တိုင်ပေ၊ ဇန်နဝါရီ ၃၀
ထိုင်ဝမ်က သူတို့ရဲ့ ပထမဆုံး ပြည်တွင်းဖြစ် ရေငုပ်သင်္ဘောကို ဇန်နဝါရီ ၂၉ ရက်က ပင်လယ်ရေအောက် စမ်းသပ်ခုတ်မောင်းပြီးစီးခဲ့ကြောင်း ကြေညာပါတယ်။
စစ်ဖြစ်လာရင် အရေးပါတဲ့ ပင်လယ်လမ်းကြောင်းတွေကို ကာကွယ်ရေး၊ တရုတ် ရေတပ်ကို တားဆီးနိုင်မယ့် အင်အား ပိုမိုကောင်းမွန်လာစေရေး ရည်ရွယ်တဲ့ စီမံကိန်းအတွင်း အခုလို အောင်အောင်မြင်မြင် စမ်းသပ် မောင်းနှင်နိုင်မှုဟာ သမိုင်းမှတ်တိုင် တစ်ခု ဖြစ်ပါတယ်။

ဘေဂျင်းက သူတို့ပိုင်တဲ့ ဒေသ တစ်ခုလို့ ပြောထားတဲ့ ထိုင်ဝမ်အပေါ် အချုပ်အခြာ အာဏာပိုင်ဆိုင်ကြောင်း ပြသတဲ့အနေနဲ့ ထိုင်ဝမ်ကျွန်းတဝိုက် စစ်ရေးလေ့ကျင့်မှုတွေ မကြာခဏ ပြုလုပ်နေပါတယ်။
တရုတ်ရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ ထိုင်ဝမ်က စစ်အင်အား တိုးမြှင့်ဖို့ ကြိုးပမ်းနေပြီး စစ်တပ်ကို ခေတ်မီအောင် လုပ်ဆောင်နေပါတယ်။

အမေရိကန်နဲ့ ဗြိတိန်အပါအဝင် နိုင်ငံ တချို့ဆီက နည်းပညာ အထောက်အကူ ရယူပြီး ထိုင်ဝမ်က ပထမဆုံး ရေငုပ်သင်္ဘောကို ပြည်တွင်းမှာ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
ထိုင်ဝမ်က ရေငုပ်သင်္ဘော ၈ စီးအထိ ထုတ်လုပ်ဖို့ ရည်မှန်ထားကြီး ဇန်နဝါရီ ၂၉ ရက်က စမ်းသပ် ခုတ်မောင်း ပြီးစီးတဲ့ ရေငုပ်သင်္ဘောကို Narwhalလို့ အမည် ပေးထားပါတယ်။
အဲဒီသင်္ဘောကို ထိုင်ဝမ် ရေတပ်ထံ ၂၀၂၄ ခုနှစ်မှာ ပေးပို့ဖို့ ရည်ရွယ်ထားခဲ့တာ ဖြစ်ပေမယ့် စီမံကိန်း နှောင့်နှေးကြန့်ကြာမှုတွေ ရှိခဲ့ပါတယ်။
ထိုင်ဝမ်မှာ ၁၉၈၀ ပြည့်နှစ်တွေက နယ်သာလန်ဆီက ဝယ်ယူထားတဲ့ ရေငုပ်သင်္ဘော နှစ်စီး ပိုင်ဆိုင်ထား ပြီး ဖြစ်ပါတယ်။
၂၀၂၇ ခုနှစ်ရောက်ရင် ပြည်တွင်းဖြစ် ရေငုပ်သင်္ဘော နှစ်စီး အသုံးပြုနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ထိုင်ဝမ်က ပြောထားပါတယ်။
ဒေါ်လာ ၁ ဒသမ ၅၈ ဘီလီယံ ကုန်ကျတဲ့ ထိုင်ဝမ်ရဲ့ ပထမဆုံး ရေငုပ်သင်္ဘောမှာ အမေရိကန် လော့ခ်ဟီး မာတင် ကုမ္ပဏီထုတ် တိုက်ခိုက်ရေးစနစ်နဲ့ အမေရိကန်ထုတ် Mark 48 ရေအောက်သုံး တော်ပီဒိုတွေ တပ်ဆင်မှာ ဖြစ်ပါတယ်။
ထိုင်ဝမ် စစ်အင်အားဟာ တရုတ်ထက် အများကြီး အားနည်းနေပြီး တရုတ်မှာ လေယာဉ်တင် သင်္ဘော သုံးစီး၊ ပဲ့ထိန်း ဒုံးကျည်တပ် ရေငုပ်သင်္ဘောတွေနဲ့ ကိုယ်ပျောက် တိုက်လေယာဉ်တွေ ပိုင်ဆိုင်ထားပါတယ်။
ထိုင်ဝမ်က တရုတ်ရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရချိန်မှာ ကာကွယ်ရေး အသုံးစရိတ် တိုးမြှင့်သွားမှာ ဖြစ်ကြောင်း ကြေညာထားပါတယ်။
ထိုင်ဝမ်သို့ အမေရိကန်က လက်နက်တွေ ပုံမှန် ရောင်းချပေးနေပြီး တရုတ်က အမြဲ ကန့်ကွက် ရှုတ်ချလေ့ရှိပါတယ်။
ထိုင်ဝမ်ဟာ မိမိတို့ ပိုင်ဆိုင်တဲ့ နယ်မြေ တစ်ခု ဖြစ်ပြီး ပြည်လည် ပေါင်းစည်းရေး လိုအပ်ရင် အင်အားသုံးမယ့်အရေး ပယ်ချမထားဘူးလို့ ဘေဂျင်းက အကြိမ်ကြိမ် ပြောဆိုထာ ပါတယ်။
ဒီမိုကရေစီနည်းနဲ့ ကိုယ်ပိုင် အုပ်ချုပ်နေတဲ့ ထိုင်ဝမ်က မိမိတို့ ကံကြမ္မာကို မိမိတို့ ပြည်သူတွေကပဲ ဆုံးဖြတ်မှာ ဖြစ်ကြောင်း ပြောထားပါတယ်။
ထိုင်ဝမ်က ပိုကြီးမားတဲ့ တရုတ် စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ရရင် ဒရုန်းတွေနဲ့ အလျင်အမြန် ရွေ့လျားနိုင်တဲ့ လက်နက် စနစ်တွေနဲ့ ပြန်လည် ခုခံဖို့ ပြင်ဆင်နေပါတယ်။
Ref:Reuters

