ဓါတ်ပုံ - ရဲနိုင်ဦး (ဓါတ်ပုံအညွှန်း - ဖမ်းဆီးရမိသောသစ်များ)

ရေး ၊ မေ ၃၀
သတင်း- ရဲနိုင်ဦး
ရေးမြို့နယ်၊ ခေါဇာမြို့တွင် ယခုလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များက ရေးမြို့နယ်အခြေစိုက် စကခ(၁၉)၊
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် သစ်တောဦးစီးဌာနပူးပေါင်းအဖွဲ့ဖော်ထုတ်မှုကြောင့်စိတ်ကြွဆေးပြားများနှင့်အတူ
တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့သည်ဟု တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရှိရသည်။

ဓါတ်ပုံ - ရဲနိုင်ဦး (ဓါတ်ပုံအညွှန်း - ဖမ်းဆီးရမိသောသစ်များ)
ဓါတ်ပုံ – ရဲနိုင်ဦး (ဓါတ်ပုံအညွှန်း – ဖမ်းဆီးရမိသောသစ်များ)

“ ခေါဇာ-ရေးကားလမ်းမပေါ် ကြည်ဝင်း(ခေါ်)အရှည်ကြီးမောင်းလာတဲ့ အော်ဒယ်စီကားကို ရပ်တန့်ရှာဖွေ
ရာမှာ သူ့ရဲ့ပိုက်ဆံအိတ်က စိတ်ကြွဆေးပြား(၈)ပြားကို ဖမ်းဆီးရမိခဲ့တယ်။မေ ၂၇ ရက်နေ့ ည ၁၁ နာရီ
လောက်ကပေါ့၊ စကခ(၁၉)က ဗိုလ်မှူးမြတ်မင်းသူ ဦးစီးအဖွဲ့နဲ့ပါ ” ဟု ရေးမြို့နယ် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးတပ်ဖွဲ့စု(၃၉)မှ ဒုရဲမှူးသန်းဇော်က သံလွင်တိုင်းမ်သို့ပြောသည်။

သိမ်းဆည်းရမိသည့်ကားကို လိုင်စင်စိစစ်မှုများဆောင်ရွက်နေပြီး ကြည်ဝင်း(ခ)အရှည်ကြီးဆိုသူအား
ခေါဇာရဲစခန်းက မယ(ပ) ၂/၂၀၁၆၊ မူး/စိတ်ပုဒ်မ – ၁၅/၁၆ (ဂ) ဖြင့်အမှုဖွင့်လှစ်ထားရှိသည်ဟု ၎င်းကဆိုသည်။

ဆက်လက်၍ စကခ(၁၉)မှ ဗိုလ်မှူးမြတ်မင်းသူဦးစီး ခလရ(၃၁)မှအရာရှိစစ်သည်များ၊ ခေါဇာရဲစခန်းမှူး အပါအဝင် သစ်တောဦးစီးဌာနနှင့် ခေါဇာမြို့ရပ်ကွက်(၂)အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် မေလ ၂၈ ရက်နေ့ မွန်းလွဲပိုင်းက သတင်းအရ နယ်မြေရှင်းလင်းရှာဖွေခဲ့ရာ ခေါဇာမြို့၊ မြို့ဟောင်းတွင် တရားမဝင်သစ်(ပိတောက် သား) ၂၂၉ တုံး၊ ခန့်မှန်းတန်ချိန် ၂၅.၉၈၃၂ တန်၊ ပါကျဲရိုးအမျိုးအစား ကားတစ်စီးနှင့်အတူ လူ(၄)ဦးကို
ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

“ တပ်မတော်အစိုးရအနေနဲ့ အစိုးရသစ်ရဲ့မူဝါဒနဲ့အညီ ရက်(၁၀၀)စီမံချက်ကို ပူးပေါင်းအကောင်အထည်ဖော်ဖို့ အတွက် ယခုလို မူးယစ်ဆေးဝါးပြဿနာနဲ့ သဘာဝပတ်ဝန်းကျင်ရေးကိစ္စတွေမှာ သတင်းဖော်ထုတ်ပြီး ဆောင်ရွက်နေတာဖြစ်တယ်လို့သိရတယ် “ ဟု ရေးမြို့နယ်စကခ(၁၉)နှင့်နီးစပ်သူ ရေးမြို့နေ အငြိမ်းစားဗိုလ်မှူး ဦးအောင်နိုင်ဝင်းက သံလွင်တိုင်းမ်သို့ ပြောသည်။

တရားမဝင်သစ်များဖမ်းဆီးရမိခဲ့မှုနှင့်ပတ်သက်၍ ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန် တပ်မတော်မှ တာဝန်ရှိသူများထံစနစ်တကျ လွှဲအပ်ခဲ့ပြီး သစ်တောဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်နိုင်ရန်
စီစဉ်လျက်ရှိနေသည်ဟု ရေးမြို့နယ်သစ်တောဦးစီးဌာနက သိရှိရသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.