ဘန်ကောက်၊ ဇန်နဝါရီ ၃၀

မြန်မာရဲ့ အရှေ့တောင်အာရှ အိမ်နီးချင်းတွေအနေနဲ့ ရွေးကောက်ပွဲအလွန် စစ်တပ် ထိန်းချုပ်ထားတဲ့ အစိုးရအဖွဲ့သစ်နဲ့ ချိန်ညှိပြီး စေ့စပ် ဆက်ဆံသင့်ကြောင်း ထိုင်းအစိုးရက ဇန်နဝါရီ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။

ဒါက မြန်မာကို ပိုမို ပျော့ပြောင်းတဲ့ သဘောထားနဲ့ ချဉ်းကပ်ဖို့ ထိုင်းက အချက်ပြလိုက်တာ ဖြစ်ပါတယ်။

အာဆီယံ ၁၁ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို လက်ခံ ကျင်းပခဲ့တဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်က အာဆီယံအနေနဲ့ စစ်ခေါင်းဆောင်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲကို လက်မခံပေမယ့် အပြုသဘောဆောင်တဲ့ အချက်တွေ တွေ့ရကြောင်း ပြောပါတယ်။

ဒီဇင်ဘာ ၂၈ ကနေ ဇန်နဝါရီ ၂၅အထိ သုံးကြိမ် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ စစ်တပ်ကိုယ်စားပြု ကြံ့ခိုင်ရေးပါတီက အပြတ်အသတ် အနိုင်ရကြောင်း ကြေညာထားပြီး ကြံ့ခိုင်ရေး ပါတီ ဦးဆောင်တဲ့ အစိုးရသစ် တစ်ရပ် ထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်။

ပြည်တွင်းစစ် ဖြစ်နေချိန် သတ်မှတ်နေရာ တချို့မှာပဲ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ အတိုက်အခံ ပါတီတွေ မပါဝင်နိုင်ခဲ့ဘဲ ကြံ့ခိုင်ရေးပါတီ အနိုင်ရရေး အားလုံး အကွက်ချ စီစဉ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီရွေးကောက်ပွဲဟာ စစ်ခေါင်းဆောင်တွေရဲ့ အာဏာ ဖမ်းဆုပ်ထားမှု ဆက်လက် တည်မြဲရေး ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေ၊ ကုလသမဂ္ဂနဲ့ ဒီမိုကရေစီနိုင်ငံတွေက ပြောဆို ရှုတ်ချထားပါတယ်။

၂၀၂၂ ခုနှစ် ကတည်းက မြန်မာ စစ်ခေါင်းဆောင်တွေကို အာဆီယံ အစည်းအဝေးတွေကနေ တားမြစ်ထားခဲ့ပေမယ့် အကူအညီပေးရေး ဝင်ရောက်ခွင့်နဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေ လျှော့ချရေး သတ်မှတ်ချက် တချို့နဲ့ ကိုက်ညီမယ်ဆိုရင် စေ့စပ် ဆက်ဆံမှုဆီ ဦးတည်သွားနိုင်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက် ဖူအန်ကက်ကွေးက ပြောပါတယ်။

အာဆီယံနဲ့ပတ်သက်လို့ မြန်မာနိုင်ငံမှာ နောင်တက်လာမယ့် အစိုးရက အပြုသဘော တုံ့ပြန်မယ်လို့ မျှော်လင့်ကြောင်းလည်း သူက ဖြည့်စွက် ပြောပါတယ်။

အာဆီယံအဖွဲ့ဝင် တချို့က မြန်မာနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်တွေကို လေ့လာနေဆဲ ဖြစ်ကြောင်း ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး၊ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ထရီဆာ လာဇာရိုက ပြောပါတယ်။

ဒါက ထောက်ခံကြောင်း ဖော်ပြချက် မဟုတ်ပေမယ့် ရွေးကောက်ပွဲတွေဟာ အပြုသဘောဆောင်တဲ့ လက္ခဏာ တချို့ ရှိကောင်း ရှိနေနိုင်ပါတယ်လို့ ဝန်ကြီး လာဇာရိုက ဆိုပါတယ်။

ဒါပေမဲ့ မြန်မာနိုင်ငံမှာ အာဆီယံရဲ့ ဘုံ သဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ရေး အာဆီယံက ဆက်လက် တွန်းအား ပေးသွားမှာ ဖြစ်ကြောင်း ဖိလစ်ပိုင်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဆွေးနွေးမှုများ အကောင်အထည် ပေါ်လာစေရေး လူသားချင်း စာနာ ထောက်ထားရေး အကူအညီ ပိုမို ပေးပို့နိုင်ရေး မကြာသေးခင်က ဖိလစ်ပိုင်ဟာ မြန်မာ့ တော်လှန်ရေး အင်အားစုတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

စစ်ခေါင်းဆောင်တွေ ကျင်းပတဲ့ ရွေးကောက်ပွဲမှာ ကြိုတင် တွက်ချက်ထားတဲ့အတိုင်း ကြံ့ခိုင်ရေး ပါတီက အနိုင်ရရှိခဲ့ပြီး ဖွဲ့စည်းပုံအရ လွှတ်တော် အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို စစ်တပ်က ခန့်အပ်သွားမှာ ဖြစ်တာကြောင့် စစ်တပ်အလိုကျ ဥပဒေ အားလုံး ပြဌာန်းနိုင်မှာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.