အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်အများစု အနိုင်ရရှိရေးအတွက် ဖန်တီးအိမ် အမျိုးသမီးစွမ်းဆောင်ရှင်အဖွဲ့ ဦးဆောင်ပြီး တန်းတူရေးကို ရှေးရှုလို့ အမျိုးသမီးများ မဲပေးစို့ ခေါင်းစဉ်ဖြင့် မွန်ပြည်နယ် မော်လမြိုင်မြို့တွင် ဆွေးနွေးခဲ့သည်။
ရွေးကောက်ပွဲ၌ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်လောင်းများ အနိုင်ရ ရွေးချယ်ခံနိုင်ရေးအတွက် အမျိုးသမီးများ မဲပေးကရန် အရေးကြီးသည်ဟု ဖန်တီးအိမ်အဖွဲ့မှ စီမကိန်းမန်နေဂျာ ဒေါ်ခင်လေးနွယ်ထွန်းက ပြောသည်။
“သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံမှာ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက ပိုများနေတယ် အဲဒီအတွက် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ် များစွာရနိုင်တယ်၊ လွှတ်တော် ၃ ရပ်လုံးမှာ အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ်တွေ ယခုထက် ရာခိုင်နှုန်းပိုများဖို့လိုတယ်” ဟု ၎င်းက ပြောသည်။
၎င်းပြင် ၂၀၁၀ ရွေးကောက်ပွဲကာလကထက် ၂၀၁၅ ရွေးကောက်ပွဲတွင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းများ များပြားလာကြောင်း၊ အမျိုးသမီးများ ယခင်ကထက် အတွေးအခေါ် အသိအမြင် တိုးတက်လာသည့်အတွက် အမျိုးသမီးများအနေဖြင့် မဲပေးရန်နှင့် စနစ်တကျပေးတက်ရန် လိုအပ်ကြောင်း ပြောသည်။
ဆွေးနွေးပွဲတွင် မဲရုံအတွင်း မဲပေးပုံအဆင့်ဆင့် သရုပ်ပြရှင်းလင်းခြင်းများကိုလည်း လက်တွေ့ပြုလုပ်ခဲ့ကြသည်။
ဖန်တီးအိမ် အမျိုးသမီး စွမ်းဆောင်ရှင်အဖွဲ့သည် အမျိုးသမီးများ၏ စွမ်းဆောင်ရည် အသိအမြင် မြင့်မားလာစေရန် ဆောင်ရွက်ပေးနေသည့်အပြင် လာမည့်ရွေးကောက်ပွဲတွင် အမျိုးသမီး လွှတ်တော် ကိုယ်စားလှယ်လောင်းများ အများစုအနိုင်ရရှိစေရန်နှင့် အမျိုးသမီးများ မဲပေးနိုင်ရန် ကျေးရွာအဆင့်ထိ သင်တန်းများ အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပပေးလျက်ရှိသည်။