ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၃၁

မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ ဒဏ်ခံနေရတဲ့ လူထုကို ကူညီရေး အထူးသဖြင့် ဘင်္ဂလားဒေ့ချ်နဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေတဲ့ ရိုဟင်ဂျာတွေကို ကူညီပေးရေး ဥရောပကော်မရှင်က ယူရို ၆၃ သန်း လျထားလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြည်တွင်းစစ်နဲ့ပတ်သက်လို့ ဥရောပ သမဂ္ဂ (အီးယူ) က တောင်နဲ့ အရှေ့တောင်အာရှဆိုင်ရာ ၂၀၂၆ ရန်ပုံငွေ လျာထားမှု တစ်စိတ်တစ်ပိုင်း အနေနဲ့ အခုလို မြန်မာနိုင်ငံအတွက် ရန်ပုံငွေ ပါဝင်လာတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအတွက် လျာထားတဲ့ ရန်ပုံငွေ ယူရို ၃၈ ဒသမ ၆ သန်းကို စားနပ်ရိက္ခာ အကူအညီ၊ အာဟာရဖြည့်တင်းရေး၊ စားနပ်ရိက္ခာ ဖူလုံရေးတို့အတွက် သုံးစွဲသွားမှာ ဖြစ်ကြောင်း အီးယူက ပြောပါတယ်။

ပြည်တွင်းမှာ စစ်ဘေးရှောင်နေရသူတွေအတွက် အမိုးအကာတွေ စီမံပေးသွားမှာ ဖြစ်ကြောင်းနဲ့ စစ်ဘေးရှောင်တွေအတွက် သန့်ရှင်းတဲ့ရေနဲ့ ရေဆိုးထုတ်စနစ် ရရှိရေး အတွက်လည်း ရန်ပုံငွေတွေ ခွဲဝေ သုံးစွဲမှာ ဖြစ်ကြောင်းလည်း အီးယူက ပြောထားပါတယ်။

လက်လှမ်းမီဖို့ ခက်ခဲတဲ့ ဒေသတွေအထိ စစ်ဘေးရှောင်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုတွေ ပေးဖို့လည်း အီးယူက စီစဉ်ထားပါတယ်။

မြေမြှုပ်မိုင်းတွေရဲ့ အန္တရာယ်နဲ့ ပတ်သက်လို့ ပညာပေးမှုတွေ လုပ်ဆောင်သွားမှာ ဖြစ်ပြီး မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာ ရထားသူတွေကိုလည်း အီးယူက ကူညီမှာ ဖြစ်ပါတယ်။

မြန်မာ ပြည်သူတွေအတွက် ပညာရေးကို အရေးပေါ်အခြေအနေအနေနဲ့ အီးယူက ကူညီ ထောက်ပံ့မှုတွေ လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ချ်မှာ နေထိုင်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ ဒသမ ၂ သန်းအတွက် အီးယူက ယူရို ၂၃ ဒသမ ၄ သန်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။

အမေရိကန်က နိုင်ငံတကာ အကူအညီအတွက် ရန်ပုံငွေတွေ သိသိသာသာ လျှော့ချထားချိန်မှာ အီးယူရဲ့ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

နောက်ထပ် ရန်ပုံငွေ ယူရို ၁ သန်းကို အိန္ဒိယ၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားလို နိုင်ငံတွေမှာ ရောက်ရှိနေတဲ့ မြန်မာ ဒုက္ခသည်တွေအတွက် အီးယူက အသုံးပြုသွားမှာ ဖြစ်ပါတယ်။

အီးယူရဲ့ လူသားချင်း စာနာထောက်ထားရေး အစီအစဉ်တွေကို အစိုးရ မဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကတဆင့် ကူညီပေးသွားမှာ ဖြစ်ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် ၅ နှစ်အကြာမှာ မြန်မာနိုင်ငံရှိ လူသားချင်း စာနာထောက်ထားရေး ပြဿနာ ပိုမိုဆိုးရွားလာနေပြီး လူဦးရေရဲ့ ထက်ဝက်ကျော် ဆင်းရဲမွဲတေမှု စည်းအောက် ရောက်ရှိနေကြောင်း အီးယူက ပြောထားပါတယ်။

ကုန်ဈေးနှုန်း အဆမတန် မြင့်တက်မှု၊ ကုန်စည် စီးဆင်းမှု အနှောင့်အယှက်တွေကြောင့် မြန်မာနိုင်ငံမှာ အခက်ကြုံနေသူတွေ အများကြီး ရှိပြီး အထူးသဖြင့် ရခိုင်ပြည်နယ်နဲ့ ကရင်နီ ပြည်နယ်မှာ ကျန်းမာရေး ပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။

Ref: Reliefweb

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.