မော်လမြိုင် ၊ ဇန်နဝါရီ ၃၁

ကျွန်တော် မလုပ်ရဲတာ ဘာမှမရှိဘူးဆိုတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ရဲ့ အာဏာသိမ်းမှုဟာ ကဏ္ဍအစုံ ပျက်စီးယိုယွင်းမှုနဲ့အတူ များစွာသော ပြည်သူတွေရဲ့ ဘဝတွေ အသက်တွေ ခြွေရင်း ဇာတ်သိမ်းခန်းကို ရောက်ရှိလာပါပြီ။

လွန်ခဲ့တဲ့ ၅ နှစ် နိုင်ငံ့အာဏာသိမ်းယူခဲ့ချိန်မှာ စစ်တပ်က အရေးပေါ်ကာလဆိုင်ရာ ပြဌာန်း ချက်တွေနဲ့အညီ ဆောင်ရွက်ပြီးရင် ရွေးကောက်ပွဲကျင်းပကာ ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံ့တာဝန် လွှဲပြောင်းပေးမယ်လို့ ကြွေးကြော်ထားတာပါ။

လက်ရှိမှာ ပါတီစုံဒီမိုကရေစီအမည်ခံ ရွေးကောက်ပွဲကို စစ်တပ်က ဦးဆောင်ကျင်းပခဲ့ပြီး မတ်လမှာ တတိယအကြိမ် လွှတ်တော်ခေါ်ယူမှာဖြစ်လို့ အခုကတည်းက သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်မှုလုပ်ငန်းတွေကို လုပ်ဆောင်နေပါတယ်။

တတိယအကြိမ် လွှတ်တော်အသီးသီးရဲ့ ပထမပုံမှန်အစည်းအဝေးတွေကို အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဇန်နဝါရီ ၂၉ ရက်နေ့က လွှတ်တော်အစည်းအဝေးများကျင်းပရေးဗဟိုကော်မတီရဲ့ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဝန်ကြီးချုပ် ဦးညိုစောက ဗဟိုကော်မတီဥက္ကဋ္ဌအဖြစ် တာဝန်ယူ ပြုလုပ်ခဲ့ပါတယ်။

အပိုင်းသုံးပိုင်းနဲ့ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲရလဒ်အရ စစ်တပ်ကျောထောက် နောက်ခံ ကြံ့ခိုင်ရေးပါတီကပဲ လွှတ်တော်မှာ ခုံနေရာအများအပြား လွှမ်းမိုးထားတာမို့ စစ်ဗိုလ်ချုပ်တွေနဲ့ ပေါင်းပြီး အစိုးရဖွဲ့ကာ နိုင်ငံ့အာဏာကို လွှဲပြောင်းရယူမယ့် အခင်းအ ကျင်းပါ။

ဒါဟာ ၂၀၂၀ ရွေးကောက်ပွဲမဲမသမာမှု အကြောင်းပြချက်နဲ့ နိုင်ငံ့အာဏာကို သိမ်းယူခဲ့တဲ့ စစ်တပ်ရဲ့ အသွင်ပြောင်း အစိုးရအဖွဲ့ဖြစ်တဲ့ စစ်ကောင်စီနဲ့ စစ်ကော်မရှင်ရဲ့ ရှေ့လုပ်ငန်း စဉ် ၅ ရပ်ထဲက နောက်ဆုံးအချက်ကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်က စစ်တပ်အသိုင်းဝိုင်းကနေ အာ ဏာ လွတ်ထွက်မသွားအောင် သမိုင်းတလျှောက်လုံး လုပ်ဆောင်နေတဲ့ ပုံစံဖြစ်လို့ အရပ် သားအစိုးရလက်ထဲ အာဏာရလာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

“ဒါကတော့ ရိုးရှင်းပါတယ်။ တလျှောက်လုံး စစ်တပ်လုပ်နေတဲ့ ပုံစံပါပဲ။ အာဏာကို ဘယ်လက်ကနေ ညာလက်ပြောင်းမယ်။ ညာလက်ကနေ ဘယ်လက်ကို ပြောင်းမယ်။ဒီလိုမျိုးပဲ သူတို့ လုပ်နေပြီးတော့မှ အာဏာကို သူတို့လက်ထဲက လွတ်ထွက်မသွားအောင်လို့ မြန်မာပြည်မှာ စစ်အာဏာရှင်စနစ်ကို တစ်လျှောက်လုံး အုပ်စိုးလို့ရအောင် လုပ်တဲ့ ပုံစံပါပဲ။ဒါက အရပ်သားအစိုးရပေါ်လာတာ မဟုတ်သလို ပြည်သူ့လက်ထဲကို ပြည်သူရွေး ကောက်တင်မြှောက်ထားတဲ့ အစိုးရလက်ထဲကို အာဏာရလာတာလည်း မဟုတ်ပါဘူး။စစ်တပ်ရဲ့ အာဏာကို ဘယ်လက်ကနေ ညာလက်ကို ပြောင်းတဲ့ ပုံစံပါပဲဗျ”လို့ ဆိုပါတယ်။

မကြာခင်ရက်ပိုင်းအတွင်း ရောက်ရှိမယ့် ဖေဖော်ဝါရီ ၁ ရက်နေ့ဟာ စစ်အာဏာသိမ်းမှု ၅ နှစ်တာ ပြည့်မြောက်တော့မှာဖြစ်ပြီး ဆယ်စုနှစ်တစ်ခုရဲ့ ထက်ဝက်တာကာလမှာ ပြည် တွင်းစစ်မီးဟာ အပြင်းထန်ဆုံး တောက်လောင်ခဲ့တာပါ။

အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ အလွှာပေါင်းစုံက လူထုကို စစ်တပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေကနေ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်မှုတွေဟာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေး လက်နက်ကိုင်တိုက်ပွဲဆီ ဦးတည်တွန်းပို့ခဲ့ပါတယ်။

နိုင်ငံပိုင်ရုပ်သံကနေ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်တွေနဲ့အညီ ဆောင်ရွက်ပြီးရင် ရွေးကောက်ပွဲကျင်းပကာ နိုင်ငံ့အာဏာကို ပြန်လည်လွှဲပြောင်းမယ်လို့ ကြေညာခဲ့တဲ့ စစ်တပ်ဟာ အရေးပေါ်ကာလကို အကြိမ်ကြိမ် တိုးယူခဲ့တာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ဦးဆောင်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူကာ နိုင်ငံကို အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး စစ်ကောင်စီကို ဖွဲ့စည်းကာ တစ်နှစ်အာဏာလွှဲယူခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း နိုင်ငံပိုင်သတင်းစာတွေကနေ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ကို နေ့စဉ်နဲ့အမျှ ဖော်ပြခဲ့ပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်‌ရေး လက်နက်ကိုင်တိုက်ပွဲတွေလည်း နိုင်ငံအနှံ့ ကျယ်ပြန့်လာခဲ့ပါတယ်။

ရှေ့လုပ်ငန်းစဉ်ရဲ့ နံပါတ်တစ်ဖြစ်တဲ့ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ပြည်‌ ထောင်စုတဝန်း တည်ငြိမ်အေးချမ်းကာ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် လုပ်ဆောင်သွားမယ်လို့ အတိအလင်း ကြေညာထားတာပါ။

အဲဒီနောက်ပိုင်း အရေးပေါ်သက်တမ်း ၆ လ ကို နှစ်ကြိမ်သာ တိုးခွင့်ရှိတဲ့အပေါ် နိုင်ငံမတည်ငြိမ်မှု အကြောင်းပြချက်နဲ့ ထပ်မံ တိုးယူလာခဲ့ပြီး ၂၀၂၃ ခုနှစ် ဩဂုတ်မှာ ရွေး ကောက်ပွဲကျင်းပဖို့ ပြောခဲ့ဖူးပေမယ့် လက်တွေ့ မှာ ဖြစ်မလာခဲ့ပါဘူး။

၂၀၂၃ ခုနှစ် နှောင်းပိုင်းမှာတော့ ရှမ်းမြောက်မှာ စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်တပ်သမိုင်းကို တဆစ်ချိုး ပြောင်းလဲပေးခဲ့ပြီး တိုင်းစစ် ဌာနချုပ်တွေအပါအဝင် တပ်စခန်းတွေနဲ့အတူ နယ်မြေများစွာ လက်လွှတ်ခဲ့ရပါတယ်။

ဒါပေမယ့် အိမ်နီးချင်း တရုတ်အစိုးရကနေ မြန်မာ့အရေး ကြားဝင်ညှိနှိုင်းလာမှုကြောင့် ပြိုလဲလုနီးပါးဖြစ်နေတဲ့ စစ်တပ်ကို တဖန်ပြန်လည် နိုးထလာနိုင်အောင် ကျားကန်ပေးခဲ့တဲ့အတွက် စစ်တပ်အနေနဲ့ သက်သာရာရခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အရေးပေါ်အခြေအနေကို ၆ လ တစ်ကြိမ် ဆက်တိုက် တိုးလာခဲ့တာ ၂၀၂၅ ခုနှစ် ဇူလိုင် ၃၁ ရက်နေ့မှာတော့ အဆုံးသတ်ခဲ့ပါတယ်။ ကြေညာထားတဲ့ အရေးပေါ်အ ခြေအနေကိုလည်း ပယ်ဖျက်ခဲ့ပြီး ရွေးကောက်ပွဲကျင်းပဖို့ အာဏာသုံးရပ်လုံးကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီထံ ပြန်လည် လွှဲအပ်ခဲ့တာပါ။

တစ်ဘက်မှာ နိုင်ငံကာကွယ်ရေး၊ လုံခြုံရေးနဲ့ အေးချမ်းရေး အပါအဝင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ညှိနှိုင်းလုပ်ဆောင်ဖို့ စစ်ကော်မရှင်ကို ဖွဲ့စည်းကာ ကာလုံမှာ ယာယီသမ္မတရာထူးနဲ့ ကိုယ့်ဘာသာခန့်အပ်ထားတဲ့ စစ်ခေါင်းဆောင်ကပဲ ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပါတယ်။

အာဏာသိမ်းမှု ၅ နှစ်နီးပါးအကြာမှသာ ၂၆၇ မြို့နယ်မှာ အပိုင်းလိုက်စနစ်နဲ့ ရွေး‌ကောက်ပွဲကျင်းပနိုင်ခဲ့ပြီး မိတ်ဘက်နိုင်ငံကလွဲရင် စစ်အာဏာရှင်စနစ်ဆန့်ကျင်သူတွေနဲ့ ကုလသ မဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကတော့ အတုအယောင်အဖြစ် ရှုမြင်ထားကြပါတယ်။

မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း ပရိုဂရမ် ဒါရိုက်တာ နိုင်အဲမွန်က ဒီမိုကရေစီခေါင်း စဉ်အောက်ကနေ စစ်အုပ်ချုပ်ရေးစနစ်ကို သွတ်သွင်းပြီး စစ်ဗိုလ်ချုပ်တွေကပဲ အမျိုး သား နိုင်ငံရေးကို ရာသက်ပန် ဦးဆောင်မယ့်အခင်းအကျင်းလို့ ထောက်ပြပါတယ်။

“အသွင်ပြောင်း စစ်အုပ်စုတဖြစ်လဲ ကြံ့ခိုင်ရေးပါတီကနေပြီးတော့ သွားမယ့် အစိုးရသစ်ဖြစ်လာမယ်။ ဆိုတဲ့အခါကျတော့ ရာသက်ပန် ဒီနိုင်ငံကို စစ်အုပ်ချုပ်ရေးစနစ်အောက်ကို သွတ်သွင်းလိုက်တဲ့ သဘောမျိုး ဖြစ်ပါတယ်။ ဒါဟာ ဘယ်တော့မှ ဖက်ဒရယ်ဒီမိုကရေစီသော်လည်းကောင်း အဓိပ္ပာယ်ပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ထွန်းကားရေးသော်လည်း ကောင်း ဒီနိုင်ငံမှာ ဖြစ်လာဖို့ အခြေအနေ မရှိတော့ပါဘူး။ဆိုတော့ အမျိုးသားနိုင်ငံရေးကို ရာသက်ပန် ဦးဆောင်မယ်ဆိုတဲ့ အခြေအနေကလည်း အဲဒီ Mindsets ပါပဲ”လို့ ဆိုပါတယ်။

သမ္မတလုပ်ဖို့ အာသီသရှိတဲ့ စစ်ခေါင်းဆောင်ကတော့ ရွေးကောက်ပွဲပြီးတဲ့ကာလမှာ ထွက်ပေါ်လာမယ့်အစိုးရကို နိုင်ငံ့တာဝန်တွေ လွှဲပြောင်းပေးအပ်ပြီး ဒုတိယစာမျက်နှာကို အကောင်းဆုံးဖြစ်အောင် ထမ်းဆောင်နိုင်ရေး ဆက်လုပ်သွားမယ်လို့ အသိပေးထားတာပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုကနေ ရရှိလာတဲ့ ၄၃ ချက်ကို သဘောတူညီခဲ့ကြပြီးဖြစ်လို့ လာမယ့် လွှတ်တော်မှာ ဆွေးနွေးပြီး ဥပဒေနဲ့အညီ ဆက်လုပ်သွားမယ်လို့ ၂၀၂၆ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောဆိုခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတွေဖြစ်တဲ့ အမျိုးသားညီညွတ်‌ရေးအစိုးရ NUG အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ PDF တွေကတော့ စနစ်ပြောင်းတော် လှန်ရေးကို ဦးတည်တာဖြစ်လို့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးအတွက် ဆက်လက် တိုက်ပွဲဝင်နေဆဲ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.