ဘီးလင်း၊ ဇန်နဝါရီ ၃၁
မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဖိုးဝသိမ်ကျေးရွာ စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ဒရုန်းနဲ့လာရောက် ဗုံးကြဲသွားတာကြောင့် ကျောင်းဆောင်အဆောက်အဦးတွေ ထိမှန်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဘီးလင်းမြို့နယ် သံတံတားစစ်ဆေးရေးဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကော်မရှင်တပ်ဟာ ဇန်နဝါရီ ၂၉ ရက်နေ့ မနက် ၁၁ နာရီအချိန်လောက်မှာ ဖိုးဝသိမ်ကျေးရွာက မူလတန်းကျောင်းကို ဒရုန်းနဲ့ဗုံးသုံးလုံး လာရောက်ကြဲချသွားတာပါ။
ဗုံးကြဲခံရတာကြောင့် စာသင်ဆောင် နှစ်ဆောင် ထိမှန်ပျက်စီးခဲ့ပြီး ကျောင်းဆောင် တစ်ဆောင်မှာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံး ကျန်ရှိနေတယ်လို့ ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကော်မရှင်တပ်ဟာ ကျေးရွာထဲမှာ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF တွေ ရှိနိုင်တယ်ဆိုတဲ့ ယူဆချက်ကြောင့် ဒရုန်းနဲ့ဗုံးကြဲတာ ဖြစ်နိုင်တယ်လို့ သိရပါတယ်။
အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ဖိုးဝသိမ်ကျေးရွာအုပ်စုမှာ စစ်ကော်မရှင်တပ်က ဒရုန်းအပါအ ဝင် လက်နက်ကြီးတွေ မကြာခဏဆိုသလို ပစ်ခတ်နေတာကြောင့် ရွာလုံးကျွတ်နီးပါး နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ကော်မရှင်တပ် ဒရုန်းနဲ့ ဗုံးကြဲခဲ့တဲ့ ဖိုးဝသိမ်ကျေးရွာဟာ ကရင်အမျိုးသားအစည်း အရုံး KNU တပ်မဟာ(၁) သထုံခရိုင် အုပ်ချုပ်နယ်မြေက ကျေးရွာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် အလူးကြီးကျေးရွာမှာ စစ်ကော် မရှင်တပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြေးအဖွားနှစ်ဦး သေဆုံးပြီး အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

