နေပြည်တော်၊ ဇန်နဝါရီ ၃၀

တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့နယ်ပေါင်း ၆၃ မြို့နယ်ကို အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်း ထပ်တိုးလိုက်တယ်လို့ စစ်ကော်မရှင်က ဇန်နဝါရီ ၂၉ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့နှစ် ဇူလိုင် ၃၁ ရက်နေ့က အရေးပေါ် အခြေအနေနဲ့ စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားတဲ့ အဲဒီမြို့နယ်တွေကို ဇန်နဝါရီ ၂၉ ရက်နေ့ကစပြီး ရက်ပေါင်း ၉၀ သက်တမ်း ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့် ကြေညာထားတဲ့ မြို့နယ်တွေရဲ့ လုပ်ပိုင်ခွင့်နဲ့တာဝန်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တာဝန်အပ်နှင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းထပ်တိုးထားတဲ့ မြို့နယ်တွေမှာ ရှမ်းပြည်နယ်က ၁၅ မြို့နယ်၊ ရခိုင်ပြည်နယ်က ၁၄ မြို့နယ်၊ စစ်ကိုင်းတိုင်းက ၉ မြို့နယ်၊ ချင်းပြည်နယ်က ၇ မြို့နယ်၊ ကချင်နဲ့ မကွေးတိုင်းက ၅ မြို့နယ်စီ၊ ကရင်နီနဲ့မန္တလေးတိုင်းက ၃ မြို့နယ်စီ၊ ကရင်ပြည်နယ်က ၂ မြို့နယ် ပါဝင်ပါတယ်။

စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းထပ်တိုးထားတဲ့ ကာလဟာ စစ်ဗိုလ်ချုပ်တွေ ဦးဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးပါတီ အစိုးရသစ် ပေါ်လာမယ့်အချိန်ထိ အသက်ဝင်မှာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း စစ်အုပ်ချုပ်ရေးအမိန့် သက်တမ်းထပ်တိုးထားတဲ့ မြို့နယ်အများစုမှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.