ပြောကြားသည်။

Untitled-1

ယင်းသင်တန်းကို မြတ်ပါရမီပညာဒါနသင်တန်းအမည်ဖြင့် ရေးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ (၂)လမ်း၊ အမှတ်(၇)တွင်လာမည့် ဇူလိုင်လ ၅ ရက်နေ့မှစတင်ကာ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ
တစ်ရက်လျှင် စာသင်ချိန် ၃ ချိန်၊ တစ်ပတ်လျှင် ၆ ရက် သင်ကြားပေးရန်စီစဉ်နေသည်ဟု တာဝန်ရှိသူ တစ်ဦးဖြစ်သည့် အလွတ်သင်ဆရာ ဦးကျော်စိုးတင့်က သံလွင်တိုင်းမ်သို့ ပြောသည်။

“ မြတ်ပါရမီ ပညာဒါနသင်တန်းရည်ရွယ်ချက်ကတော့ ကျောင်းပြင်ပရောက်နေပြီး တက္ကသိုလ်ဝင်စာမေးပွဲကိုပြန်ဖြေဖို့ ကျူရှင်ယူဖို့ ငွေရေးကြေးရေးအခက်အခဲရှိနေသူတွေအတွက် ပညာဒါနပြုကြဖို့ပါ။ ကျူ ရှင်ယူဖို့အခက်အခဲဖြစ်နေ သူကိုအဓိကဦးစားပေးလက်ခံမယ့်အပြင် စာကိုလိုလိုလားလားသင်ယူမယ့်အခြားပြင်ပဖြေကျောင်း သားများအတွက်လည်း အားထားပြုရာအဖြစ် ရည်ရွယ်ဖွင့်လှစ်သွားပါမယ် ” ဟု ၎င်းက ဆိုသည်။

ပညာရေးအတွက် လိုအပ်နေသည့်နေရာတစ်ခုကို ဝိုင်းဝန်းကူညီပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊
တတ်နိုင်သည့်လစဉ်ကူညီမှုများပေးမည်ဖြစ်ကြောင်း၊ အောင်မြင်စေဖို့ တတ်နိုင်သရွေ့ ပူးပေါင်းကူညီရန်
အသင့်ရှိပါကြောင်းလည်း ရန်မျိုးအောင်ရပ်ကွက်နေ ဦးအောင်ခိုင်က ပြောသည်။

“ ပညာဒါနသင်တန်းကို လုပ်ချင်နေတာကြာပါပြီ။ ကိုယ်သိကိုယ်တတ်တဲ့အတတ်ပညာတစ်ခုနဲ့
ပရဟိတလုပ်ချင်လို့ပါ။ တခြားမြို့တွေမှာ ပညာဒါနသင်တန်းတွေ လုပ်နေကြတာတွေရှိတယ်။ ကျွန်တော်တို့မြို့မှာ မရှိသေးဘူး။ ကျွန်တော်တို့သူငယ်ချင်းတွေတိုင်ပင်ပြောဆိုကြရင်းနဲ့ ဒီမြို့က ကိုယ်ပိုင်သင်တန်းဆရာတွေ၊ အငြိမ်းစားဆရာမတွေ၊ အလှူရှင်တွေကိုဖိတ်ခေါ်ပြီး အားလုံးဝိုင်းဝန်းကူညီမှုကြောင့် အခုလို အကောင်အထည်ဖော်ဖို့အထိ ဖြစ်လာတာပါပဲ ” ဟု ဦးကျော်စိုးတင့်က သံလွင်တိုင်းမ်သို့ ပြောသည်။

အဆိုပါသင်တန်းသို့ ရေးမြို့နေ စေတနာရှင်များက စာသင်ခုံများ၊ သင်ပုန်းများ၊ အိမ်ငှားစရိတ်အပြင် အခြား လိုအပ်သည့် ကူညီပေးမှုများကြောင့် ပြည့်စုံနေပြီဖြစ်သည့်အပြင် ဆရာ/မများ၏အင်အားလည်း ပြည့်စုံနေပြီ ဖြစ်ကြောင်း၊ သင်ကြားမည့် ဆရာ/မများအနေဖြင့်လည်း အတွေ့အကြုံရင့်ကျက်သည့်အပြင် ကျောင်းသား/ သူများ နှစ်သက်အားထားကြသူများ ဖြစ်ကြောင်း ယင်းသင်တန်းတာဝန်ရှိသူများက ဆိုသည်။

ဇူလိုင်လ ၁ ရက်နေ့မှစတင်ကာ သင်တန်းဖွင့်လှစ်မည့်နေရာသို့ မိဘအုပ်ထိန်းသူနှင့်အတူ ကျောင်းသား/သူ ကိုယ်တိုင် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ထောက်ခံချက်များနှင့်အတူ သင်တန်း ဝင်ခွင့်လျှောက်ထားရန် နှိုးဆော်ထားပြီး ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ကျရှုံးထားသူများသာ
လျှောက်ထားနိုင်မည်ဖြစ်သည်ဟု သိရှိရသည်။
သတင်း – ရဲနိုင်ဦး (ပုံပါ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.