အုတ်တွင်း၊ ဇန်နဝါရီ ၃၁

ပဲခူးတိုင်း အုတ်တွင်းမြို့နယ် ပေါက်ခေါင်း -အုတ်တွင်းလမ်းပိုင်းမှာ စစ်ကော်မရှင်တပ် စစ်ကြောင်း ပိတ်ဆို့တိုက်ခိုက်ခံရတာကြောင့် အထိနာပြီး တပ်ပြန်ဆုတ်သွားတယ်လို့ ပဲခူးရိုးမ PDF ဗျူဟာ(၂၂) က သတင်းထုတ်ပြန်ပါတယ်။

အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်းဟာ ဇန်နဝါရီ ၂၀ ရက်နေ့ကစလို့ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ပေါက်ခေါင်း -အုတ်တွင်းလမ်းပိုင်းကို ပြန်လည်စိုးမိုးရေးအတွက် စစ်ကြောင်းထိုး ဝင်ရောက်လာတာပါ။

အဲဒီစစ်ကြောင်းကို ဇန်နဝါရီ ၂၈ ရက်နေ့က အုတ်တွင်း- ပေါက်ခေါင်းလမ်းပိုင်းရှိ ပြောင်ချောင်းကျေးရွာမှာ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅၀ နီးပါး သေဆုံးပြီးနောက် စစ်ကြောင်းပျက်ကာ တပ်ပြန်ဆုတ်သွားကြောင်းနဲ့ တိုက်ပွဲအတွင်း စစ်ကော်မရှင်ထံကနေ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ရဲဘော် လေးဦး ကျဆုံးပြီး ရဲဘော် ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပဲခူးရိုးမ PDF ဗျူဟာ(၂၂) က သတင်းထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ပဲခူးတိုင်းစစ်ဌာန လက်အောက်ခံ တပ်ရင်းတွေအပါအဝင် ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း ပါဝင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.