မော်လမြိုင် ၊ ဇန်နဝါရီ ၃၀
မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခလျော့ပါးချုပ်ငြိမ်းရေးအတွက် NCA ဟာ ဒီကနေ့အထိ အရေးပါနေဆဲလို့ စစ်ကော်မရှင်က ပြောဆိုနေပေမယ့် အပစ်ရပ်မဟာမိတ် ၇ ဖွဲ့ကတော့ ရွေးကောက်ပွဲအလွန် အင်အားစုတွေ အားလုံးပါဝင်တဲ့ တွေ့ဆုံရေးဟာ အဓိကကျတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်တပ်အာဏာသိမ်းမှုကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် စတင်အကောင်အ ထည်ဖော်ခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA မှာ ပါတဲ့ လုပ်ငန်းစဉ်တွေအားလုံး ရပ်တန့်ခဲ့ရတာ ဒီကနေ့အထိပါ။
ဒါကို စစ်ကော်မရှင်က NCA သဘောတူစာချုပ်ဟာ အရေးပါတဲ့ အောင်မြင်မှုတွေ ရှိခဲ့ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တိုးတက်မှုအတွက် ဒီကနေ့အထိ အရေးပါနေဆဲဖြစ်တဲ့အတွက် NCA သဘောတူညီချက်တွေကို လက်တွေ့အသုံးချ အကောင်အထည်ဖော်သွားရမယ်လို့ ဒီရက်ပိုင်းအတွင်း ထုတ်ပြောထားတာပါ။
အပစ်ရပ် မဟာမိတ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က ၂၀၂၁ အလွန် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခင်းအကျင်းဟာ လေးနက်ကျယ်ပြန့်တဲ့အပေါ် တွေ့ဆုံဆွေးနွေးရေးဟာ NCA လမ်းကြောင်းအတိုင်း ဒါမှမဟုတ် အဲဒီထက်ကောင်းတဲ့ လမ်းကြောင်းသစ်တစ်ခုလို့ ပြောပါတယ်။
“NCA လမ်းကြောင်းအတိုင်းဆိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ သို့သော်လည်းပဲ ဒီနိုင်ငံရဲ့ ပြဿနာကို ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် အမှန်တကယ် လိုအပ်နေတဲ့ နိုင်ငံ ရေးတွေ့ဆုံဆွေးနွေးမှုဆိုတာက NCA လမ်းကြောင်းအတိုင်းလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဒါမှမဟုတ်ရင်လည်းပဲ NCA ထက် ကောင်းတဲ့ လမ်းကြောင်းအသစ်တစ်ခုဆိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ အဓိကတော့ ဒီပဋိပက္ခထဲမှာ ပါဝင်ပတ်သက်နေတဲ့ အင်အားစုတွေအားလုံး ပါဝင်ပြီးတော့ တွေ့ဆုံစကားပြောနိုင်တဲ့ အခင်းအကျင်းက ဒါ အဓိက ကျတယ်လို့ ထင်ပါတယ်ခင်ဗျ။”လို့ ဆိုပါတယ်။
ဒါကြောင့် မကြာခင် ဖြစ်ပေါ်လာမယ့် အစိုးရနဲ့ လွှတ်တော်အခင်းအကျင်းမှာ အပစ်ရပ်မဟာမိတ် ၇ ဖွဲ့ အနေနဲ့ အနာဂတ်ငြိမ်းချမ်းရေးအတွက် အဖွဲ့တွင်း အကြိမ်ကြိမ် ဆွေးနွေးဆုံးဖြတ်ထားတဲ့ အဆိုပြုချက်တွေကို မျှော်လင့်တယ်လို့ ပြောပါတယ်။
အဲဒီအဆိုပြုချက်ဟာ ပြီးခဲ့တဲ့နှစ် ဧပြီနှောင်းပိုင်းမှာ စတုတ္တကြိမ်အဖြစ် အွန်းလိုင်းမှာ ကျင်းပခဲ့တဲ့ အပစ်ရပ်မဟာမိတ် ၇ ဖွဲ့ရဲ့ ဦးဆောင်အဖွဲ့အစည်းအဝေးကနေ ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအစီအစဉ် ငါးရပ်ကို ဆွေးနွေးဆုံးဖြတ်ခဲ့ကြတာပါ။
အစီအစဉ်ထဲမှာ သက်ဆိုင်သူ အစုအဖွဲ့တွေ အားလုံး ကြိုတင်ကန့်သတ်ချက်မထားဘဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်ကြေညာနိုင်အောင် ကြိုးပမ်းလုပ်ဆောင်ပြီး လက် နက်ကိုင်ပဋိပက္ခကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်မယ့် ပလက်ဖောင်းကနေ သက်ဆိုင်သူတွေ အားလုံး ဆွေးနွေးကာ နိုင်ငံရေးသဘောတူညီချက်တွေ ရယူဖို့ပါ။
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ အစိုးရတစ်ရပ်ဖွဲ့စည်းဖို့ အ ပါအဝင် နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ရှေးရှုတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့နဲ့ ဖြစ်ပေါ်လာတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ရွေးကောက်ပွဲကျင်းပဖို့ ဖြစ်ပါတယ်။
အဲဒီလိုမျိုး အဆိုပြုချက်တွေကို အစိုးရနဲ့ တပ်မတော်အပါအဝင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းတွေ သက်ဆိုင်ရာအင်အားစုတွေအာလုံးနဲ့ လုပ်ဆောင်ဖို့ စဉ်းစားထားတယ်လို့ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။
ဒီအတွက်ကြောင့် ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာနိုင်တဲ့ မြန်မာ့နိုင်ငံရေးအခင်းအကျင်းဟာ တွေ့ဆုံးဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာဖို့ ကြိုတင်ပြင်ဆင်ညှိနှိုင်းမှုတွေကို အဖွဲ့အ တွင်း ဆွေးနွေးနိုင်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“ကျွန်တော်တို့ နိုင်ငံအတွက် မရှိမဖြစ် အမှန်တကယ် လိုအပ်နေတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာတဲ့ ယဉ်ကျေးမှုကို ကျွန်တော်တို့ ဘယ် လောက်အထိ ပြန်လည်ပြီးတော့ စွမ်းဆောင်နိုင်မလဲ။ ပြီးတော့ ဘယ် Entry Points ဘယ်အစပျိုးမှုကနေ ဆောင်ရွက်နိုင်မလဲဆိုတဲ့ အခြေအနေအမျိုးမျိုးပေါ်မှာ 7 EAO Alliance အနေနဲ့ လေ့လာသုံးသပ်ပြီးတော့ ဖြစ်ပေါ်လာနိုင်ခြေရှိတဲ့ နိုင်ငံရေးအခင်းအ ကျင်းနဲ့အညီ ကျွန်တော်တို့အနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်နိုင်ဖို့အ တွက် ဒါ ကျွန်တော်တို့ ကြိုတင်ပြင်ဆင်ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ အစည်းအဝေးတစ်ခုလို့တော့ ပြောလို့ရပါတယ် ခင်ဗျ”လို့ ဆိုပါတယ်။
ဇန်နဝါရီ ၂၈ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အပစ်ရပ်မဟာမိတ် ၇ ဖွဲ့ရဲ့ ဦးဆောင်အဖွဲ့အစည်းအ ဝေးမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး စစ်ရေးအခြေအနေတွေနဲ့အတူ ရွေးကောက်ပွဲအလွန် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ အလားလာတွေကို ဆွေးနွေးခဲ့ကြတာပါ။
ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အသွင်ကူးပြောင်းရေးဆိုင်ရာ လမ်းညွှန်မှုတွေ အဖွဲ့ရဲ့ မဟာဗျူဟာဆိုင်ရာ ပြန်လည်သုံးသပ်မှုနဲ့ ပြင်ဆင်မှုဆိုင်ရာ လမ်းညွှန်မှုတွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ လမ်းညွန်မှုတွေကိုလည်း ချမှတ်ပေးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
တစ်ဘက်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးမှုကနေ ရရှိထားတဲ့ သဘောတူညီချက် ၄၃ ချက်ကို ဖြစ်ပေါ်လာမယ့် လွှတ်တော်မှာ ဆွေးနွေးပြီး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ စစ်ကော်မရှင်က အသိပေးထားတာပါ။
ဒါဟာ အာဏာသိမ်းမှုအတွင်း စစ်တပ်ဖွဲ့စည်းခဲ့တဲ့ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီ NSPNC ဦးဆောင်တဲ့ ဆွေးနွေးပွဲတွေကနေ တက်ရောက်ခဲ့ကြတဲ့ အပစ်ရပ်ထိုး တိုင်းရင်း သားလက်နက်ကိုင် ၇ ဖွဲ့၊ အပစ်ရပ်မထိုးတဲ့ ၃ ဖွဲ့ အပါအဝင် နိုင်ငံရေးပါတီတွေရဲ့ အကြိမ် ကြိမ်တွေ့ဆုံမှုတွေကနေ ရရှိခဲ့တာ ဖြစ်ပါတယ်။
အပစ်ရပ်မဟာမိတ် ၇ ဖွဲ့ထဲမှာ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ၊ မွန်ပြည်သစ်ပါတီ NMSP၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU နဲ့ ဗိုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO- NCA/S တို့ ပါဝင်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

