ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၄၀) ကျော်မှာ လုံခြုံရေး အခြေအနေကြောင့် မဲရုံမဖွင့်နိုင်ဘူးလို့ ကရင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးကျော်ဝင်းမောင်က ပြောသည်။
“မဲပေးပိုင်ခွင့် မရှိတာဆိုတာက မဲရုံမဖွင့်နိုင်တာပေါ့ အဲဒီနယ်မြေမှာ ဘာဖြစ်လဲဆိုတာကတော့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရှိတယ်ဗျာ လုံခြုံရေးအခြေအနေအရ မဖွင့်နိုင်တာပါ” ဟု ဦးကျော်ဝင်းမောင်က ပြောသည်။
လက်ရှိအခြေအနေအရ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ကျေးရွာအုပ်စု (၅၁) ခုရှိသည့်အနက် ဒေသအတွင်း လုံခြုံရေးအခြေအနေကြောင့် ကျေးရွာအုပ်စု (၄၁) ခုတွင် မဲရုံဖွင့်လှစ်နိုင်ခြင်း မရှိသည့်အတွက် ဒေသခံများ မဲပေးခွင့် အခွင့်အလမ်းနည်းပါးတယ်လို့လည်း ဦးကျော်ဝင်းမောင်က ပြောသည်။
အဆိုပါဒေသသည် ကရင်အမျိုးသားအစည်းအရုံး KNU၊ မွန်ပြည်သစ်ပါတီ NMSP၊ ဒီကေဘီအေ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ ဟောင်သရောအထူးဒေသ အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး အစိုးရမှ ကျေးရွာအုပ်ချုပ်ရေးမှူးအဆင့် မခန့်အပ်နိုင်သည့် ဒေသလည်းဖြစ်သည်။
“သူတို့က အုပ်ချုပ်ရေးမချနိုင်လို့ လုံခြုံရေးအကြောင်းပြတာဘဲ KNU က ကြိုက်သလို မဲဆွယ်ပါ မဲစာရင်းလည်း ကပ်ခွင့်ရှိတယ်ဗျာ သူတို့က ပုံကြီးချဲ့ကားတဲ့အတွက်ကြောင့် လုံခြုံမရှိတာ ပြောတာဘဲ” ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) ဒူပလားယားခရိုင် ဘုရားဘုံးဆူမြို့ ဆက်ဆံရေးရုံး ဒု-တာဝန်ခံ ပဒိုစောထဲနေက ပြောသည်။
ကြာအင်းဆိပ်ကြီးဒေသသည် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူခဲ့စဉ်က KNU နှင့် မွန်ပြည်သစ် ပါတီတို့က လုံခြုံရေးနှင့် အကူညီပေးဆောင်မှုများ ရှိခဲ့သည်ဟုလည်း သိရသည်။
ဘုရားသုံးဆူမြို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးအောင်စိုးကလည်း “တကယ့်ကို နိုင်ငံရေးစိတ်ဝင်စားတဲ့ ကျေးရွာတွေလည်း ရှိပါတယ် အချို့ကျေးရွာတွေကျတော့ နိုင်ငံရေးအပိုင်းကို စိတ်ဝင်စားမှု အားနည်းတဲ့ အပိုင်းလည်းရှိပါတယ် အဲလို စိတ်ဝင်စားမှု အားကောင်းတဲ့အပိုင်းမှာ ဒီလိုအခွင့်အရေး ဆုံးရှုံးတဲ့အခါကျတော့ ဒို့အနေနဲ့ အများကြီး နစ်နာကြတယ်၊
အဆိုပါ မဲရုံမဖွင့်နိုင်သည့် ကျေးရွာအုပ်စု (၄၁) ခုမှာ ကျေးရွာပေါင်း ၂၀၀ နီးပါးခန့်ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅ သောင်း ခွဲကျော်ရှိသည်ဟု မြို့နယ်ရွေးကောက်ပွဲကော်မရှင်၏ စာရင်းထုတ်ပြန်ထားချက်အရ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မွန်၊ ကရင်၊ ဗမာ အစရှိတဲ့ တိုင်းရင်းသားများ နေထိုင်ကြပြီး ရွေးကောက်ပွဲ မကျင်းပနိုင်သည့်နေရာတွင် မွန်နှင့် ကရင်လူမျိုး အများစုနေထိုင်သည့် ကျေးရွာအုပ်စုများဖြစ်ပြီး တိုင်းရင်းသား နိုင်ငံရေးပါတီများအတွက် နစ်နာမှုရှိသည်ဟု မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဗညားအောင်မိုးက ပြောသည်။
“တိုင်းရင်းသားပါတီကို ထောက်ခံမယ့် ဆန္ဒပြုပေးတဲ့ မဲဟာ လျော့နည်းသွားမယ် အဲဒီတော့ ပါတီကြီး ၂ ခုဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ NLD ပါတီတို့အတွက်ဘဲ အကျိုးရှိမယ် ကျနော်တို့ တိုင်းရင်းသားပါတီတွေအတွက် နစ်နာတယ်”
ကရင်ပြည်နယ်တခုလုံးတွင် မဲရုံ (၆၈၄) ရုံ ထားရှိမည်ဖြစ်ပြီး ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသည့် ကျေးရွာ အုပ်စုပေါင်း (၉၄) ခုရှိကာ ကြာအင်းဆိပ်ကြီးမြို့နယ်နှင့် မြဝတီမြို့နယ်တို့တွင် အများစုပါဝင်သည်။
၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း ကြာအင်းဆိပ်ကြီးမြို့နယ်မှ ကျေးရွာအုပ်စုပေါင်း (၄၆) ခုတွင် ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သလို ရွေးကောက်ပွဲကို ဆန့်ကျင်သည့် ဗိုလ်မှူးကြီးစောလားဘွယ်ဦးစီးသည့် ဒီကေဘီအေတပ်ဖွဲ့နှင့် အစိုးရစစ်တပ်တို့ကြား မြဝတီမြို့နယ်နှင့် ဘုရားသုံးဆူမြို့နယ်ဘက်တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥပဒေ အခန်းအမှတ် ၄၊ ပုဒ်မ (၁၀)(စ)အရ သဘာဝ ဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ နယ်မြေလုံခြုံရေး အခြေအနေအရ သော်လည်ကောင်း ရွေးကောက်ပွဲ ကျင်းပနိင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက်ပွဲများကို ရွှေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ခြင်းတို့ကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်နိုင်သည်ဟု ပြဌာန်းထားသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.