သထုံ၊ ဇန်နဝါရီ ၂၉
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့မှာ ရော်ဘာခြံလုပ်သား လူငယ် သုံးဦးဟာ ဆိုင်ကယ်တစ်စီးကို သုံးယောက် စီးနင်းမိတာကြောင့် ငွေကျပ်သိန်း ၁၀၀ စီ အတောင်းခံရတယ်လို့ မိသားစုနဲ့နီးစပ်သူတွေထံကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ ရက်နေ့ ညနေပိုင်းက ရော်ဘာခြံလုပ်ငန်းကနေ ပြန်လာတဲ့ လူငယ် သုံးဦးဟာ သုဝဏ္ဏဝတီမြို့အဝင် မော်လမြိုင် – ရန်ကုန်လမ်းပိုင်းမှာ စစ်ကော်မရှင်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို ခံလိုက်ရတာပါ။
ဖမ်းဆီးခံလိုက်ရတဲ့ လူငယ်တွေဟာ အသက် ၂၀ ကျော်အရွယ်ဖြစ်တဲ့ မောင်မိုးဝင်းအောင်၊ မောင်နေလင်းအောင်နဲ့ မောင်ပြည့်စုံအောင်တို့ ဖြစ်ပါတယ်။
စစ်ကော်မရှင်ဘက်ကတော့ သူတို့ သုံးဦးဟာ အမျိုးသား နှစ်ဦး ဆိုင်ကယ်အတူ မစီးရဆိုတဲ့ ဒေသန္တ ရအမိန့်ဖောက်ဖျက်မှု စွပ်စွဲချက်နဲ့ ဖမ်းဆီးပြီးနောက် သထုံမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်။
အဲဒီနောက် ဖမ်းဆီးခံရတဲ့ လူငယ်တွေကို စစ်မှုထမ်း အပို့မခံချင်ပါက တစ်ဦးလျှင် ငွေကျပ် သိန်း ၁၀၀ စီ ပေးဆောင်ဖို့ မိသားစုထံ စစ်ကော်မရှင်တပ်၊ ရဲတပ်ဖွဲ့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူတွေက ခြိမ်းခြောက်လာတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်း ခြိမ်းခြောက်ခံရတာကြောင့် ငွေကြေးတက်နိုင်တဲ့ မောင်နေလင်းအောင်နဲ့ မောင်ပြည်စုံအောင်တို့ရဲ့ မိဘတွေက တစ်ဦးလျှင် ကျပ်သိန်း ၇၀ စီပေးကာ ပြန်လည်ရွေးယူသွားတယ်လို့ သိရပါတယ်။
ဒါပေမယ့် မောင်မိုးဝင်အောင်ဟာ ငွေကြေးမပြေလည်ဘဲ မိခင်မုဆိုးမနဲ့နေထိုင်တာကြောင့် ငွေမပေးနိုင်လို့ ပြန်မလွှတ်ပေးဘဲ သထုံမြို့ စည်ပင်ရုံးအနားက စစ်မှုထမ်းပေါ်တာ ဖမ်းဆီးထားသူတွေ ထားတဲ့ နေအိမ်မှာ ချုပ်နှောင်ခံထားရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ မောင်မိုးဝင်အောင်ရဲ့ မိခင်ဖြစ်သူ သထုံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ အသနားခံစာတင်ထားပေမယ့် ငွေမပေးရင် ပြန်မလွှတ်ပေးဘူးဆိုတာကြောင့် အခက်ကြုံနေရတယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာ စစ်ကော်မရှင်ဟာ လစဉ် စစ်မှုထမ်း သင်တန်းတွေ ဖွင့်လှစ်နိုင်ဖို့အတွက် လူငယ်တွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖမ်းဆီးပြီး စစ်မှုထမ်း တပ်သားစုဆောင်းတွေ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

