ပုလော၊ ဇန်နဝါရီ ၃၀
နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့ တိုရွာကို စစ်ကော်မရှင်တပ်က မီးတင်ရှို့ခဲ့တယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးအင်အားစုတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၈ ရက်နေ့ ည ၈ နာရီအချိန်ခန့်မှာ စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။
အဲဒီတိုက်ပွဲကြောင့် စစ်ကော်မရှင်တပ်ဟာ လူနေထိုင်မှု မရှိတဲ့ တိုရွာက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာ ဖြစ်ပြီး နေအိမ် ဆယ်နဲ့ချီ မီးလောင်ပျက်စီးထားတယ်လို့ ဆိုပါတယ်။
တိုရွာဟာ ပလမြို့ရဲ့ အမှတ် ၁ ရပ်ကွက်ထဲမှာ ပါဝင်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် မြို့သိမ်းတိုက်ပွဲကြောင့် ဒေသခံတွေ ရွာလုံးကျွတ်နီးပါး အခြားဒေသတွေကို ပြောင်းရွှေ့နေထိုင်နေကြတာပါ။
စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ကလည်း ပလမြို့ အမှတ် ၄ ရပ်ကွက် ဒေသအခေါ် ဆားဖောင်းဆိပ်ပိုင်းက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၈၀ နီးပါး မီးလောင်ပျက်စီးထားပါတယ်။
စစ်ကော်မရှင်တပ်က သူတို့တပ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ လာတိုက်ရင် ပလမြို့က နေအိမ်အားလုံး မီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်ထားတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

