ဂျီနီဗာ၊ ဇန်နဝါရီ ၃၁

အဖွဲ့ဝင်နိုင်ငံတွေက သူတို့ ပေးဆောင်ရမယ့် အဖိုးအခကို မပေးသွင်းကြတာကြောင့် ကုလသမဂ္ဂဟာ ဘဏ္ဍာရေးအရ ချက်ချင်းလက်ငင်း ပြိုလဲနိုင်တဲ့ အန္တရာယ်ရှိနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က သတိပေးလိုက်ပါတယ်။

လာမယ့် ဇူလိုင်လမှာ ရန်ပုံငွေ ကုန်သွားနိုင်တာကြောင့် အကူအညီ ပေးဝေဖြန့်ဖြူးရေး စီမံကိန်း အန္တရာယ်ကျရောက်နေပြီ ဖြစ်ကြောင်း အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ဆိုတာပါ။

ကုလသမဂ္ဂ အဖွဲ့ဝင် ၁၉၃ နိုင်ငံအနေနဲ့ သူတို့ ပေးဆောင်ရမယ့် ရန်ပုံငွေတွေကို ပေးဆောင်ကြဖို့နဲ့ ပြိုလဲနိုင်တဲ့ အခြေအနေကို ရှောင်ရှားရေး ကုလသမဂ္ဂရဲ့ ဘဏ္ဍာရေး စည်းမျည်းတွေကို ပြုပြင် ပြောင်းလဲရေး ဂူတာရက်စ်က စာရေး အကြောင်းကြားထားပါတယ်။

ကုလသမဂ္ဂကို အဓိက ရန်ပုံငွေ ထောင်ပံ့ပေးနေတဲ့ အမေရိကန်က အခွန်ထမ်း ပြည်သူတွေရဲ့ ငွေကို ဖြုန်းတီးနေတာ ဖြစ်တယ်လို့ ပြောဆိုပြီး အေဂျင်စီ အများအပြားကနေ နုတ်ထွက်ပြီးတော့ ကုလသမဂ္ဂ အတွက် ရန်ပုံငွေတွေကို ဖြတ်တောက်လိုက်ပြီးနောက်မှာ ဂူတာရက်စ်ရဲ့ အခုလို သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တခြား အဖွဲ့ဝင် နိုင်ငံတွေကလည်း ရန်ပုံငွေ ထည့်ဝင်ပေးဖို့ ငြင်းဆိုနေကြကြောင်း ဂူတာရက်စ်က ပြောပါတယ်။

၂၀၂၅ နှောင်းပိုင်းမှာ ကုလသမဂ္ဂ အထွေထွေညီလာခံက သူတို့ရဲ့ ဘဏ္ဍာရေးစနစ်ကို တစ်စိတ်တစ်ပိုင်း ပြောင်းလဲဖို့ အတည်ပြုခဲ့ပေမယ့် ရန်ပုံငွေ လက်ခံ ရရှိမှု မရှိတာကြောင့် ကြီးမားတဲ့ ဘဏ္ဍာရေးဆိုင်ရာ အကြပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။

ဂျီနီဗာရှိ ကုလသမဂ္ဂ ဌာနချုပ်မှာ လက်ရှိ အခြေအနေနဲ့ပတ်သက်လို့ သတိပေးချက်တွေ နေရာတိုင်းမှာ ချိတ်ဆွဲထားပါတယ်။

ကုလသမဂ္ဂအနေနဲ့ အတိတ်ကလည်း ဘဏ္ဍာရေး ပြဿနာနဲ့ ရင်ဆိုင်ခဲ့ရဖူးပေမယ့် အခု တစ်ခါ ကြုံရတဲ့ ပြဿနာက အရင်ကနဲ့ ခြားနားကြောင်း ဂူတာရက်စ်က အဖွဲ့ဝင် ၁၉၃ နိုင်ငံဆီ ပေးပို့တဲ့ စာမှာ ရေးသားထားပါတယ်။

၂၀၂၅ အတွင်း ကုလသမဂ္ဂသို့ ပေးဆောင်ရမယ့် ရန်ပုံငွေ စုစုပေါင်းရဲ့ ၇၇ ရာခိုင်နှုန်းကို လက်ခံရရှိခဲ့ပြီး ပမာဏ အများကြီး ပေးသွင်းမှု မရှိခဲ့ဘူးလို့ ဂူတာရက်စ်က ပြောပါတယ်။

ကုလသမဂ္ဂ အေဂျင်စီတွေအနေနဲ့ လူသားချင်း စာနာထောက်ထားရေးအတွက် သူတို့ တောင်းခံတဲ့ ရန်ပုံငွေ ပမာဏအတိုင်း လက်ခံ ရရှိလေ့ မရှိပေမယ့် ပြီးခဲ့တဲ့ ၁၂ လတာ ကာလအတွင်း အခက်အခဲ ကြုံတွေ့ခဲ့ရပါတယ်။

၂၀၂၅ ခုနှစ်အတွင်း အမေရိကန်က ပုံမှန် ထည့်ဝင်ပေးရမယ့် ရန်ပုံငွေ ပမာဏကို ကုလသမဂ္ဂသို့ မပေးခဲ့ဘဲ ဇန်နဝါရီလအတွင်း သမ္မတ ဒေါ်နယ် ထရန့်က အမေရိကန်ကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အများကြီးကနေ နုတ်ထွက်ခဲ့ပါတယ်။

ဗြိတိန်နဲ့ ဂျာမနီတို့လို အဓိက ရန်ပုံငွေ ထောက်ပံ့နေတဲ့ နိုင်ငံတွေကလည်း ရန်ပုံငွေ သိသိသာသာ လျှော့ချကြောင်း ကြေညာထားပါတယ်။

ထရန့်က ကုလသမဂ္ဂရဲ့ တာဝန် တချို့ကို သူ့ရဲ့ ငြိမ်းချမ်းရေး ဘုတ်အဖွဲ့က လွှဲပြောင်းယူဖို့ လုပ်ဆောင်နေကြောင်း ဝေဖန်သူတွေက ပြောထားပါတယ်။

အမေရိကန်ဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကနေ နုတ်ထွက်ခဲ့ပြီး ၂၀၂၄ နဲ့ ၂၀၂၅ အတွင်း ပေးဖို့ တာဝန်ရှိတဲ့ ရန်ပုံငွေတွေကို မပေးခဲ့ဘူးလို့ WHO က ပြောပါတယ်။

တခြား အေဂျင်စီတွေ အများကြီးလည်း ရန်ပုံငွေ အမြောက်အများ လျှော့ချခံထားရပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာ စီမံကိန်းမှာလည်း ရန်ပုံငွေတွေ လျှော့ချခံထားရပြီး ကမ္ဘာမှာ အဆိုးရွားဆုံးလို့ ဆိုနိုင်တဲ့ ဆူဒန် ပဋိပက္ခအတွက် လူသားချင်း သာနာထောက်ထားရေး အကူအညီ ပေးဖို့ အခက်ကြုံနေပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.