မော်လမြိုင်၊ ဇန်နဝါရီ ၃၁

ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေမှာ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂၀၀၀ နီးပါး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ဇန်နဝါရီ ၃၀ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် KNLA ၊ ကရင်အမျိုးသားကာကွယ်ရေး KNDO ဦးဆောင်တဲ့ တော်လှန် ရေးတပ်ဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲ အကြိမ် ၂၃၀၀ ကျော် ဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကော်မရှင်ဘက်က တပ်ရင်းမှူး နှစ်ဦးအပါအဝင် စစ်ကော်မ ရှင်တပ်ဖွဲ့ဝင် ၁၉၇၄ ဦး သေဆုံးခဲ့ပြီး ၁၆၅၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်တပ်စခန်း ၁၇ ခုကို ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး ထောက်ပို့ယာဉ် ၄၂ စီး ဖျက်ဆီးနိုင်ခဲ့သလို လက်နက်ချ အလင်းဝင်တဲ့ တပ်ဖွဲ့ဝင် ၂၁၄ ဦး ရှိတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

တစ်နှစ်အတွင်း KNLA ဦးဆောင်တဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ရဲဘော် ၁၀၈ ဦး ကျဆုံးပြီး ၃၈၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်းမှာ ၂၀၂၅ ခုနှစ် တစ်နှစ်အတွင်း နှစ်ဖက်တိုက်ပွဲပေါင်း ၇၀၀၀ ကျော် ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲတွေအတွင်း အာဏာသိမ်း စစ်တပ်အင်အား တစ်သောင်းနီးပါး ပြုန်းတီးခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲတွေအတွင်း စစ်ကော်မရှင်တပ်က ၅,၆၉၉ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူ ၂,၇၂၆ ဦး၊ သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ ၁,၁၂၄ ဦး ၊ စုစုပေါင်း ပြုန်းတီးအင်အား ၉,၅၄၉ ဦးရှိတယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.