မနီလာ၊ ဇန်နဝါရီ ၃၀

မြန်မာနိုင်ငံမှာ စစ်တပ် အုပ်ချုပ်မှုအောက် မကြာသေးခင်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အာဆီယံ အဖွဲ့ဝင် ၁၁ နိုင်ငံက အသိအမှတ်ပြုမှာ မဟုတ်ကြောင်း လက်ရှိဥက္ကဋ္ဌ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။

သုံးကြိမ်ခွဲပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အာဆီယံအဖွဲ့က လက်ခံအတည်ပြုပေးမှာ မဟုတ်ဘူးလို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရိုက ဇန်နဝါရီ ၂၉ ရက်မှာ ပြောတာပါ။

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ဆီဘူးမြို့မှာ ကျင်းပတဲ့ အခုနှစ် ပထမဆုံး အာဆီယံဝန်ကြီးများအဆင့် အစည်းအဝေး ကျင်းပပြီးနောက်မှာ ဝန်ကြီး လာဇာရိုက အခုလိုမျိုး ပြောဆိုလာတာပါ။

မြန်မာ ရွေးကောက်ပွဲကို အာဆီယံက အသိအမှတ်မပြုဘူးလားလို့ မေးမြန်းရာမှာ လာဇာရိုက အခုအထိတော့ အသိအမှတ် မပြုပါဘူးလို့ ဖြေပါတယ်။

မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးသွားပြီ ဖြစ်တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အာဆီယံက ဘုံသဘောတူညီမှု ရယူဖို့ ပျက်ကွက်ခဲ့ကြောင်း ဖိလစ်ပိုင် သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဝန်ကြီး လာဇာရိုကတော့ အာဆီယံက အသိအမှတ် မပြုဘူးလို့ပဲ ပြောကြားပြီး အသေးစိတ် ပြောဆိုထားတာ မရှိသေးပါဘူး။

အာဆီယံက ရွေးကောက်ပွဲကို အသိအမှတ်မပြုတာဟာ စစ်ခေါင်းဆောင်တွေအတွက် ကြီးမားတဲ့ ထိုးနှက်ချက် တစ်ခု ဖြစ်လာနိုင်ပါတယ်။

စစ်တပ် အာဏာသိမ်းမှု တရားဝင် ဖြစ်ရေး စစ်ခေါင်းဆောင်တွေက နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိစေဖို့ မျှော်လင့်ချက်နဲ့ ရွေးကောက်ပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

လောလောဆယ်မှာ စစ်တပ်ကိုယ်စားပြု ကြံခိုင်ဖွံ့ဖြိုးရေး ပါတီက အမတ်နေရာ အများစု အနိုင်ရထားကြောင်း ကြေညာထားပါတယ်။

တရားဝင် ရလဒ်တွေ အခု သီတင်းပတ်ထဲ ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပြီး စစ်တပ်က လာမယ့် မတ်လမှာ အစိုးရဖွဲ့မယ်လို့ အရင်က ပြောဆိုထားပါတယ်။

အဓိက အတိုက်အခံ ပါတီတွေကို တားမြစ်တာ ဒါမှမဟုတ် ဖျက်သိမ်းတာတွေ လုပ်ထားပြီး အတိုက်အခံ နိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချထားချိန်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲဟာ အတုအယောင် ရွေးကောက်ပွဲ ဖြစ်ကြောင်း ကုလသမဂ္ဂကရော လူ့အခွင့်အရေး အဖွဲ့တွေကပါ ပြစ်တင် ရှုတ်ချထားပါတယ်။

Ref:Aljazeera

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.