ဘန်ကောက်၊ ဇန်နဝါရီ ၂၉

ကျင်းပပြီးစီးသွားတဲ့ မြန်မာ ရွေးကောက်ပွဲဟာ ရေရှည် တည်တံ့တဲ့ ငြိမ်းချမ်းရေးဆီသို့ ဦးတည်သွားနိုင်တဲ့ အသွင်ကူးပြောင်းမှု အစ ဖြစ်မယ်လို့ မျှော်လင့်ကြောင်း ထိုင်း နိုင်ငံခြားရေးဝန်ကြီးက ဇန်နဝါရီ ၂၉ ရက်မှာ ပြောလိုက်ပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေက အတုအယောင် ရွေးကောက်ပွဲအဖြစ် ပြစ်တင် ရှုတ်ချထားတဲ့ ရွေးကောက်ပွဲမှာ စစ်တပ် ကိုယ်စားပြု ကြံ့ခိုင်ရေးပါတီက အနိုင်ရကြောင်း ကြေညာထားပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းပြီးနောက် သူတို့ ဖမ်းဆုပ်ထားတဲ့ အာဏာ ဆက်လက် တည်မြဲရေး အခုလို ရွေးကောက်ပွဲ ကျင်းပတာ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ အစည်းအဝေး ပြင်ပမှာ ထိုင်း နိုင်ငံခြားရေးဝန်ကြီးက မြန်မာ ရွေးကောက်ပွဲဟာ ရေရှည် တည်တံ့မယ့် ငြိမ်းချမ်းရေးအတွက် ရှေ့ပြေး အခြေအနေ ဖြစ်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

စစ်ခေါင်းဆောင်တွေ ကျင်းပသွားတာက ပြီးပြည့်စုံတဲ့ ရွေးကောက်ပွဲ မဟုတ်ပေမယ့် အသွင်ကူးပြောင်းမှု ကာလ တစ်ခုရဲ့ အစဖြစ်လာဖို့ မိမိတို့ မျှော်လင့်ကြောင်း ဝန်ကြီး ဆီဟာဆက် ဖူအန်ခက်ကွေးက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းက စေလွှတ်ထားတဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေဟာ ရွေးကောက်ပွဲပြီးနောက် ဆွေးနွေးမှုတွေ၊ ရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်ကြောင်း သူက ဖြည့်စွက် ပြောပါတယ်။

အာဆီယံ အဖွဲ့ဝင် ၁၁ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ စောစောပိုင်း တစ်ရက်က မြန်မာ ပြည်တွင်းစစ်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပြီးနောက် ထိုင်း နိုင်ငံခြားရေးဝန်ကြီးက အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အာဆီယံက မြန်မာ့ပြဿနာကို ဖြေရှင်းရေး ဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ထားပေမယ့် အသီးအပွင့် နည်းနည်းလေးပဲ မြင်တွေ့ရပါတယ်။

အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ ထွက်ပေါ်လာမယ့် အစိုးရအဖွဲ့သစ်ကို အချိန်မတိုင်ခင် တရားဝင် အသိအမှတ်ပြုမှာ မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က ပြောထားပါတယ်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကတော့ လာမယ့် မတ်လမှာ လွှတ်တော် ခေါ်ယူပြီး အစိုးရ အဖွဲ့သစ်ဆီ အာဏာ လွှဲပေးမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.